NEJ/ ၉ ဒီဇင်ဘာ ၂၀၀၉
ရန်ကုန်မြို့နယ် အသီးသီးရှိ ရပ်ကွက်ပြည်သူတို့အား အာဏာဖြင့် အနိုင်ယူခြင်း မပြုလုပ်ရန် ရပ်ကွက်ရုံးမှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင် များကို နအဖက ညွှန်ကြားထားကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ (၂၃ မှ ၂၈) ရက်နေ့အထိ နေပြည်တော်တွင် ပြုလုပ်ခဲ့သော အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အဖွဲ့ ညှိနှိုင်းအစည်းအဝေး (လေးလပတ် အစည်းအဝေး) ပြီးသည့်နောက်ပိုင်း ယင်းသို့ ညွှန်ကြားမှု ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ရန်ကင်းမြို့နယ်မှ ရယက အဖွဲ့ဝင်တဦးက ပြောသည်။
ထိုသို့ပြုလုပ်ရခြင်းမှာ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြည်သူတို့အပေါ် ဆွဲဆောင်မှုတခု ပြုလုပ်ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
“အများအားဖြင့် ရယကဥက္ကဋ္ဌ ဆိုတဲ့သူတွေ၊ အတွင်းရေးမှူးဆိုတဲ့သူတွေက အာဏာကို အပြည့်ထက် ပိုယူပြီး ပြကြတာပါပဲ။ မကြာခဏ ပြဿနာတွေရှိတယ်။ လူတွေအနေနဲ့ကလည်း ဒီ ရယက ဆိုတာတွေနဲ့ ပြဿနာဖြစ်ရင် ဘယ်သူ့ကို သွားတိုင်နိုင်မှာလဲ။ ဒီတော့ လူမသိ သူမသိပေါ့ဗျာ” ဟု အဆိုပါ ရယက အဖွဲ့ဝင်က ပြောသည်။
ရပ်ကွက်အချို့တွင် ရယက အဖွဲ့ဝင်များက ပြည်သူတို့အပေါ် အာဏာဖြင့် ပြောဆိုလုပ်ကိုင်မှုများ ရှိနေသည့်အတွက် ယခုကဲ့သို့ နအဖစစ်အစိုးရက ညွှန်ကြားချက်ထုတ်ပြန်ခြင်း ဖြစ်နိုင်သည်ဟုလည်း ပြည်သူများက ယူဆကြသည်။
ကျောက်တံတား မြို့နယ် ကြံ့ဖွံ့အဖွဲ့ဝင်တဦးက “ရယက နဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေ အဆင်မပြေမှုက နဂိုကတည်းက ရှိတယ်။ ဥပမာပြောရရင် ဧည့်စာရင်းတိုင်တာက အစပါပဲ။ ရပ်ကွက်လမ်းမှာ ခန့်ထားတဲ့ ဆယ်အိမ်မှူးဆိုတာတွေနဲ့ အဆင်ပြေတဲ့ သူတွေဆိုရင် ဘယ်ကပဲ ဧည့်သည်လာလာ၊ ပါးစပ်နဲ့ ပြောလိုက်ရင် ရတယ်။ သူတို့နဲ့ ကင်းကင်းရှင်းရှင်းနေတဲ့ သူတွေဆိုရင်တော့ ဧည့်သည်က ညမှ ရောက်လာလို့ ရပ်ကွက်ရုံးက ပိတ်သွားတာနဲ့ ကြုံရင် ဧည့်မတိုင်လိုက်ရရင် ပြဿနာကို ရှာတော့တာပဲ။ ဒါက ရှင်းရှင်းလင်းလင်း ပြောပြတဲ့ ဥပမာတခုပဲဖြစ်တယ်။ များသောအားဖြင့်ကတော့ ရယကတွေက သူတို့ကို အလေးပေးတာကြိုက်တယ်” ဟု ပြောပြသည်။
ရန်ကုန်တိုင်း ကြံ့ဖွံ့ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းကလည်း ပြည်သူတို့၏ ဧည့်စာရင်းတိုင်ကြားမှုအပေါ် ရယကများက ငွေကောက်ခံခြင်းရှိလျှင် ၎င်းတို့၏အသင်းကို လိပ်မူ၍ တိုင်ကြားနိုင်ကြောင်း ရန်ကုန် စည်ပင်ဧရိယာ (၃၃) မြို့နယ်လုံးရှိ ကြံ့ဖွံ့အဖွဲ့ဝင်များကို အသိပေးထားကြောင်း ကြည့်မြင်တိုင်မြို့နယ်ရှိ ကြံ့ဖွံ့စည်းရုံးရေး ဆောင်ရွက်သူတဦးက ပြောသည်။
ရန်ကုန်တွင် ဧည့်စာရင်းစစ်ဆေးမှုများကို အထူးနေ့များ ပြုလုပ်စစ်ဆေးကာ ရယကများက ငွေကြေးကောက်ခံမှုများ ရှိနေကြောင်း၊ ယင်းမှာ လုံခြုံရေးကို ဗန်းပြကာ ကိုယ်ပိုင်ဝင်ငွေရှာခြင်းဖြစ်ကြောင်း၊ ဧည့်စာရင်းမတိုင်မိပါက အိမ်ရှင်နှင့် ဧည့်သည်မှာ ရက်သတ္တ နှစ်ပတ် ထောင်ဒဏ် ချမှတ်ခံရမည်ဖြစ်ပြီး ငွေပေးပါက ပြစ်ဒဏ်ကို ဖျောက်ပစ်ကြောင်း၊ ဒဏ်ငွေကို လည်း သီးသန့်သတ်မှတ်ထားခြင်းမရှိဘဲ ညှိနှိုင်းဈေးဖြင့် ဆောင်ရွက်ကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။
No comments:
Post a Comment