(၁)
အဘ ၇ဝ ပြည့်ပီတဲ့လား။ စိတ်ထဲမှာတော့ ကျွန်းပေါ်မှာ ထောင်ထဲမှာ သူခံခဲ့ရတဲ့ဒဏ်တွေ ဆေးလိပ် ဒဏ်တွေကြောင့် ၇၅ လောက် ထင်နေမိသလို မြန်မာပြည်မှာ အဘရရှိထားတဲ့ မီဒီယာ နိုင်ငံရေး လူမှုရေးပြောပိုင်ခွင့် ဂုဏ်နဲ့ဝါအရ သူဟာ ထိပ်ဆုံးတန်းရောက်နေတာ ဆယ်စုနှစ်နဲ့ ရှိနေပီဆိုတော့ ၈ဝကျော် ၉ဝတန်း လူကြီးတွေနဲ့ တရွယ်ထဲဘဲ မှတ်နေမိတော့တယ်။ အဘတို့ အရွယ်တန်း မန္တလေးသား နာမည်ကြီးတွေထဲက နောက်တယောက်က ကျန်းမာရေးဝန်ကြီး ပါမောက္ခဒေါက်တာကျော်မြင့် (ဆေးလောကမှာ ဆရာဟယ်ရီ)ပါ။ တသက်လုံး ဘယ်တုံးကမှ နိုင်ငံရေးနှုတ်ခမ်းမသီခဲ့ဘူးတဲ့ ဆရာဦးကျော်မြင့် ရွေးကောက်ပွဲဝင်မယ်သတင်းမွှေးနေချိန်မှာ နိုင်ငံရေးသတင်းစာဆရာစစ်စစ် အဘက ရွေးကောက်ပွဲနီးမှ ဒီမိုကရေစီရာသီစာမရေးချင်တော့ဘူးဆိုတော့ ... ကိုင်း မန္တလာ၏ သမိုင်းတခေတ်ပြယုဂ်ပဲလို့ ပြောကြရုံ ရှိတာပဲ။
မှတ်မိပါသေးတယ်၊ မန္တလေးနွေညချမ်းတွေမှာ အိမ်ရှေ့ ဧည့်ခန်းထဲ ယပ်တဖျတ်ဖျတ်ခတ် ခြင်ယမ်းရင်း အဖွားဆီ လူနာမေးလာ၊ မွေးနေ့ပွဲလာတတ်တဲ့ အဘနဲ့ သတင်းလောကအကြောင်း ရှေးမန္တလေးအကြောင်း မေးမိပြောမိကြပါတယ်။ မေမြို့ က တတိယသမီးတော်ကြီးဆီ အဘအဖိုးအဖွားတွေနဲ့အတူ အခစားဝင်ရတဲ့အကြောင်းမျိုးပေါ့။ မဘုရားကြီးခန်းဆောင်ထဲကို ဒူးတွား မိချောင်းတွားတွား ဝင်ပီးခစားရတဲ့အကြောင်း ပြောပြရင် အဘဟာ သူ့ဦးကြီး ရွှေဥဒေါင်းလိုပဲ မင်းတောစိုးတောကြီးပေမယ့် ဒါတွေဘာမှမဟုတ်မှန်းသိလို့ ပဒေသရာဇ်စော်မနံတာပဲလို့ အောက်မေ့မိပါတယ်။ ဒီခေတ်မှာ မျိုးချစ်စိတ်
အကြောင်းပြပီး ပဒေသရာဇ်ရူးကြတဲ့သူတွေက နိုင်ငံပိုင်မီဒီယာတွေမှာကို ပေါ်ထင်ကြီးမဟုတ်လား။ ရတနာဆင်ဖြူဟာ အဖော်ဆင်တွေနဲ့ ပျော်ရွှင်တယ်ဆိုတာ တနေ့ကတင် တွေ့လိုက်သေးတယ်။ သတင်းလောက က လူဟောင်းတွေအကြောင်းပြောမိကြတဲ့အခါ တချို့ လူရှုပ်ကြီးတွေကို ဘာမှမသိရှာတဲ့ ခုခေတ်လူတွေက မီဒီယာဂုရုတွေအမှတ်နဲ့ စင်ပေါ်တင်နေကြတဲ့အကြောင်း ပြောရင် ရင်လေးမိပါတယ်။ ဒါသတိရလို့ တလောက အန်ကယ်ဦးဝင်းတင် မွေးနေ့ဆောင်းပါးမှာ အောင်ဗလကို မသိမသာထည့်ဆော်ပေးလိုက်တာ အဘ သဘောကျတယ်လို့ ပြန်ကြားမိတယ်။ ဗမာသတင်းလောကဟာ ပညာပိုင်းအရသာ အနောက်တိုင်းနဲ့ အိန္ဒိယကို မီအောင် မကြံဆတတ်မယ်၊ ကလီကမာအရာမှာတော့ ရှေးရော ယခုပါ ပြောင်မြောက်ကြ အရှက်မဲ့ကြတယ်လို့ မှတ်ရမှာပါပဲ။
နောက်ရန်ကုန်မှာ အဘဆီလာတဲ့ ဂျာနယ်ပေါင်းစုံ သွားဖတ်တဲ့အခါ ခေတ်စားစပြုနေတဲ့ အန်ဂျီအိုလောကထဲ ခုန်ဆင်းချင်နေတဲ့ တပည့်တွေအကြောင်း ပြောတာ ခုထိ နားထဲ ကြားနေတုန်းပါပဲ။ “ကွာ... ကိုယ့်လူတွေကလဲ ပြောလို့မကောင်းပါဘူး၊ ဒီလုပ်ငန်းအကြောင်းပြုပီး ဒေါ်လာရှာချင်နေကြတာ ခက်တယ်၊ အာဖရိကလို ကမ္ဗောဒီးယားလိုဖြစ်မှာ စိုးတယ်၊ တိုင်းပြည်လဲ ဘာမှအကျိုးမထူး၊ လူတွေ စာရိတ္တပျက် တောင်းစားချင်တဲ့စိတ်တွေ အဖတ်တင်ကျန်တာ ရှိတယ်”။ နာဂစ်ပီးနောက် ဒေါ်လာဘီလျံနဲ့ချီပွလိုက်တဲ့ အန်ဂျီအိုဆိုတာတွေ နိုင်ငံရေးယောင်ယောင်နဲ့ လူတတ်ကြီးလုပ်ချင်သူတွေ ကက်ပီတိုလ်နဲ့ ဝက်စမင်နစ်စတာနန်းရင်ပြင်ထိ ရောက်လာတဲ့အခါ အဘရေ ဓာတ်ခိုက်နဲ့ နတ်ကြိုက်ပဲဗျို့ လို့ပဲ ပြောချင်မိပါတယ်။ မြန်မာပြည်မှာ ဘာမှပြောင်းမှာမဟုတ်မှန်းသိလျက်နဲ့ လူကြားကောင်းအောင် ပြည်သူတွေကို ဗုံကြီးသည်နဲ့လှော်ပေးပီး နားချဲ့ခိုင်းနေတဲ့ နိုင်ငံကြီးများက ပုဂ္ဂိုလ်ကြီးတွေနဲ့ လက်စွဲအဖွဲ့ကြီးတွေကို တွေးမိတိုင်း စက်ဆုပ်ပါရဲ့။
(၂)
အပြင်ရောက်တော့ အဘက မီဒီယာမှာ ပိုပီး စူပါဖြစ်လာပါတယ်။ ဦးဝင်းတင် ထွက်မလာခင်အထိ နိုင်ငံရေးနဲ့ ပတ်သက်လာရင် လက်ဝဲသတင်းသမားတို့အမြင်နဲ့ ပြတ်ပြတ်သားသား အဘဦးဆောင်ပြောနေတာတွေ မြင်တိုင်းကြားတိုင်း သတင်းလောကအတွက် ဂုဏ်ယူမိသလို နိုင်ငံရေးမစွက် ဘက်မလိုက်တဲ့ မီဒီယာအသံဟစ်ပီး နိုင်ငံရေးကို ဖြစ်ဖြစ်မြောက်မြောက်မသိ၊ သိအောင်လဲ အားမထုတ် စိတ်လဲမသန်ဘဲ တော်အိလျော်အိနဲ့ အများကြိုက် ဖြီးနေကြတဲ့ မီဒီယာသမားဆိုသူတချို့ ကို ပိုစိတ်လေသွားပါတယ်။ ခုလို နိုင်ငံရေး ခေတ်ပျက်တဲ့ကာလမျိုး (ဂျီစီဘီအေပျက်ချိန်၊ ၁၉၆၄ ပါတီတွေဖျက်ရချိန်၊ NLD ဘေးကျပ်နံကျပ်ကျချိန်)မှာ ပြည်သူတွေကို ရှေ့ ဆက်ရမယ့်ခရီးကြမ်းအပေါ် အမြင်မှန်ပေးနိုင်တဲ့ သတင်းသမားဆိုတာ ပြည်တွင်းပြည်ပ လက်ချိုးရေလို့ ရပါတယ်။ မီဒီယာနာမည်ခံပီး နိုင်ငံရေးပိုစတာကပ်တဲ့ မော်စီတုန်း ဂျာနယ်လစ်၊ ပွဲတကာတက်ပီး ကြော်ငြာသတင်းရေးပေးတဲ့ ပွဲကြိုက်ခင်၊ သံရုံးအကြိုက် အန်ဂျီအိုအကြိုက် ကုမ္ပဏီအကြိုက် ဗိုလ်ချုပ်ကြီးများအကြိုက် ပြည်သူများနဲ့မထိုက်တဲ့ ဇွန်းခြစ်အထိုးခံဂျာနယ်လစ်တွေနဲ့တော့ စတုတ္ထမဏ္ဍိုင် ပီပီမြည်မြည် အခေါ်မခံထိုက်သေးပါဘူး။ ဂျာနယ်ကျော်လို၊ ကြေးမုံလို သတင်းသမားတွေ ဦးစီးပီး ခေတ်ကိုရှေ့ ဆောင်တဲ့ မီဒီယာမျိုး နိုင်ငံရေးဇာတ်မရှုပ်တဲ့ ဂျာနယ်လစ်မျိုးတွေ များများမြန်မြန်ထွက်လာဘို့ပဲ မျှော်ပါတယ်။
အဘက သူ့ဦးကြီးလိုပဲ ချစ်ခင် ကြည်ညိုသူများသလို မုန်းသူလဲ မရှားပါဘူး။ အထူးသဖြင့် နာမည်ကြီး အချင်းချင်း မုန်းတာ ပိုခံရပါတယ်။ သတင်းလောကမှာ နှာစေးမနေချင်ရင် မေတ္တာတုံးတော့ လုပ်ကြရ ထင်ပါရဲ့။ ဒီလိုနဲ့ အဘနဲ့ တချိန်က ခင်ခဲ့ ယုံကြည်ချက်တူခဲ့သူများနဲ့လဲ ကွဲကြ၊ စာမျက်နှာတွေပေါ်မှာ အပြန်အလှန်ထေ့ကြ ငေါ့ကြတွေ တွေ့ရတာ စိတ်မကောင်းပါဘူး။ ဗမာပြည်အပြင်မှာ တခါက ဆုံဖူးတဲ့ ဘာသာပြန် ညာရှိတယောက် ပြောသွားတာများ “ကိုစိန်ဝင်းဗျာ.. သူ့ကလေးတွေကျ နိုင်ငံခြားပို့ပီး သူများ သားသမီးကို လမ်းပေါ်ထွက် အသေခံခိုင်းတယ်” တဲ့။ အင်း အဘက နိုင်ငံရေးမှာ အနာမခံဘဲ အသာမစံရဘူးလို့ ပြောတာပါ။ လူငယ်တွေကို ဘိန်းကျွေးပီး ကျွန်ခံတော့ မခိုင်းပါဘူး။ ဘာပြောပြော ဗမာလောကမှာ အင်မတန် မွှေတဲ့ တတိယချီးထုပ်လမ်းကို မီဒီယာပေါ် ဒိုင်ခံဖြန့်တဲ့ နေစူးကျော်ဂိုဏ်းကို ပုအောင်ထုနိုင်တာ အဘပဲရှိပါတယ်။ NLDညံ့ကြောင်း၊ အမေရိကန်မကောင်းကြောင်းရေးလို့ မကြိုက်တဲ့သူများလဲ ရှိပါသေးတယ်။ အနောက်ကြိုက်မလိုက်ပဲ ကိုယ်မြင်တာ ရဲရဲဝံ့ဝံ့ မိုးခါးရေမသောက် ပြောတာကတော့ လေးစားသင့်ပါတယ်။
