Monday, December 14, 2009

ပိတ်ပင်ထားသည့် စားသုံးဆီများ မြန်မာပြည်တွင်း ပြန်လည်တင်သွင်း

ရဲရင့် / ၁၄ ဒီဇင်ဘာ ၂၀၀၉

မြန်မာ နိုင်ငံ ကျန်းမာရေး ၀န်ကြီး ဌာနမှ စားသုံးရန်မသင့်ဟု ဆိုကာ ပိတ်ပင် ထားသည့် စားဆီ (၄) မျိုးအနက် ကျောက်ပုစွန် တကောင် တံဆိပ် စားဆီ များကို မြန်မာ ကုန်သည် များက နေ့စဉ် တန်ချိန် ထောင်ချီ၍ မဲဆောက်မြ၀တီ နယ်စပ် ကုန်သွယ်ရေး လမ်းကြောမှ တဆင့် တရားမ၀င် ပြန်လည် တင်သွင်း လျက်ရှိသည်။

(၁၈) လီတာဝင် အ၀ါရောင် ပလက်စ တစ်ပုံး ကျောက်ပုဇွန် တကောင်တံဆိပ် စားဆီများကို နေ့စဉ် ပုံး (၂) သောင်းခန့် မြန်မာ အာဏာ ပိုင် များနှင့် နားလည်မှုယူကာ ပုံမှန် တင်သွင်း နေခြင်း ဖြစ်သည်ဟု မြန်မာ ဆီကုန်သည် တဦးက ပြောသည်။

၎င်းက “ဈေးကွက်ဝယ်လိုအားက များတော့ ဒီလိုနည်းနဲ့ပဲ သွင်းနေရတယ်၊ မြ၀တီကနေ အောက်ကို ပေါ်ပေါ်ထင်ထင်တော့ သယ်လို့မရဘူး။ ဆီပုံးတွေကို အောက်မှာထားပြီး အပေါ်ကခွင့်ပြုကုန်တွေနဲ့အုပ်ပြီး သယ်ရတာဖြစ်တယ်။ လမ်းမှာရှိတဲ့ ဂိတ်တွေကိုတော့ အကုန်ခွံ့ရတယ်” ဟု ပြောသည်။

ထိုင်းဆီတင်ပို့သည့် လုပ်ငန်းခွင်မှ မြန်မာအလုပ်သမားတဦးက “ဆီကတော့ အရင်ရော၊ အခုရော ပို့တာကတော့ ဒီဆီပါပဲ။ မြန်မာဘက်က ကုန်သည်တွေရဲ့ လိုအပ်ချက်အရ ဆီပုံးမှာ တံဆိပ်တွေအမျိုးမျိုး ပြောင်းတပ်ပေးရတာတွေတော့ ရှိတယ်” ဟု ပြောသည်။

မဲဆောက်မှမြ၀တီဘက်သို့ ဆီတင်ပို့ရာတွင် ချစ်ကြည်ရေးတံတား၏ တောင်ဘက်ရှိ (၁၆) ဂိတ်၊ သုညဂိတ်၊ ၉၉၉ ဂိတ်၊ (၁၇) ဂိတ်၊ (၁) ဂိတ်၊ (၂) ဂိတ်၊ နောက်တိုးဂိတ်သစ်များမှတဆင့် စက်လှေများဖြင့် တင်ပို့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ၏ စစ်ဆေးတွေ့ရှိချက်အရ လွန်ခဲ့သည့် ဇူလိုင် (၂၅) ရက်မှ စတင်ကာ နယ်စပ်မှတဆင့် ထိုင်းနှင့်မလေးရှားနိုင်ငံတို့မှ တင်သွင်းသည့် စားသုံးဆီ (၄) မျိုးကို စားသုံးရန် မသင့်ဟုဆိုကာ မြန်မာကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာပြီး တင်သွင်းခွင့်ပါ ပိတ်ပင်ခဲ့သည်။

ပိတ်ပင်ခဲ့သည့် (၁၈) လီတာဝင်ဆီပုံးများမှာ ကျောက်ပုစွန်နှစ်ကောင် ကြယ်နီပုံ၊ ကျောက်ပုစွန်တကောင်၊ ရေနဂါးအမှတ်တံဆိပ်နှင့် ငါးကြော်အမှတ်တံဆိပ် ဆီများဖြစ်ပြီး ၎င်းဆီများထဲမှ ကျောက်ပုစွန်တကောင် တံဆိပ်ဆီများကို ယခုလဆန်းမှစတင်ကာ မြန်မာဘက်မှ အများအပြား ၀ယ်ယူခြင်းဖြစ်သည်။

ပိတ်ပင်ထားသည့်ဆီများကို စားသုံးမိပါက အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်း၊ ကင်ဆာရောဂါဖြစ်စေခြင်းနှင့် မျိုးရိုးဗီဇ ထိခိုက်စေခြင်းတို့ကို ဖြစ်ပေါ်စေသည်ဟု မြန်မာကျန်းမာရေးဝန်ကြီးဌာနက ရေးသားဖော်ပြထားသည်။

No comments: