ခိုင်လင်း / ၁၁ ဒီဇင်ဘာ ၂၀၀၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်ယားဆိပ် ကချင် နှစ်ချင်း အသင်းတော်ပိုင် မြေကွက်အား ဒေသခံ လုပ်ငန်းရှင် တဦးက ပတ္တမြား ကျောက် တူးရန် ဖားကန့် စစ်ဗျူဟာ ရုံးကို လာဘ်ငွေ ပေးပြီး အစိုးရက လုပ်ကွက်ချ ပေးသယောင် သိမ်းယူ ခဲ့ရာ ယခုအခါ ဖြစ်ရပ်မှန် ပေါ်လာခဲ့သည်။
ယခုနှစ်လယ်ပိုင်းက ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာနေ ဦးအားလုံဆိုသူက ဖားကန့်စစ်ဗျူဟာရုံး၏ အကူအညီဖြင့် နန့်ယားဆိပ် ကချင်နှစ်ချင်းအသင်းတော်ပိုင် မြေကွက်အား နိုင်ငံတော်အစိုးရမှ လုပ်ကွက်ချပေးသယောင် သိမ်းယူကာ ပတ္တမြားကျောက် ရှာဖွေခဲ့ရာ အသင်းတော်က လိုက်လံစုံစမ်းရာမှတဆင့် သိရှိခဲ့ရသည်ဟု ဖားကန့်ဒေသခံတဦးက ပြောသည်။
၎င်းက “နိုင်ငံတော်ကပဲ လုပ်ကွက်ချထားပေးတာဆိုပြီး အဲဒီမြေကွက်ပေါ်မှာ ဦးအားလုံက စက်တွေဘာတွေနဲ့ ပတ္တမြား ရှာနေတာ။ အသင်းတော် သင်းအုပ်ဆရာကြီး ဦးနော်လီကလည်း သာသနာပိုင်မြေဖြစ်တယ်ဆိုပြီး ဖားကန့်ဗျူဟာမှူးကို သွားပြောတော့ ဒါ နိုင်ငံတော်က လုပ်ကွက်ချထားပေးတာပေါ့။ အသင်းတော်ကလည်း စိတ်မချမ်းသာတော့ အဲဒါတွေ လိုက်စုံစမ်းတော့ ဘာလုပ်ကွက်မှ ချမထားဘူး၊ ဦးအားလုံဆိုတာက ကုမ္ပဏီလည်း မရှိဘူး။ သူက ဗျူဟာကို လာဘ်ငွေ သိန်း (၂ဝဝ) ပေးပြီး လုပ်နေမှန်းသိရတာ” ဟု ပြောသည်။
အဆိုပါကိစ္စအား အသင်းတော်က စာတမ်းပြုစုကာ၊ ဓာတ်ပုံအထောက်အထားများဖြင့် နေပြည်တော်အထိ တိုင်ကြားရန် ပြင်ဆင်နေသည်ဟု ဖားကန့်ဒေသခံက ပြောသည်။
၎င်းက “အသင်းတော်က ဘုရားကျောင်းတက်နေတဲ့ လက်ရှိ ချပ်ကျောင်းက ကမ်းပါးဘေးမှာဆိုတော့ နေရာကျဉ်းတယ်လေ။ တဖက်ကမ်းမှာရှိတဲ့ အဲဒီကွင်းထဲမှာ ခရစ္စမတ်တို့၊ နှစ်သစ်ကူးပွဲတို့ လုပ်ရတာ။ အရင်က မြစ်ကြီးနားဇုန်နယ် ပွဲတော်ကြီး လုပ်တဲ့ခါလည်း အဲဒီမှာပဲ လုပ်ခဲ့တာ။ မနောပွဲတို့လည်း အဲဒီကွင်းထဲမှာလုပ်နေတာ၊ သာသနာပိုင်မြေဆိုပြီး အသိအမှတ် ပြုထားပြီးသား။ အဲဒါကို သိမ်းယူသွားတာ” ဟု ပြောသည်။
ယခု ဖားကန့်မြို့နယ်၊ နန့်ယားဒေသသည် တာမခံ၊ ဖားကန့် ကျောက်စိမ်းထွက်ရှိရာ ဒေသအနီးတွင်ရှိပြီး ၂ဝဝဝ ခုနှစ်ကျော် ကာလများကစ၍ ပတ္တမြားကျောက်တူးသည့်လုပ်ငန်း လုပ်ကွက်များချပေးခဲ့ရာ အစောပိုင်း ကာလများက ထင်ရှားခဲ့ပြီး နောက်ပိုင်းတွင် အချို့ကျောက်ကုမ္ပဏီများ အရှုံးပေါ်သဖြင့် လုပ်ငန်း ရပ်နားခဲ့ကြသည်။
No comments:
Post a Comment