Narinjara News
မင်းဆက်ခိုင်(နိရဉ္စရာ) မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ် တောင်ပြို မြိ့နယ်(ခွဲ)တွင် တာဝန်ကျသော စစ်တပ် စစ်ကြောင်း အရာရှိများနှင့် နစက တပ်ဖွဲ့ အရာရှိများမှ ပူးပေါင်းပြီး ဘင်္ဂလာဒေ့ခ်ျ နိုင်ငံသား သစ်ခုတ် သမားများကို ငွေယူကာ မြန်မာနိုင်ငံ အတွင်းမှ သစ်နှင့် ဝါးများကို ခုတ်ယူခွင့် ပြုနေသည်ဟု သတင်း ရရှိသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နိရဉ္စရာမှ တောင်ပြိုမြို့နယ်မှ ဒေသခံတဦးကို ဆက်သွယ် မေးမြန်းရာ သူက ယခုကဲ့သို့ ပြောသည်။
“ ဒီအလုပ်ကို လုပ်နေတာက စစ်ကြောင်းမှာ တာဝန်ကျ လာတဲ့ စစ်တပ်က အရာရှိတွေနဲ့ နစက တာဝန်ရှိသူတွေက ပူပေါင်း လုပ်နေတာ ဖြစ်ပါတယ်။ ခန့်မှန်းခြေ အားဖြင့် ဆိုရင် ဒီလို ငွေယူပြီး သစ်ဝါး ခုတ်ခွင့် ပြုနေတာဟာ ၄ - ၅ လ ခန့်ရှိနေပြီ ဖြစ်ပါတယ်။”
သစ်ခုတ်သမားများကို တနေ့တာ သစ်ဝါးများကို ခုတ်ယူခွင့် ပြုပြီး နေ့တွက်အလိုက် ငွေကောက်ခံနေသည်ဟု သူက ပြောသည်။
“ မြန်မာနိုင်ငံထဲကို ၀င်ရောက်ပီး ဘယ်သူ မဆို တနေ့တာ ၀ါးသစ်တွေကို ခုတ်ယူနိုင်ပါတယ်။ တနေ့ကို လူတဦးစီဆီက တာကာငွေ ၃၀၀ စီယူပါတယ်။ ဗမာငွေနဲ့ ဆိုရင် ကျပ် ၅၀၀၀ နီးပါး ဖြစ်ပါတယ်။”
သို့သော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက မည်သူကိုမျှ မြန်မာနိုင်ငံထဲတွင် ညအိပ်ခွင့် မပြုကြောင်း သူက ပြောသည်။
“ ဘင်္ဂလီ သစ်ခုတ်သမားတွေက အဖွဲ့လိုက် အဖွဲ့လိုက် ၀င်ရောက်ပြီး မြန်မာဘက်က သစ်တွေ ၀ါးတွေကို ခုတ်ပါတယ်။ တာဝန်ကျတဲ့ လုံခြုံရေး အရာရှိက အဖွဲ့ တဖွဲ့မှာ ဘယ်နှစ်ဦး ပါဝင်သလဲဆိုတာကို ရေးမှတ်ပြီး ပိုက်ဆံယူပါတယ်။ ပိုက်ဆံရရင် အဖွဲ့ တဖွဲ့ကို စာရွက် တရွက်စီ ပေးပါတယ်” ဟု သူက ပြောသည်။
တောင်ပြိုမြို့နယ် နယ်စပ် တလျောက်တွင် ရိုးရိုး သစ်ဖြူ၊ သစ်နီ၊ သစ်မာပင်များနှင့် ၀ါးများ ပေါက်ရောက်ကြသည်။ ဘင်္ဂလီ သစ်ခုတ်သမားများ အနေဖြင့် ခုတ်၍ ရရှိသော သစ်နှင့် ၀ါးများကို နယ်စပ် ဘင်္ဂလာဘက်ခြမ်းတွင် စုပုံထားပြီး သတ်မှတ်ချိန် မကုန်မှီထိ မြန်မာ ဘက်ခြမ်းသို့ ၀င်ရောက် ခုတ်ယူကြသည်။
ဘင်္ဂလီ သစ်ခုတ်သမားများ ၀င်ရောက် သစ်ခုတ်နေသော နေရာမှာ နယ်စပ် မှတ်တိုင် ၃၇ နှင့် ၃၈ အနီး တဝိုက်တွင် ဖြစ်ပြီး ကိုက် ၅၀ ခန့်ရှိသော ချောင်းငယ် တချောင်းကို ကျော်ဖြတ်ပြီး မြန်မာဘက်သို့ ၀င်ရောက်ရသည်ဟု သိရသည်။
ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်းတွင် သစ်ဝါးများ မရှိသလောက်ရှားပါးကုန်ပြီ ဖြစ်သဖြင့် နယ်စပ်တလျှောက်တွင်နေထိုင်သော ဘင်္ဂလီ သစ်ခုတ်သမားများက မြန်မာဘက်က သစ်ဝါးများကို မှီခို အားထားနေကြရသည်။
သစ်ခုတ်သမားများမှာ ခန့်မှန်းခြေအားဖြင့် ၅၀ မှ ၁၀၀ အကြားရှိပြီး နေ့စဉ် မြန်မာနိုင်ငံအ တွင်းသို့ ရောက်ပြီး တရားမ၀င် သစ်နှင့်ဝါးများကို ခုတ်ယူနေကြသည်။
No comments:
Post a Comment