Tuesday, May 12, 2009

နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးဆိုးဝါး ဆေးမကုသပါက အသက်အန္တရာယ်စိုးရိမ်ရ


NEJ / ၁၂ မေ ၂၀၀၉

မြန်မာ နိုင်ငံ အကျဉ်းထောင် များတွင် အာဏာ ပိုင်များက နိုင်ငံရေး အကျဉ်းသား များကို စနစ်တကျ ညှဉ်းပန်း နှိပ်စက် နေခြင်းသည် ရက်စက်သော လူသတ်နည်း တမျိုး ဖြစ်သည့် အတွက် ယင်းလုပ်ရပ် များအား ချက်ချင်း ရပ်တန့်ရန် အေအေပီပီ - ဘီက ပြောသည်။


မြန်မာနိုင်ငံရေးအကျဉ်းသားများကို အကျဉ်းထောင်များတွင် စနစ်တကျညှဉ်းပန်းနှိပ်စက်မှု၊ ဝေးလံသည့် အရပ်ဒေသများသို့ ပို့ဆောင်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု မရှိသည့်ကိစ္စများနှင့် ပတ်သက်၍ နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီ-ဘီ အဖွဲ့က ယမန်နေ့တွင် ဆိတ်ကွယ်ရာမှ လူသတ်မှုများ (Silence Killing Field) အမည်ရှိ အစီရင်ခံစာတစောင်ကို ထုတ်ပြန်ခဲ့သည်။

ယင်းအစီရင်ခံစာ ထုတ်ပြန်ရသည့် အဓိကအကြောင်းမှာ မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနောက်ပိုင်း နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူ ထောင်ပေါင်းများစွာ အဖမ်းခံရပြီး မတရားသဖြင့် ပြစ်ဒဏ်ပေးခံနေရသောကြောင့်ဖြစ်သည်ဟု အေအေပီပီ-ဘီ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။

၎င်းက “သူတို့ကို မိသားစုနဲ့ဝေးတဲ့ အကျဉ်းထောင်တွေဆီ ရွှေ့ပြောင်းတယ်။ အချို့အကျဉ်းထောင်တွေက ထောင်ဆေးရုံနဲ့ ဆရာဝန်တွေမရှိဘူး။ နိုင်ငံရေးအကျဉ်းသားတွေကလည်း အရင်ကတည်းက နှစ်ရှည်လများ ထောင်ထဲနေလာခဲ့တဲ့အခါကျတော့ နှလုံး၊ ငှက်ဖျား၊ သွေးတိုး စတဲ့ ရောဂါကြီးတွေလည်း ခံစားနေရတာ ရှိတယ်။ တိုင်းပြည်ကို မတရားအုပ်ချူပ်တဲ့လူတွေက သူတို့ကို လုံလောက်တဲ့ ကျန်းမာရေးကုသပေးတာ မတွေ့ရတဲ့အတွက်၊ သူတို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့အတွက် နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပကလူတွေ သိအောင် ထုတ်ပြန်ရ တာဖြစ်တယ်” ဟု ဆက်လက်ရှင်းပြသည်။

မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားပေါင်း (၂,၁၀၀) ကျော်အနက် (၁၂၇) ဦးမှာ နာမကျန်းဖြစ်နေပြီး ကိုဇာဂနာနှင့် ကိုကိုကြီးအပါအ၀င် (၁၉) ဦးမှာ အပူတပြင်း ဆေးဝါးကုသမှုများ မလုပ်ပေးနိုင်ပါက အသက်အန္တရာယ် စိုးရိမ်စရာ ရှိသည်ဟု (၂၂) မျက်နှာပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နှလုံးရောဂါဝေဒနာ ခံစားနေရသည့် မစုစုနွေးကို မိသားစုနှင့် ဝေးလံသည့်ဒေသသို့ ပို့ထားပြီး အချို့အကျဉ်းထောင် များတွင် နိုင်ငံရေးအကျဉ်းသားများကို ရာဇ၀တ်အကျဉ်းသားများနှင့် ရောထားသောကြောင့် အသက်ဆုံးရှုံးစေသည့် အခြေအနေမျိုးကို ဖြစ်စေသည်ဟုလည်း အစီရင်ခံစာတွင် ပါရှိသည်။

