(23-4-09) နေ့က ထုတ်ဝေတဲ့ News Watch Weekly စောင့်ကြည့် ဂျာနယ်မှ ဆောင်းပါးရှင် မောင်မှတ် (ရန်ကုန်) ရေးသားတဲ့ “သမိုင်းထဲမှာ အဖြေရှာ၊ အနာဂတ် အတွက် ဆောင်ရွက်” ဆောင်းပါးကို ဖတ်လိုက်ရ ပါတယ်။န၀တ၊ နအဖ တပ်မတော် အစိုးရရဲ့ တသက်လုံး ဖျက်မရတဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အမဲ စက်ကြီးကို ဖုံးကွယ်ပြီး အဖြူရောင် ဆိုးပေးဖို့၊ သန့်စင် ပေးဖို့ ကြိုးစား ထားတဲ့ အလိမ်အညာ မုသားလွှမ်း ဆောင်းပါး တပုဒ်မှန်း သုံးသပ်မိ ပါတယ်။ အဲဒီတုန်းက ရွေး ကောက် ပွဲကျင်းပ ပေးခဲ့တဲ့ တပ်မတော်အကြီး အကဲကြီးများ ပြည်သူ လူထုကို ပြောခဲ့တဲ့ စကား၊ ပေးခဲ့ တဲ့ကတိ၊ ထုတ်ပြန် ထားတဲ့ အမိန့် ကြေညာချက် (၁/၉၀) တွေကို မိမိကိုယ်တိုင် လိုက်နာခဲ့ရဲ့လား။ မိမိ ထုတ်ပြန်တဲ့ ကြေညာချက်များ၊ ကတိ စကားများ ကို မိမိ ကိုယ်တိုင် ချိုးဖောက် ဆန့်ကျင်ခဲ့ ရုံတင်မက ဥပဒေ ဘောင်တွင်းက ဆောင်ရွက် နေတဲ့ အနိုင်ရပါတီ အန်အယ်လ်ဒီ အဖွဲ့ချုပ်ကို ဥပဒေမဲ့ မတရားဖိနှိပ် အရေးယူ ဖမ်းဆီး ထောင်ချ တာတွေ လုပ်လာခဲ့တယ်။
မောင်မှတ်ဟာ ဒီဆောင်းပါးကို အခုမှ ဘာကြောင့်ရေးရတာလဲ။ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲအချိန်မီ နအဖရဲ့ ဖောက်ဖျက်ကျူး လွန်ခဲ့ တဲ့ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲက အမဲစက်ကြီးကို ဆေးကြောသန့်စင်ချင်လို့ ချိန်ကိုက်ရေး လိုက်တာပဲလို့ သုံးသပ်ရမှာပါ။
မသေချာ မရေရာ ခိုင်မာတိကျမှုမရှိဘဲ ငါ့စကားနွားရ တဖက်သတ်အမြင်မျိုးနဲ့ ဆင်သေကို ဆိတ်ရေနဲ့ ဖုံးအုပ်ဖို့ ကြိုးစားတာဟာ ပြည် သူတွေရဲ့ အသည်းပန်းကို အဆိပ်ရေနဲ့ ဖျန်းပက်တာပဲဖြစ်တယ်။ မောင်မှတ်တို့လို ဆောင်းပါး ကလိန်စေ့ငြမ်းဆင်တွေ အစိုးရသတင်း စာကနေ မရေးတော့ဘဲ ပုဂ္ဂလိကဂျာနယ်တွေမှာ ဖော်ပြနေတာကိုက အစိုးရ အာဘော်မဖြစ်ချင်လို့ လှည့်လိမ်လိုက်တာပဲဆိုတာ စာဖတ် ပရိသတ်က သိတယ်။ ပုဂ္ဂလိကဂျာနယ်တွေကလည်း သူတို့ဂျာနယ်တွေကို ခုတုံးလုပ်ပြီး နအဖ မီဒီယာက အမြတ်ထုတ် အသုံးချ တယ်ဆို တာ သိသိရင်းနဲ့ မတတ်သာလို့ အောင့်အည်းထည့်ပေးနေရတာပါ။
ကဲ…ထားပါတော့။ မောင်မှတ်ရဲ့ ငါးစကားနွားရ ဆောင်းပါး ထဲက စာတပိုဒ်ကို လေ့လာကြရအောင်။ “၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ လုပ်တော့ လမ်းစဉ်ပါတီအပေါ် အချဉ်ပေါက်နေတဲ့ လူထုကြီးရဲ့ မဲအများစုကို အန်အယ်လ်ဒီ နိုင်သွား ခဲ့ပါတယ်။ အဲဒီတုန်းက တပ်မတော် ခေါင်းဆောင်ပိုင်း အနေနဲ့ ရွေးကောက်ပွဲရလဒ် အတိုင်း ပုံဖော် ပေးဖို့နဲ့ အနိုင်ရပါတီနဲ့ ဒို့တာဝန်အရေး သုံးပါးကို အာမခံနိုင်ရေး၊ ပြည်ပအားကိုးရေး… စတဲ့ကိစ္စများကို အပေးအယူ ညှိနှိုင်းမှု တွေလုပ်ပြီး စနစ်တကျ အာဏာလွှဲ ပြောင်းပေးပြီးရင် တပ်မတော်က မူလ တာဝန်ကို ပြန်ပြီး ထမ်းဆောင်ဖို့ သဘောထား ရှိခဲ့တယ်လို့ ကြားခဲ့ဖူး တယ်” ရေးထားတော့ အန်အယ်လ်ဒီကပဲ ဒီအချက်နှစ်ချက်ကို အာမမခံ နိုင်သလိုလို၊ မလိုက်နာ နိုင်သလိုလို ဖြစ်မနေဘူး လားဗျာ။ဘယ်တုန်း ကများ တပ်မတော်က အဲဒီ အချက်နှစ်ချက်ကို အန်အယ်လ်ဒီနဲ့ တွေ့ဆုံညှိနှိုင်းခဲ့ပါသလဲ။ ကြားတောင်မကြားဖူးပါလား မောင် မှတ်ရေ…။ ပြည်သူလူထုနဲ့ အန်အယ်လ်ဒီကြား အထင်မှားအောင် မုသားစကားတွေနဲ့ မှိုင်းမတိုက်ချင်ပါနဲ့။ ဒို့တာဝန်အရေး သုံးပါး ဆိုတာ တိုင်းပြည်နှင့် လူမျိုးအတွက် ဘယ်အစိုးရ ပဲတက်တက် ထားရှိရမယ့် အချက်တွေပါ။ အန်အယ်လ်ဒီ ရွေးကောက်ပွဲ နိုင်တော့ အန်အယ် လ်ဒီ အဖွဲ့ချုပ် ကို တရုတ် သံအမတ်ကြီးကိုယ်တိုင် ပထမဆုံး လာတွေ့တာပါ။ ဒါပေမယ့် အန်အယ်လ်ဒီက ဘယ်ပြည်ပ နိုင်ငံတွေကိုမှ အားမကိုးဘဲ တရုတ် သံအမတ်ကို ရိုးရိုးရှင်းရှင်းပဲ တုံ့ပြန် ဆက်ဆံခဲ့ ပါတယ်။
အဲဒီတုန်းကရော၊ ခုရော ပြည်ပအားကိုးနေတယ်ဆိုတာ ဘယ်သူတွေလဲ။ မောင်မှတ်ကော၊ တတိုင်းပြည်လုံးကကော၊ တကမ္ဘာလုံးကပါ သိနေကြပါတယ်။ မောင်မှတ်တို့ကအစ မောင်မှတ်တို့ အရှင်သခင်တွေအားလုံး မသိကျိုးကျွန်နဲ့ တရားအားထုတ်နေကြတာပါ။