အဘကို အနီသတင်းစာဆရာဆိုပီး မုန်းတဲ့သူတွေအပြင် နောက်မုန်းကြသူများက အန်ဂျီအိုမကောင်းကြောင်းရေးလို့၊ ရိုးရာဖက်တွယ်ပီး မော်ဒန်ယဉ်ကျေးမှုကို ဝါးလုံးသိမ်းပစ်ပယ်လို့၊ မန္တလေးကောင်းကြောင်း အညာကောင်းကြောင်းတွေပဲ စန်းတင်လို့ စသဖြင့် အမျိုးစုံရှိလေရဲ့။ ခက်တာက ဗမာလူမျိုးဟာ စာကို ပုတ်လောက်ကြီးရေးပြတောင် ရမ်းသန်းအနက်ကောက်တဲ့အကျင့်က ကမ္ဘာနာလို စွဲနေဒါပါ။ ပရောဂျက်နောက်လိုက်ပီး အန်ဂျီအိုရူးမထဘို့ ကိုယ့်အားကိုယ်ကိုးပရဟိတလုပ်ဖို့ ခြစားတဲ့ ကိုယ်ကျိုးရှာတချို့ နမူနာပြရေးလိုက်ရင်ပဲ ဒေါ်လာမြင်မှ အကျိုးတော်ဆောင်ချင်တဲ့ မြို့ ကြီးသား ဆီဥထောပတ်စားတဲ့တသိုက်နဲ့ ပြည်တွင်းပြည်ပလက်ဝေခံတွေက ဆတ်ဆတ်ခါကြပါတယ်။ ဆရာအော်ပီကျယ်ရေးတဲ့ “အင်္ဂလိပ်စာတတ်သူမှလွဲ၍ ဘာမှမတတ်သူများအလိုရှိသည်”ဆိုတဲ့ ဆင်ဆာထိ ကာတွန်းတကွက်လိုပဲ မြန်မာလောကမှာ ဘိုစာတတ်လူနပ်တွေက သားစဉ်မြေးဆက်အုပ်စီးထားကြတာ ကြာပါပီ။
နောက် ယဉ်ကျေးမှု မြန်မာမှုကိစ္စပြောတာဆိုတာကလဲ ဒီလိုမှမပြောရင် မဟုတ်တဲ့နေရာမျက်စိပွင့်နေတဲ့ လူထုကို ရေဆိုးမြောင်းထဲ ဆွဲချသလိုဖြစ်မှာပေါ့။ ရန်ကုန်မှာ မိန်းကလေးတွေ ဝတ်စားနေတာ ကြက်လိုဖြစ်ကုန်ပီဆိုတာကို ကောင်းပါတယ် ပွင့်ပွင့်လင်းလင်း နိုင်ငံတကာစံချိန်မီတာပေါ့လို့ ထောက်ခံရေးရမှာလား။ နိုင်ငံတကာပခြုပ်သယ်စံချိန်ပဲ မီမှာပေါ့။ ကမ္ဘာအရပ်ရပ်မှာ သူ့နေရာနဲ့သူ ယဉ်အောင်ဆန်းအောင် ဂိုက်ကျအောင် ဝတ်နည်းမျိုးစုံရှိရာမှာ အာရှ ဒစ္စကိုယဉ်ကျေးမှုအပေါစားတွေ အဟုတ်မှတ်ပီး လျှောက်တုနေတာ အကောင်းမှတ်လို့ လူကြီးတွေက လက်ခုပ်တီးပေးရမှာလား။ မရှိတော့တဲ့လူကြီးတွေသာ ဒါတွေမြင်ရကြားရရင် ဘယ်လိုများ ပြောမှာပါလိမ့်၊ ပြောစရာရှိတာ တားစရာရှိတာမတားတဲ့ ခုလူကြီးတွေကိုပဲ အရင်အပြစ်ဆိုမယ် ထင်ပါတယ်။ ဒိပြင် ဗမာစာနဲ့စကားစံချိန်မီအောင် မရေးတတ်မပြောတတ်တော့တာ၊ မူးယစ်သေစာသောက်စားတာ၊ ဘဝကို