မော်လမြိုင်ထောင်မှ ၈၈ မျိုးဆက်ကျောင်းသား ကိုသက်ဇော်သည် ၎င်းနှင့်အတူနေအကျဉ်းသားတဦးက ဘောပင်ဖြင့်လည်ပင်းကို အထိုးခံရကြောင်း၊ ကိုယ့်ကိုယ်ကို ကာကွယ်လိုက်နိုင်သဖြင့် အသက်မသေဆုံးခဲ့ သော်လည်း လက်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဘောပင်ဖြစ်ထိုးသူမှာ ရာဇ၀တ်မှုဖြင့် သေဒဏ်ပေးခံရသူ ဖြစ်ပြီး စိတ်ကရောင်ချောက်ချားဖြစ်နေသူ အကျဉ်းသားတဦးဖြစ်ကြောင်း ဆက်လက် ဖော်ပြထားသည်။

အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်၍ “နအဖအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မသေမချင်း ညှဉ်းသတ်သလို ဖြစ်နေတယ်။ ဒီလိုကိစ္စမျိုးဟာ ဗုဒ္ဓဘာသာရဲ့ တရားတော်နဲ့လည်း မညီပါဘူး။ ဒါတွေ ရပ်တန်းက ရပ်သင့်ပါတယ်” ဟု ကိုဘိုကြည်က ပြောသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင် (၄၄) ခုနှင့် ရဲဘက်စခန်း (၅၀) ကျော်တွင် နိုင်ငံရေးအကျဉ်းသား(၂,၁၀၀) ကျော်နှင့် အတူ အခြားအကျဉ်းသားပေါင်း (၈) သောင်းမှ (၁) သိန်းကြားရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ အလွန်စိုးရိမ်ရသည်ဟုလည်း ၎င်းကပြောသည်။

“အဓိက အကျဉ်းထောင်တွေနဲ့ ရဲဘက်စခန်းတွေမှာ ကြောက်စရာကောင်းတဲ့ ရောဂါ (၃) မျိုးက အိပ်ခ်ျအိုင်ဗွီ၊ အဆုတ်ရောဂါနှင့် ငှက်ဖျားရောဂါတွေဖြစ်တယ်။ ဒီ (၃) မျိုးက လူအတော်များများကို သတ်ဖြတ်နေတဲ့ ရောဂါဖြစ် တယ်။ မြန်မာနိုင်ငံမှာ ဒီရောဂါ (၃) မျိုးကို တိုက်ဖျက်မယ်လို့ ကြိုးစားနေတဲ့ 3-D-Fund လို အဖွဲ့မျိုးတွေရှိတယ်။ အဲဒီအဖွဲ့တွေက အကျဉ်းထောင်တွေနဲ့ ရဲဘက်စခန်းတွေကို မကူညီဘူးဆိုရင် မြန်မာနိုင်ငံမှာ ဒီရောဂါ (၃) မျိုးကို ဘယ်လိုမှ တိုက်ဖျက်လို့ရမှာ မဟုတ်ဘူးဆိုတာလည်း အသိပေးချင်တယ်” ဟု ကိုဘိုကြည်က ဆက်လက် ပြောသည်။

အေအေပီပီ-ဘီသည် ယခုနှစ် မတ် (၁၃) မှ မေ (၂၄) အထိ မြန်မာနိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက် မရှိ အမြန်ဆုံးလွှတ်ပေးရေးအတွက် လက်မှတ်ထိုးလှုပ်ရှားမှုများပြုလုပ်ခဲ့ရာ ယခုအခါ လက်မှတ်ပေါင်း (၃) သိန်း
(၂) သောင်းခန့်ု ရရှိထားပြီး ဖြစ်သည်။

အေအေပီပီ-ဘီကို ပြန်လည်လွတ်မြောက်လာကြသော နိုင်ငံရေးအကျဉ်းသားဟောင်းများဖြင့် ၂၀၀၀ ပြည့်နှစ် မတ်လတွင် စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများအား ကူညီစောင့်ရှောက်ရေးနှင့် ပြန်လည်လွတ်မြောက် လာရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

No comments: