Monday, December 7, 2009

ကိုညီညီအောင် အင်းစိန်ထောင်အတွင်း အစာငတ်ခံဆန္ဒပြ

NEJ / ၇ ဒီဇင်ဘာ ၂၀၀၉

စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံနေရသည့် ကိုညီညီအောင်သည် သောကြာနေ့ ညနေပိုင်းမှစတင်ကာ အင်းစိန်ထောင်အတွင်း၌ အစာငတ်ခံဆန္ဒပြနေကြောင်း ၎င်း၏အဒေါ်ဖြစ်သူ ဒေါ်စုစုကြည်က ပြောသည်။

“အန်တီတို့ ဒီနေ့ နေ့လယ် (၁၂) နာရီမှာ သွားတွေ့တဲ့အခါမှာ တော်တော်လေးနွမ်းနေပြီ။ သူကပြောတယ်၊ အခုလို မတရားဖိနှိပ်ချုပ်ချယ်မှုတွေ လုပ်နေတာ၊ စစ်အစိုးရအနေနဲ့ တွေ့ဆုံဆွေးနွေးရေးကို မလုပ်တာ၊ သူတို့ပြောတဲ့ဟာတွေ ဘာမှဖြစ်မလာတဲ့အတွက်ကို သူဆန္ဒပြတာပေါ့နော်။ ပြည်သူတွေအားလုံးအတွက်၊ တတိုင်းပြည်လုံးအတွက်ကို သူလုပ်တာပါလို့ ပြောတယ်” ဟု ယနေ့ထောင်ဝင်စာသွားတွေ့ခဲ့သူ ဒေါ်စုစုကြည်က ပြောသည်။

ဘန်ကောက်မြန်မာသံရုံး၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သော မြန်မာလူမျိုး အမေရိကန်နိုင်ငံသား ကိုညီညီအောင် (ခ) ကိုကျော်ဇောလွင်ကို နအဖစစ်အစိုးရက ဖမ်းဆီးခဲ့ပြီးနောက် အောက်တိုဘာ (၁၄) ရက်နေ့၌ အင်းစိန်ထောင်တရားရုံးတွင် အမှုစွဲတင်ခဲ့သည်။

ကိုညီညီအောင်အား လိမ်လည်မှုပုဒ်မ (၄၂၀) နှင့် စာရွက်စာတမ်းအတု အသုံးပြုမှု ပုဒ်မ (၄၆၈) တို့နှင့် စစ်အစိုးရက အမှုစွဲတင်ထားပြီး ရှေ့နေကြီးများဖြစ်သော ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်းတို့က ကိုညီညီအောင်၏အမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေကြသည်။

“သူ့အမှုက သောကြာနေ့က ရုံးထုတ်တယ်လေ။ သက်သေတယောက်ပဲ စစ်တယ်တဲ့၊ သူ့ရှေ့နေတွေက ပြောပြတာပါ။ အခုလာမယ့် သောကြာကို ထပ်ပြီးရုံးချိန်းလိုက်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့အပတ် တနင်္လာနေ့တုန်းက သွားတွေ့တုန်းကတော့ လန်းလန်းဆန်းဆန်းပဲ။ ဒီတပတ်သွားတွေ့တော့ သူအရမ်းနွမ်းနေပြီး အိပ်ရာထဲကနေ ထလာရတာတဲ့။ အစာမစားတော့ သူလှဲနေမှာပေါ့လေ။ ဘာမှမစားဘဲ သူရေပဲသောက်တယ်ပေါ့” ဟု ဒေါ်စုစုကြည်က ပြောသည်။

အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူ ကိုညီညီအောင်သည် ၂၀၀၉ ခုနှစ် စက်တင်ဘာ (၃) ရက်တွင် ဘန်ကောက်မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လာစဉ် လေယာဉ်ကွင်း၌ ဖမ်းဆီးခံခဲ့ရသည်။

မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသည်ဆိုသည်ကို အတိအကျ ဖော်ပြခြင်းမရှိသော်လည်း ကိုညီညီအောင်သည် ၂၀၀၅ ခုနှစ် နိုဝင်ဘာမှ ၂၀၀၉ ခုနှစ် စက်တင်ဘာအတွင်း (၈) ကြိမ်အထိ မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံကာ သတင်းဖလှယ်ခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ဖောက်ခွဲဖျက်ဆီးရေးကိစ္စရပ်များနှင့် ပတ်သက်၍လည်း တာဝန်မကင်းဟု စက်တင်ဘာ (၂၄) ရက်ထုတ် စစ်အစိုးရသတင်းစာများတွင် ရေးသားဖော်ပြခဲ့သည်။

ကိုညီညီအောင်၏ အဒေါ် ဒေါ်စုစုကြည်က ယခုကဲ့သို့ ကိုညီညီအောင် ထောင်ထဲတွင် အစာငတ်ခံဆန္ဒပြနေမှုအပေါ် ကျန်းမာရေးအတွက် အထူးစိုးရိမ်ကြောင်း ပြောသည်။

“အခုလိုပဲ သူကဆက်လက်ပြီး အစာငတ်ခံဆန္ဒပြသွားမယ်လို့ပြောပါတယ်။ အန်တီတို့အနေနဲ့ သူ့ယုံကြည်ချက်နဲ့ လုပ်နေတာကို ဘာမှ မပြောလိုပါဘူး။ အန်တီတို့ကတော့ တတ်နိုင်တဲ့ဘက်ကနေ လုပ်ပေးသွားမှာပါပဲ” ဟုပြောသည်။

ကိုညီညီအောင်အပေါ် စွဲဆိုထားသည့် စွဲချက်ကို မင်္ဂလာဒုံမြို့နယ်တရားရုံးက လက်ခံကြားနာခြင်း ဖြစ်သော်လည်း တရားခွင်ကိုမူ အင်းစိန်ထောင်အထူးတရားရုံးအတွင်းသာ ပြုလုပ်ကြောင်း သိရသည်။

No comments: