မင်းချမ်း
မကြာသေး မီက မြဝတီ နယ်စပ် ကတဆင့် မဲဆောက်မြို့ကို အလွန် ရင်းနှီး ကြတဲ့ မွန်ပြည်သစ် ပါတီ အလယ် အလတ် ခေါင်းဆောင် အဆင့် ရှိကြတဲ့ မိတ်ဆွေတွေ ရောက်လာလို့ စကား ဝိုင်းဖွဲ့ ပြောဆိုဖြစ် ခဲ့ပါတယ်။
အဓိကပြောဖြစ်ခဲ့တာတွေကတော့ ပြီးခဲ့တဲ့လက မော်လမြိုင်မြို့ဝင် ဂိတ်အနီး နေ့ခင်းကြောင်တောင်ကြီး မော်တော်ကား၊ ဆိုင်ကယ်မပြတ် သွားလာနေကြတဲ့ အဝေးပြေးကားလမ်းမကြီးပေါ်မှာ သေနတ်နဲ့လုပ်ကြံခံလိုက်ရတဲ့ မွန်ပြည်သစ်ပါတီ အဖွဲ့ အလတ်ပိုင်း လူငယ်ခေါင်းဆောင် Dr-မင်းနောင် (ခေါ်) ကိုအိုင်းရွတ်ရဲ့ ဝမ်းနည်းစရာဖြစ်ရပ်နဲ့ မြို့နယ်ကော်မတီဝင် နိုင်ရာဇာ ကိုလည်း ထပ်မံလုပ်ကြံရာမှာ မအောင်မြင်ခဲ့တဲ့ ဖြစ်ရပ်များ နဲ့အတူ အင်မတန် ကျောချမ်းစရာကောင်းတဲ့ ရှေ့အလားအလာများ မတွေးဝန့်စရာတွေ အများကြီး ဖြစ်လာပါတော့တယ်။
အုပ်စုတစ်စုက မွန်ခွဲထွက်အမည်ခံကာ နအဖစစ်အုပ်စုရဲ့ ထောက်ခံအားပေးမှုကို ရရှိထားကြပြီး မြို့တွေ၊ ရွာတွေမှာ သေနတ်ကိုင်ခွင့် တရားဝင်လိုင်စင် ရရှိထားသလို ဖြစ်နေတဲ့လူတစ်စုက လုပ်ကြံခဲ့ကြတာပါ။ မော်လမြိုင်မြို့ပေါ်မှာ ရုံးတစ်ရုံးလို ဖွင့်လှစ်ထားပါသတဲ့။ ဘယ်သူဘယ်ဝါ၊ အမူအကျင့် ဘယ်လိုပုံစံရှိတယ်ဆိုတာကိုလည်း ယခုရှင်းရှင်း လင်းလင်း သိရပါတယ်။ မူလဇာတိ ကျေးရွာက မိမိရွာနဲ့ နီးစပ်နေကြလို့ သိပ်မစိမ်းကြပါဘူး၊ အကြောင်းသိတွေပါပဲ။
Dr-မင်းနောင်ကို လုပ်ကြံခဲ့သူအချို့ကိုလည်း နောက်ရက်ပိုင်းအတွင်းမှာပဲ စားသောက်ဆိုင် တစ်ဆိုင်မှာ မူးယစ်သောက် စားနေကြတုံး မော်လမြိုင်ခရိုင်ရဲ (၈၀) ကျော်ခန့်နဲ့ ဝိုင်းရံပြီး ဖမ်းဆီးလိုက်ပါတယ်။ စစ်တပ်တို့၊ စရဖတို့ တစ်ယောက်မှ မပါပါဘူးလို့ ဆိုပါတယ်။ အဲဒီအုပ်စုဟာ ကားတစ်စီးနဲ့ မြို့ပေါ်တစ်နေရာမှာ သေနတ်ဖေါက်ခဲ့လို့ ကျန်ရှိကျည်ခွံကို ရဲတို့ သိမ်းဆီးရမိပြီး Dr-မင်းနောင် သေဆုံးနေတဲ့ အလောင်းအနီးက ကျန်ရှိနေတဲ့ ကျည်ခွံတို့နဲ့ အသေအချာ တိုက်ဆိုင် စစ်ဆေးလိုက်တော့ ကျည်ရိုက်တံ ရိုက်ချက်တွေပါ တစ်ထပ်တည်းဖြစ်နေပြီး အဲဒီလူတွေကို ဖမ်းဆီး စစ်ဆေးရာမှာ လည်း ဟုတ်မှန်ကြောင်း ဖြောက်ချက်ပေးခဲ့တယ်လို့ ရဲအရာရှိတစ်ယောက်က မွန်ပြည်သစ် အရာရှိတွေကို ရှင်းပြခဲ့ ပါတယ်လို့ ဆိုပါတယ်။
Dr-မင်းနောင်ကို လုပ်ကြံခဲ့ပုံက ဒီလိုပါ၊ အဲဒီနေ့မှာ မိုးရာသီအတွက် ဆန်ရိက္ခာတွေ ဝယ်ယူဖို့ မော်လမြိုင်မှာ ငွေ (၁၈၀) သိန်းထုတ်လာခဲ့ပါတယ်။ သာမန်သွားလာနေကြ လမ်းကြောင်းအတိုင်း ပြန်လာစဉ် မော်လမြိုင်ဈေးကြို ကားဝင်းရှေ့ Dr-မင်းနောင် ဆိုင်ကယ်နဲ့ဖြတ်သွားတာကို ဘီယာဆိုင်တစ်ဆိုင်ကနေ ဒီလူသတ်သမားတွေ လှမ်းမြင်လိုက်ပါတယ်။ တစ်ခါတည်း သူတို့ရဲ့ လိုင်စင်မဲ့ ဆာပ်(SURF)ကားတစ်စီးနဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှေ့က ရခိုင်ကုန်းဈေးမှာ လက်ထိပ်တစ်စုံ ဝယ်လိုက်ပါတယ်။ သဘောက နိုင်မင်းနောင်ကို တစ်နေရာကို ဖမ်းဆီးချုပ်နှောင်သွားဖို့ပါ။ အဲဒီ ရခိုင် ကုန်းဈေးဆိုတာကလည်း သေနတ်၊ ကျည်ဆံ၊ လက်ပစ်ဗုံးတွေကလွဲယင် စစ်ပစ္စည်း အမျိုးမျိုး ရနိုင်ပါတယ်။ အဲဒီကနေ တစ်ဆင့် ဆက်လက်နောက်ယောင်ခံ လိုက်လာပြီး စစ်ဆေးရေးဂိတ်ကိုဖြတ်(သူတို့ အစစ်အဆေးခံစရာ မလိုတဲ့အဖွဲ့)ပြီး (၃) မိနစ်ခန့် အကြာမှာ မော်လမြိုင်မြို့နယ်- မုဒုံမြို့နယ် ဆိုင်းဘုတ်ကျော်တာနဲ့ သာယာကုန်းရွာအစပ်မှာ လုပ်ကြံလိုက် တာပါ။ နိုင်မင်းနောင်တို့ ကမာဝက်ရွာ ကားတစ်စီးကလည်း ဒီအဖြစ်အပျက်ကို လှမ်းမြင်လိုက်တယ်လို့ ဆိုပါတယ်။ တယ်လဲ လက်ရဲဇက်ရဲပါပေ့ဗျာ။ ဟောင်ကောင်အက်ရှင်ကားတွေလိုပါပဲ။
ဒီလိုလုပ်ကြံဖို့ သူတို့သတ်မှတ်ထားတဲ့ မွန်ပြည်သစ်ပါတီဝင် (၇) ဦးရှိတယ်လို့ သင်္ကြန်မတိုင်မီကတည်းက သတင်းအနံ့ ထွက်နေတာပါ။ မွန်ပြည်သစ်က ထိပ်တန်းဗဟိုအလုပ်အမှုဆောင် CEC (၉) ဦးမှာ (၁) ဦး သတ်မှတ်ခံထားရတယ်လို့ ကျနော့မိတ်ဆွေတွေက ပြောပြပါတယ်။ ဘယ်သူ့တွေကို လုပ်ကြံရမှာ အမည်နဲ့တကွ သတ်မှတ်ရွေးချယ် ပေးထား တာကိုတော့ မပြောချင်တော့ပါ။ ဘယ်သူတွေက ခိုင်းထားတယ်ဆိုတာကိုတော့ မသိရပါ။ ဒါပေမဲ့ စစ်အာဏာပိုင်တွေက သိထားပြီးသားပါလို့ ဆိုပါတယ်။