အလေးအနက်မရှိတာ၊ ပညာကို အလေးမထားတာ ဒါတွေအားလုံး ခေတ်စံနစ်အကျိုးဆက်လို့ မည်သို့ဆိုစေကာမူ မျိုးဆက်တဆက်ချင်းစီ ညံ့လာချာလာအောင် စံနစ်တကျဖျက်စီးနေသူကို ဆန့်ကျင်ပီး မီးမောင်းထိုးပြရမှာက ပညာတတ်တွေ မီဒီယာတွေအလုပ်ပါပဲ။ ဗမာယဉ်ကျေးမှု တိုင်းရင်းသား ရိုးရာတွေ ဘယ်လိုရှိတယ် မြတ်နိုးထိန်းသိမ်းသင့်တာ ဘာတွေရှိတယ်၊ ထားပစ်ခဲ့ရမှာက ဘာတွေ၊ နိုင်ငံတကာမှာ အတုယူစရာကောင်းတဲ့အမူအကျင့်တွေက ဘာတွေဆိုတာ အင်္ဂလိပ်စာ အနှစ်၂ဝ သင်လာတဲ့ ဦးစိန်ဝင်းရေးသားနေကျအကြောင်းရပ်တွေပါပဲ။ ပတ်ဘလစ်မှာ ပေါ်ပျူလာဖြစ်အောင် လစ်ဗင်းတူဂဲသားနေတာ တဖွဲ့တနွဲ့လုပ်ပီး မကြားဘူးတဲ့ကလေးတွေကို အတတ်ဆန်းသင်ပေးမလား၊ စောင့်စည်းသင့်တဲ့ သစ္စာဣနြေ္ဒတွေအကြောင်း မအိမ်ကံမှာ ခင်ခင်ထူးဖွဲ့သလိုရေးမလားဆိုတာက ဗမာစာရေးဆရာတွေ ရွေးရမယ့်လမ်းပါ။ သေချာတာက ဦးစိန်ဝင်းဟာ တချို့ စွပ်စွဲသလို အမျိုးသားရေးမှိုင်းတိုက်ပီး နိုင်ငံရေးသြဇာထူမယ့်သူမျိုးမဟုတ်ဘူးဆိုဒါပါပဲ။ စွပ်စွဲသူတွေကိုယ်နှိုက်ကကော ဒီမိုကရေစီမှိုင်းတိုက်ပီး တိုင်းပြည်ကို စစ်ဖိနပ်အောက် တွန်းပို့နေတာပဲလေ။
(၃)
အဘရဲ့ တခုတည်းသော ချွတ်ယွင်းချက်က အပြောရမ်းတာနဲ့ သူ့အောက်ကြို့ လာသူများ ပြောစကားကို ယုံတတ်တာလို့ ထင်ပါတယ်။ ပြောစရာရှိတာ ပြောရာမှာ ပိဿလေးနဲ့ ထုမိလို့ တချို့ ပရိသတ်ကို မသိမ်းသွင်းနိုင်တာမျိုးတွေ ရှိခဲ့ပါတယ်။ ဥပမာ- အန်ဂျီအိုကိစ္စမှာ မကောင်းကြောင်း ချဲ့ကားပြောတဲ့ သတင်းထောက်ငတ နိုင်ငံရေးလအ တချို့ စကားကို စွတ်တင်ခဲ့လို့ စေတနာနဲ့ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်များ လူငယ်များရဲ့ အငြိုအငြင်ခံရပါတယ်။ ဗမာလူမျိုးတွေ ဖက်ဆစ်နယ်ချဲ့ အောက်နေလာ ခေတ်ဆိုးတွေ ဖြတ်လာလို့ နိုင်ငံရေး ပါးဝလှတယ်ဆိုတဲ့ စကားကလဲ ဟုတ်သလိုလိုနဲ့ တကယ်တော့ မဟုတ်ဘူး ပြောရမယ်။ ဝနေတာက ခံရတဲ့ဒုက္ခ၊ ဒုတ်ပြတာနဲ့ ပြေးတဲ့မျောက်ကလေးလိုပဲ နိုင်ငံရေးဟေ့ဆိုတာနဲ့ ဗမာတွေလဲ ရှေ့ ဆုံးက ပြေးတာပါ။ ဖိနှိပ်သူကို နာကြည်းစိတ် တောင်လိုပုံလာတာကလွဲရင် ကျနော်တို့လူမျိုးမှာ ဘာမှဆောက်တည်ရာ နိုင်ငံရေးစိတ်အခံမရှိသေးဘူးထင်ပါတယ်။ ယဉ်ကျေးမှုကလဲ ပဒေသရာဇ်နဲ့ အမျိုးသားရေးမှိုင်းလုံးတွေအောက် ပိနေတော့ လွတ်လပ်တဲ့နိုင်ငံရေးလူမှုရေးဓလေ့တခုအထိုင်ကျဘို့ အတော်မလွယ်သေးတဲ့ကိစ္စပါ။ ဒါကြောင့် မနီးတဲ့ ရှေ့ ခရီးအတွက် အဘဆီက အားတင်းစာ မီးထိုးစာ ဝေဘန်စာတွေ အသက်ရှည်ရှည် ကျန်းကျန်းမာမာနဲ့ ရေးမှာကို ဆက်ဖတ်ရဖို့ မျှော်သလို အဘရဲ့ ကိုယ်ရေးမှတ်တမ်းလဲ ဦးကြီးလိုလက်စွမ်းပြရေးမှာကို ဖတ်ချင်လှပါရဲ့။ စစ်အေးခေတ် မြန်မာလက်ဝဲသတင်းသမားတယောက် အသက်၃ဝမရှိခင်မှာ တကျွန်းမှာ ဘယ်လိုရှင်ကျန်အောင် တိုက်ပွဲဝင်ခဲ့ရတာ၊ဒုက္ခိတဘဝနဲ့ ပြန်ထူနိုင်အောင် ကြိုးစားရင်း စာရေးခွင့်မရချိန်မှာ စာသင်ရင်း တံခါးပိတ်ခေတ်က လူငယ်တွေကို မျက်စိဖွင့်ပေးတာ၊ စာတွေ လှည့်ထုတ်သလိုရေးပီး မီဒီယာကို အဖိနှိပ်ဆုံးခေတ်မှာ ပြည်သူတွေကို ထွက်ရပ်လမ်းအစစ်ကို မြင်အောင် ကျန်းမာရေးမကောင်းတဲ့ကြားက အားတင်းပြခဲ့တာ ဒါတွေဟာ ဗန်းမော်တင်အောင်ဝတ္ထုထဲက မဟုတ်တဲ့ သူလိုလူတယောက်ရဲ့ စီဗီကောင်းရုံသက်သက်ရေးမထားတဲ့ ဘဝဇာတ်လမ်းတွေ မဟုတ်ပါလား။
လူထုဦးစိန်ဝင်း ကိုယ်ရေးအကျဉ်း
၁၉၄ဝ-ခုနှစ်၊ သြဂတ်စ်လ ၁၃ ရက်နေ့တွင် မန္တလေးမြို့၌ အဖ-ဦးသာဒင်၊ အမိ-ဒေါ်ကြည်ခင်တို့မှ မွေးဖွားခဲ့သည်။ အမည်ရင်း ဦးစိန်ဝင်းဖြစ်သည်။ ကလေးဘဝမှ အထက်တန်း အောင်မြင်ပြီးသည်အထိ မန္တလေးမြို့ ဖားသားလဖုန်းကျောင်းတွင် ပညာသင် ကြားခဲ့သည်။
- ၁၉၅၆ - ၅၉ မန္တလေးတက္ကသိုလ်တွင် ပညာသင်ကြားခဲ့။
- ၁၉၆ဝ - ၆၂ ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့။ နောက်ပိုင်းတွင် လူထုသတင်းစာ၌ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့။
- ၁၉၆၄ ''စောမိုခမ်း'' (ပင်ကိုယ်ရေး အချစ်ဝတ္ထု) ထွက်။ ''တောင်ဗီယက်နမ်မှ ငရဲခန်းများ'' (ဘာသာပြန်) ဝင်းဇော် အမည်ဖြင့်ထွက်။
- ၁၉၆၅ ''အရှေ့တောင်အာရှမှ စစ်မီးလျှံများ'' (ဘာသာပြန်)ထွက်၊ ''အလံမလှဲစတမ်း'' (ဘာသာပြန်)ထွက်၊ (အားလုံး ''ဝင်းဇော်'' အမည်ဖြင့်ထွက်ရှိ)။
- ၁၉၆၆ ဝင်းဇော်အမည်ဖြင့်ပင် ''အဖြူနဲ့အဝါ''ဘာသာပြန်ထွက်။
- ၁၉၆၇ ဇူလိုင် ၇ ရက်၊ လူထုသတင်းစာ ပိတ်သွားချိန်၌ ရန်ကုန်တိုက်ခွဲ တာဝန်ခံအယ်ဒီတာအဖြစ် ထိန်းသိမ်း ခံခဲ့ရသည်။
- ၁၉၇၅ ''ဝင်းဇော်''အမည်ဖြင့် ''အဖြူနဲ့အမဲ'' ဘာသာပြန်ထွက်။
- ၁၉၈ဝ ပြည့်နှစ်တွင် လေဖြတ်ပြီး ညာဘက်ကိုယ်တခြမ်း သေသွားရာမှ ဘယ်လက်နှင့် စာရေးကျင့်ပြီး စာပေကို ဆက်လက်ရေးသားခဲ့သည်။ နေအိမ်တွင် အင်္ဂလိပ်စကားပြောသင်တန်း ဖွင့်လှစ်ပြီး အပတ်စဉ်ထုတ် ဂျာနယ် ၅ စောင်နှင့် လစဉ်ထုတ်မဂ္ဂဇင်း တဒါဇင်လောက်တွင် စာပေများ ဆက်လက်ရေးသား၊ မဂ္ဂဇင်းများတွင် စာပေဆိုင်ရာ၊ လူငယ်နှင့် အမျိုးသမီးရေးရာဆောင်းပါးများ ရေးသားပြီး အပတ်စဉ်ထုတ် ဂျာနယ်များတွင် နိုင်ငံတကာ သတင်းသုံးသပ်ဝေဖန်ချက်များ ရေးသားလျက်ရှိသည်။
- ၁၉၉၈ ''ရှက်စိတ်''(ဆောင်းပါးပေါင်းချုပ်) လူထုစိန်ဝင်း အမည်ဖြင့်ထွက်။
- ၁၉၉၉ နောက်ပိုင်းထွက်ရှိသည့်စာအုပ်များ ''လူထုစိန်ဝင်း'' အမည်ဖြင့်ပင် ထွက်ခဲ့သည်။ မော်ဒန် လ္ဘက်ရည်ပန်းကန်ထဲမှ မုန်တိုင်းငယ်နှင့် အခြားဆောင်းပါးများ'' (စာပေရေးရာ)ထွက်။ ''လူငယ်နဲ့အချစ်'' (ဆောင်းပါးများ)ထွက်။ ''အရှက်နဲ့တန်ဖိုး'' (ဆောင်းပါးများ)ထွက်။ ''စာနယ်ဇင်းအရေးအသား ပုံစံသစ်'' စာအုပ်ထွက်။
- ၂ဝဝဝ ဝင်းဇော်အမည်ဖြင့် ''ဆိုယိုနာရာ'' (ဘာသာပြန်ဝတ္ထု) ထွက်။ ပထမအမျိုးသမီး လမ်းထွင်သူများ(ဘာသာပြန်) လူထုစိန်ဝင်းအမည်ဖြင့်ထွက်။ ''စီးပွားရေးလုပ်ငန်းနဲ့ ကြော်ငြာ အတတ်ပညာ''(ဆောင်းပါးများ) ထွက်။
- ၂ဝဝ၂ ''စိတ်ချမ်းသာအောင် ဘယ်လိုနေရမလဲနဲ့ အခြားဆောင်းပါးများ'' စာအုပ်ထွက်။ အတွေးအမြင် ဆောင်းပါးများ၊ မဂ္ဂဇင်းဆောင်းပါးများ အရှေ့ကိုမျှော်၍ အနောက်ကိုကြည့်ခြင်း (ဆောင်းပါးများ) စသော စာအုပ်များထွက်။
- ၂ဝဝ၃ ''သတင်းစာပညာ သောင်းပြောင်းထွေလာ'' စာအုပ်ထွက်။ ''လုပ်ငန်းအောင်မြင်ရေး နေ့စဉ်လက်သုံး ဆောင်ပုဒ်များ'' (ဘာသာပြန်) ထွက်။
- ၂ဝဝ၄ ''အလင်းတန်း ဆောင်းပါးများ''ထွက်။
- ၂ဝဝ၅ - ဂျာနယ်များတွင် ရေးသားချက်များကို စုစည်းလျက် စာအုပ်များထွက်ရှိ။
- ၂ဝဝ၆ ''မသန်ပေမယ့် စွမ်းသူများ''စာအုပ်ထွက်။
- ၂ဝဝ၇ စကားမာရသွန် (၁)၊ (၂) စသော စာအုပ်များထွက်ပြီး စာအုပ်များဆက်လက်ထွက်ရှိနေသည်။
လူထုစိန်ဝင်းသည် ''မသန်ပေမယ့်စွမ်းသူများ'' စာအုပ်ကို ဘာသာပြန်ဆို ရေးသားခဲ့သည်။ သူကိုယ်တိုင်လည်း လေဖြတ်ခံထားရသူမို့ ကိုယ်တခြမ်းမလှုပ်နိုင်။ ညာလက်နဲ့ မရေးနိုင်သည့်အတွက် ဘယ်လက်ဖြင့် အရေးကျင့်ရေးသည်။ လူထုတိုက်ထွက် သတင်းစာဆရာတဦးဖြစ်သည်။ ၂ဝဝဝ-ခု ဝန်းကျင်နောက်ပိုင်း စာအရေးနိုင်ဆုံး ပုဂ္ဂိုလ်တဦးဖြစ်လည်းဖြစ်သည်။ နာရီဝက်တခါလောက် အောက်ဆီဂျင်ရှု မိတ်ဆွေများလာလျှင် ထိုင်ဧည့်ခံ၊ စာအာရုံမပြတ်ရေးသားဆဲ။ ဆရာသည် ကျန်းမာရေး မကောင်းသည့်ကြားမှ ဆောင်းပါးမျိုးစုံကို မဂ္ဂဇင်း၊ ဂျာနယ် များတွင် နေ့စဉ် ရေးသားနေဆဲဖြစ်ပါသည်။ ကလောင်အမည်ခွဲမှာ ''ဝင်းဇော်'' ဖြစ်သည်။
''ထင်ရှားသည့် စာအုပ်အချို့''
၁။ တောင်ဗီယက်နမ်မှ ငရဲခန်းများ
၂။ အလံမလှဲစတမ်း
၃။ အဖြူနဲ့အဝါ
၎။ အဖြူနဲ့အမည်း
၅။ ဆာယိုနာရာ
၆။ သတင်းစာပညာ သောင်းပြောင်းထွေလာ
၇။ အရှက်နှင့် တန်ဖိုး
၈။ လူငယ်နှင့် အချစ်
၉။ စာနယ်ဇင်းအရေးအသား ပုံစံသစ်
၁ဝ။ မော်ဒန်လ္ဘက်ရည်ပန်းကန်ထဲမှ မုန်တိုင်းငယ်
၁၁။ နန်းစကား၊ မန်းစကား - မြန်မာတို့ရဲ့ မြန်မာစကား
၁၂။ စီးပွားရေးလုပ်ငန်းများနှင့် ကြော်ငြာအတတ်ပညာ
၁၃။ လူငယ်များသို့ ကဗျာလက်ဆောင်
၁၄။ ပထမ အမျိုသမီး လမ်းထွင်သူများ
၁၅။ မူပိုင်ခွင့်
၁၆။ မသန်ပေမယ့် စွမ်းသူများ။
"လူထုဦးစိန်ဝင်း ကိုယ်ရေးအကျဉ်း" ကို ဤဘလော့ဂ် http://www.myanmarbookshop.com/Authors/Biography.aspx?bytAuthorIndex=38&intAuthorID=299 မှ ရယူဖေါ်ပြသည်။
No comments:
Post a Comment