Wednesday, May 13, 2009

ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေမှန်ကို အတိုက်အခံအဖွဲ့များ သတင်းစာရှင်းလင်းပွဲလုပ်မည်

NEJ / ၁၃ မေ ၂၀၀၉

ဒေါ်အောင်ဆန်း စုကြည်၏ လက်ရှိ အခြေအနေ မှန်ကို ကု လ သမဂ္ဂနှင့် နိုင်ငံတကာ အစိုးရများ သိရှိ နိုင်ရန် မြန်မာ အတိုက်အခံ အဖွဲ့အစည်း (၇) ခုက လာမည့် သောကြာ နေ့၌ ထိုင်းနိုင်ငံ ဘန် ကောက်မြို့တွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပ မည်ဖြစ်သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပါဝင်မည့် ပြည်ထောင် စုမြန်မာ နိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရ၏ နိုင်ငံခြားရေး ဝန်ကြီး ဦးဘို လှတင့် က “ဒီသတင်းစာ ရှင်းလင်းပွဲက ဒေါ်အောင်ဆန်း စုကြည်နေ အိမ်နဲ့ ပတ်သက်တဲ့ကိစ္စ၊ ဒေါက်တာ တင်မျိုးဝင်းကို ဖမ်းဆီး ထိန်း သိမ်းထား တဲ့ကိစ္စ တွေနဲ့ ပတ်သက်ပြီး ကျနော်တို့ရဲ့ စိုးရိမ် ချက်တွေကို မီဒီယာက နေတဆင့် နိုင်ငံတကာ သိအောင် ဖော်ပြချင်တယ်။ အိမ်နီးချင်း နိုင်ငံ အပါအဝင် နိုင်ငံတကာ အစိုးရတွေက လေးလေး နက်နက် စဉ်းစားပြီး တရားမျှတ မှုမရှိတဲ့ အခြေအနေ တွေ ဆိုးမ သွားအောင် ဟန့်တား သွားနိုင်ဖို့ အတွက် ကျနော်တို့ရဲ့ တောင်းဆို ချက်တွေ ကို ပြုလုပ်ဖို့ ဖြစ်တယ်” ဟု ပြောသည်။


ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ထားရှိမှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ နှင့် အိမ်နီးချင်းအစိုးရများက နအဖကို ပွင့်ပွင့်လင်းလင်း မေးမြန်းရန်၊ ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူခြင်း၊ ဒေါက်တာတင်မျိုးဝင်းကို အရေးယူ အပြစ်ပေးခြင်းမျိုး မဖြစ်ပေါ်လာစေရေး ဟန့်တားရန်အတွက် သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုမှုများ ပြုလုပ်မည်ဟုလည်း သိရသည်။

ဦဘိုလှတင့်က “လက်ရှိအနေအထားအရ ဒေါ်စုအိမ်ထဲကို အမေရိကန်နိုင်ငံသားဆိုသူ ခိုးဝင်တဲ့ စွပ်စွဲချက်တွေနဲ့ ဒေါက်တာ တင်မျိုးဝင်းကို ခေါ်သွားတာမျိုး၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ခေါ်သွားသလိုလို ဖြစ်နေတဲ့ သတင်းအပေါ်မှာ ဒါတွေ အားလုံးဟာ မေလ (၂၇) ရက်မှာ ကျရောက်မယ့် ဒေါ်စုလွတ်မြောက်ရမယ့် ရက်မတိုင် ခင်မှာ နအဖက သူ့ကိုဆက်ပြီး ချုပ်နှောင်ထားနိုင်မယ့် အကြောင်းပြချက်ရအောင် ဖန်တီးနေတာဖြစ်တယ်။ ဒေါ်စုကို နေအိမ်အကျယ်ချုပ် ချကတည်းက သူ့ရဲ့လုံခြုံရေးအခြေခံအပေါ်မှာ အစိုးရက ထိန်းသိမ်းထားတဲ့သဘော ဖြစ်တော့ လုံခြုံရေးအာမခံချက်ရှိရမှာဖြစ်တယ်။ အိမ်ထဲကို ခွေးတကောင်ဖြစ်စေ၊ လူတယောက်ဖြစ်စေ ဝင်သွားတဲ့ကိစ္စဟာ ဒေါ်စုမှာသော်လည်းကောင်း၊ ဒေါက်တာတင်မျိုးဝင်းမှာသော်လည်းကောင်း လုံးဝတာဝန်မရှိဘူးလို့ အခိုင်အမာ ယုံကြည်တယ်။ ဒါကြောင့် အခုလိုလုပ်ဆောင်ချက်ဟာ အင်မတန်မှ စိုးရိမ်မကင်းဖြစ်ရတယ်” ဟု ပြောသည်။

နအဖအနေဖြင့် အမျိုးသားသင့်မြတ်ရေးကို အမှန်တကယ်လိုချင်လျှင် ၂၀၁၀ မတိုင်မီ တိုင်းပြည်ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန် ယခုကဲ့သို့ မဟုတ်တန်းတရား စွပ်စွဲလုပ်ကြံမှုများနှင့် နိုင်ငံရေးအရ လုပ်ကြံဖန်တီးမှုများကို ရှောင်ရှားရန်လိုသည်ဟု ၎င်းက ဆက်လက်ပြောသည်။

“ဒေါ်အောင်ဆန်း စုကြည်ကို လာမည့်မေလ (၂၇) ရက်နေ့ မှာ ပြန်လွှတ်ပေး ရမှာဖြစ်တယ်။ လွှတ်ပေး ရုံတင်မကဘူး၊ နေအိမ် အကျယ် ချုပ်က လွတ်မြောက်သွား တယ်ဆိုရင် နိုင်ငံရေး ခေါင်းဆောင်တယောက်မှာ ရှိသင့်ရှိထိုက်တဲ့ နိုင်ငံရေး လွတ်လပ်ခွင့်ပါ တပါတည်း ပါသင့် တယ်လို့ ယုံကြည်တယ်။ ဒါကို နအဖဟာ ပေးအပ်ဖို့ တာဝန်ရှိတယ်။ ပေးရဲတဲ့သတ္တိ လည်း ရှိဖို့လိုအပ်တယ်လို့ ပြောချင်တယ်” ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ အဖွဲ့၏ သဘောထားကို ခေတ်ပြိုင်သို့ ပြောကြားသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ညွန့်ပေါင်းအစိုးရ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ၊ တိုင်းရင်းသားလူငယ်များဆုံရပ်၊ မြန်မာနိုင်ငံကျောင်းသား လူငယ်များကွန်ဂရက်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၊ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုနှင့် တိုင်းရင်းသား လူမျိုးများ ကောင်စီ စသည့်အဖွဲ့များက ရှင်းလင်းကြမည်ဖြစ်သည်။

No comments: