ပါးရယ်/ မေ ၁၃၊ ၂၀၀၉
မြန်မာ နိုင်ငံ အကျဉ်း ထောင်အတွင်းရှိ နိုင်ငံရေး အကျဉ်း သားများသည် စစ်အစိုးရ၏ စနစ်တကျ ပြုမူသော ညှင်းပန်း နှိပ်စက်ခြင်း၊ နှစ် ရှည်လများ ထောင်ဒဏ် ချမှတ်ခြင်း၊ မိသားစုနှင့် ဝေးလံရာ အရပ် ဒေသသို့ ပို့ဆောင်သွားခြင်းနှင့် လုံလောက်သော ကျန်းမာရေး စောက် ရှောက်မှု မရှိကြောင်း ထိုင်း - မြန်မာ နယ်စပ် အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ)က မေလ ၁၀ ရက်နေ့၌ ထုတ်ပြန်သည့် အစီရင် ခံစာက ဆိုသည်။
နာမကျန်းဖြစ်နေသော နိုင်ငံရေး အကျဉ်းသားများသည် တဖြည်းဖြည်း များပြားလာနေသောကြောင့် ၎င်းတို့၏ မိသားစုများ၊ စစ်အစိုးရအာဏာပိုင်များ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းများကို အသိပေးစေခြင်းနှင့် အမှန်တကယ် ဆိုးဝါးနေသော ကျန်းမာရေး အခြေအနေများအတွက် စိုးရိမ်ပူပန်ခြင်းကြောင့် ‘မျက်ကွယ်က လူသတ်ကွင်း’ ဆိုသည့် အစီရင်ခံစာ ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။
၎င်းက “ကျန်းမာရေး မကောင်းတဲ့ နိုင်ငံရေး အကျဉ်းသား အရေအတွက်က တဖြည်းဖြည်းနဲ့ များပြားလာတယ်၊ ၁၂၇ ယောက် အနိမ့်ဆုံး ရှိမယ်၊ အဲဒီထဲမှာ ၁၉ ယောက်က အပူတပြင်း ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေတယ်၊ တကယ်လို့ ဒီဟာကို ဒီလိုမျိုး ကျနော်တို့က မထုတ်ပြန်ဘူးဆိုလို့ရှိရင် နိုင်ငံတကာက သိမှာ မဟုတ်ဘူး၊ နောက် သူတို့ မိသားစုတွေကလည်း တချို့ သိတာတွေလည်း ရှိမယ်၊ မသိတာတွေလည်း ရှိမယ်၊ ဆိုတဲ့အခါကျတော့ မိသားစုတွေလည်း ပိုသိစေချင်တယ်၊ အဲလိုပဲ နအဖကိုလည်း သိစေချင်တယ်၊ နိုင်ငံတကာကိုလည်း သိစေချင်တယ်၊” ဟု ပြောသည်။
အကျဉ်းထောင်အတွင်း၌ သေဆုံးမှု မြင့်တက်နေခြင်း ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားများအပြင် ရာဇ၀တ်မှုများနှင့် ထောင်ဒဏ်ကျခံနေရသူများ၏ အခြေအနေသည်လည်း အလွန် ဆိုးရွားနေပြီး လုံလောက်မှု မရှိသော အစာရေစာနှင့် ကျန်းမာရေး ဆေးကုသမှု စသည့် နှိပ်စက်မှုကြောင့် သေဆုံးသူများ ဖြစ်သည်။
စစ်အစိုးရက နိုင်ငံရေး အကျဉ်းသားများကို ရာဇ၀တ်မှုနှင့် သေဒဏ်ကျခံနေရသော အကျဉ်းသားများနှင့် ရောစပ်ထားခြင်းသည် အချို့သော အကျဉ်းသားများက ၎င်းတို့၏ စိတ်ကယောင်ဂယက် ဖြစ်ပေါ်မှုများကြောင့် နိုင်ငံရေးအကျဉ်းသားများအတွက် အန္တာရာယ်ဖြစ်စေသည်ဟု ကိုဘိုကြည်က ဆက်ပြောသည်။
“နိုင်ငံရေး အကျဉ်းသားတွေကို ရာဇ၀တ်မှု အကျဉ်းသားတွေနဲ့ တွက်ပြီးတော့ထားတာ ရှိတယ်၊ ရာဇ၀တ် အကျဉ်းသားတွေကလည်း ဥပမာ သေဒဏ်ကျထားတဲ့ ရာဇ၀တ်မှု အကျဉ်းသားတွေ ဖြစ်တယ်၊ သေဒဏ်ကျထားတဲ့ ဒီ အကျဉ်းသားတွေက စိတ်ကယောင်ဂယက် ဖြစ်နေတာမျိုးတွေ ရှိတယ်၊ ဆိုတဲ့အခါကျတော့ သူတို့ နိုင်ငံရေး အကျဉ်းသားတွေကို ကိုယ်ထိလက်ရောက် တိုက်ခိုက်တာမျိုးတွေ သတ်ဖို့ ကြိုးစားတာမျိုးတွေ ကြုံတွေ့နေရတယ်၊ ဒီနိုင်ငံရေး အကျဉ်းသားတွေက ရာဇ၀တ်အကျဉ်းသားတွေနဲ့ ရောထားမယ်ဆိုလို့ ရှိရင် အသက်တွေ ဆုံးသွားနိုင်တဲ့ အနေအထားမျိုးတွေ ရှိတယ်၊” ဟုပြောသည်။
ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မြန်မာနိုင်ငံရေး ကူညီစောင့်ရှောက်ရေးအသင်းသည် မြန်မာနိုင်ငံ အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ (၂၀၀၀) ကျော်တို့ လွတ်မြောက်ရေးအတွက် ကမ္ဘာတ၀ှမ်း၌ လက်မှတ်ကောက်ခံသော လှုပ်ရှားမှုများကို ပြီးခဲ့သည့် မတ်လ (၁၃) ရက်နေ့မှ စတင်လုပ်ဆောင်ပြီး လာမည့် (၂၄) ရက် မတိုင်မှီ လက်မှတ်ပေါင်း (၈၈၈၈၈၈) ခု ရရှိရန် ရည်မှန်းထားသည်။
No comments:
Post a Comment