မွန်ပြည်သစ်ပါတီဟာ နိုင်ငံတော်အစိုးရရဲ့ မွန်မြတ်တဲ့ သဘောထားကို သိမြင်ခဲ့ကြပြီး ဥပဒေဘောင်အတွင်း ဝင်ရောက် ခဲ့တော့ မွန်ပြည်နယ်ကြီးဟာလည်း လုံးဝငြိမ်းချမ်းသွားပြီလို့ စစ်အစိုးရရဲ့ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတွေမှာ အလီလီဖေါ်ပြခဲ့တာ မှတ်မိပါသေးတယ်။
ဆိုတော့ လက်နက်ချအဖွဲ့ မဟုတ်တဲ့ မွန်ပြည်သစ်ပါတီ အပစ်အခတ် ရပ်စဲလိုက်လို့ မွန်ပြည်နယ်ဒေသ အတော်များ များမှာ ပေါ်တာပြေးနေကြရတဲ့ ဘဝကလွတ်မြောက်ခဲ့ရပါတယ်။ ဒါပေမဲ့ ဒေသတစ်ခုလုံးတော့ ငြိမ်းချမ်းခဲ့တာ မဟုတ် သေးပါဘူး။ ရေးတောင်ပိုင်းမှာ ဒေသကို မွန်ပြည်သစ်တပ်တွေ ဝင်ရောက်ခွင့်မရှိတော့ စစ်အစိုးရတပ်ဖွဲ့တွေ စိတ်ထင် တိုင်းလုပ်ခွင့်ရထားတဲ့ အနက်ရောင်နယ်မြေ ဖြစ်နေဆဲပါ။ မယုံယင် ရေးမြို့နယ် တောင်ဘက်အခြမ်းကို လာကြည့်စေ ချင်တယ်။
အတိုင်းအတာတစ်ခုအထိ တည်ဆောက်ရရှိထားတဲ့ ဒီအပစ်ရပ်ငြိမ်းချမ်းရေး ကိစ္စကို မည်သည့်ဘက်ကလည်း အလွယ် တကူ အဖျက်ဆီးမခံလိုကြပါ။ ဒါပေမဲ့ နအဖ၊ စရဖတို့ ခါးပိုက်ဆောင် လူမိုက်မွေးထားတဲ့ မွန်လူမျိုးအမည်ခံတွေရဲ့ လက်ချက်နဲ့တော့ ဘယ်သူကလည်း ဘုမသိဘမသိ အသားလွတ် အသေမခံနိုင်ဘူးဆိုတာကို ကိုယ်ချင်းစာကြည့် စေချင်တယ်။
ဒါကြောင့်မို့ မွန်ပြည်သစ်ပါတီက မိတ်ဆွေ၊ သူငယ်ချင်းတွေ ဆက်ပြီးပြောလိုက်တာကတော့ “သေနတ်ကိုင်ခွင့်မပြု လည်း ငါတို့ကိုင်မှာပဲ၊ သူတို့(နအဖ) မွေးထားတဲ့ ဘာမဟုတ်တဲ့ ဟာတွေလက်ချက်နဲ့တော့ အသေ မခံနိုင်ပါဘူး၊ အခြေအနေအရပဲ၊ မတတ်နိုင်ဘူး၊ နောက်ပြဿနာ နောက်ရှင်းပဲ” ဆိုတော့ မွန်ပြည်နယ်မှာ မာဖီယားဂိုဏ်တွေလိုမျိုးကို လက်ရှိစစ်အစိုးရက အစီအစဉ်တကျ မွေးထုတ်နေပြီး ၂၀၀၈ နာဂစ်အခြေခံဥပဒေနဲ့ အကျိုးဆက်တွေဖြစ်လာမဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာတွေကို လက်မခံတဲ့ မွန်ပြည်သစ်ပါတီဝင်တွေ စိတ်လက်ချောက်ချားအောင် စတင် ကြံဆောင် အကောင်အထည် ဖေါ်နေပါပြီ။ ကြောင်သည် ကြာကြာရေမငုတ်နိုင်သလို နအဖ၏ စစ်ဘီလူးရုပ်သည်လည်း တစတစ ယခုထက်ပိုမို ပီပြင်လာမည်ကို မွန်ပြည်သားများ သတိချပ်စေလိုသည်။
အင်မတန် ကျောချမ်းစရာ ကောင်းလှပေစွတကား။
No comments:
Post a Comment