အန်အယ်လ်ဒီကို စနစ်တကျ အာဏာလွှဲပြောင်းပေးပြီးရင် တပ်မတော်က မူလတာဝန်ကို ပြန်ပြီးထမ်းဆောင်ဖို့ သဘောထားရှိပါတယ်လို့ ပြောခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင် ဘာဖြစ်သွားခဲ့သလဲ။ ကျန်းမာရေး မကောင်းဘူး ဆိုတဲ့ အကြောင်း ပြချက်နဲ့ အရှင်လတ်လတ် ထွက် ရပ် ပေါက်သွားပြီး အာဏာ အသိမ်းခံရလို့ အိမ်နိမ့်စံ ဘ၀ရောက်ခဲ့တယ်။ နောက် မကြာမီဘဲ ကွယ်လွန်သွားခဲ့ရတယ်။
အဲဒီတော့ မောင်မှတ် တင်ပြတဲ့ အချက်နှစ်ချက်ကို အန်အယ်လ်ဒီက တာဝန်မခံနိုင်လို့၊ မလိုက်နာနိုင်လို့ တပ်မတော်က အာဏာလွှဲပြောင်း မပေးတာ ဆိုတဲ့ သဘော သက်ရောက်နေတယ်။
“တပ်မတော်အစိုးရအနေနဲ့ နိုင်ငံနဲ့ လူမျိုး အကျိုးစီးပွားလည်း မပျက်ယွင်းရအောင်၊ ဒို့တာဝန်အရေးသုံးပါးကိုလည်း မထိခိုက်ရအောင် (၉၀) ပြည့်နှစ်မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေအရပ်ရပ်နဲ့လည်း လိုက်လျောညီထွေဖြစ်အောင် ညှိနှိုင်းပေါင်းစပ်ပြီး အာဏာလွှဲပေးဖို့ အကောင်းဆုံးစဉ်းစားသုံးသပ် လျာထားခဲ့တယ်လို့ ယုံကြည်မိပါတယ်” ဆိုတဲ့ မောင်မှတ်ရဲ့ စကားအတိုင်းသာရှိခဲ့မယ်၊ မှန်ခဲ့မယ်ဆိုရင်…
မဲဇလီပင်ပျိုအောက်
ပေါက်လာတဲ့ ရွှေတမာ
ခါးချက်ကနာ။
ရေစီးရယ်တခါ
ရေသာရယ်တလှည့်။
သူများလို တို့မရိုင်းတယ်
တိုင်းသိပါရဲ့။
ဆိုတဲ့ကဗျာအတိုင်း အန်အယ်လ်ဒီက မရိုင်းပါဘူး။
မောင်မှတ်လည်း မစား ရ၀ခမန်း ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြော။ ကြွက်သေကို ရေဆင်ဖြစ်အောင် ပြော။ ယုတ္တိဗေဒ ကြောင်းကျိုး ညီညွတ်မှုမရှိတဲ့ မုသားစကားတွေ သုံးပြီး နအဖတပ်မတော်ရဲ့ (၉၀) ပြည့်နှစ် ရွေးကောက်ပွဲက ကတိ မတည်ခဲ့တဲ့ အမဲ စက်ကြီးကို အဖြူရောင် ဆိုးဖို့၊ သန့်စင် ဆေးကြောဖို့ ကြိုးစား နေမယ်ဆိုရင် သမိုင်းရဲ့ အနာဂတ် ဟာ အရုပ်ဆိုး အကျည်းတန် နေမှာ သေချာပါတယ်။
အနာဂတ် မြန်မာနိုင်ငံကို သာယာငြိမ်းချမ်းလှပေစေချင်တယ်ဆိုရင် သမိုင်းကို မလိမ်ပါနှင့် မညာပါနှင့်။ သမိုင်းမှန်အောင် ရေးပါ။ ဒါမှမဟုတ်ဘဲ ရှေ့ဆက်သမိုင်းကို လိမ်နေဦးမယ်ဆိုရင်…
တနေ့နေ့ တချိန်ချိန်မှာ အရှင်လတ်လတ် ထွက်ရပ် ပေါက်လမ်းကို လိုက်သွား ရဦးမယ်ဆိုတာ သနားမိ ပါတယ်ခင်ဗျား။
No comments:
Post a Comment