Sunday, August 15, 2010

(၂၂) နှစ်ပြည့် ရှစ်ဆယ့်ရှစ် ဒီမိုကရေစီအရေးတော်ပုံကြီး

သန်းဝင်းလှိုင်

နအဖစစ်အစိုးရဟာ ရှစ်ဆယ့်ရှစ် ဒီမိုကရေစီအရေးတော်ပုံကြီးကို သေးသိမ်အောင် ရှစ်လေးလုံးအရေးအခင်းဆိုပြီး သုံးလိုသုံး၊ ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ တကယ့်ဖြစ်ရပ်မှန်ကို ထုံးသုတ်လိုသုတ်၊ ပြည်သူလူထု အထူးသဖြင့် လူငယ်တွေေ၀၀ါးသွားအောင် နာမည်ကြီး အနုပညာသည်တွေနဲ့ ဇာတ်လမ်းရုပ်ရှင်၊ ဗွီဒီယို ရုပ်သံရိုက်ပြီး ၀ါဒဖြန့်လိုဖြန့်နဲ့ နည်းပေါင်းစုံသုံးပြီး အမှန်တရားကို ပုံဖျက်နေပါတယ်။

ဒီကနေ့ ကျနော်တို့ ဘ၀တွေဟာ မနေ့က အတွေးအမြင်တွေ လုပ်ဆောင်ချက်တွေကြောင့် ဖြစ်လာခဲ့ရတာပါ။ ဒီကနေ့ ကျနော်တို့ရဲ့ အတွေးအမြင်၊ အပြုအမူတွေဟာ မနက်ဖြန်ကျရင် ကျနော်တို့ရဲ့ဘ၀တွေ ဖြစ်လာမှာမို့ ရှစ်ဆယ့်ရှစ် ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ ဖြစ်ရပ်မှန်ကို သိရှိပြီး နအဖရဲ့ မင်းသားခေါင်းဆောင်းထားမှုကို လူငယ်တွေ နားလည်သဘောပေါက်စေဖို့ တင်ပြချင်ပါတယ်။

ဗိုလ်နေ၀င်း ခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီဟာ ၁၉၆၂ ခု မတ်မှာ ၀န်ကြီးချုပ် ဦးနု ဦးဆောင်တဲ့ ပါလီမန်ဒီမိုကရေစီအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်ပါတယ်။ (၂၆) နှစ်ကြာ မင်းမူသွားတဲ့ မဆလအစိုးရဟာ သယံဇာတ အလွန်ပေါကြွယ်တဲ့ မြန်မာနိုင်ငံကို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်အောင် လုပ်ခဲ့ရုံသာမက နိုင်ငံရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးမှုတွေကိုပါ ချွတ်ခြုံသွားအောင် လုပ်သွားခဲ့ပါတယ်။ ဒါတောင် ပြည်ထောင်စုကြီး ပြိုကွဲတော့မယ့် အန္တရာယ်ကြောင့်ဆိုပြီး နိုင်ငံတော်အာဏာကို သိမ်းပိုက်ခဲ့ရပါတယ်လို့ ဆိုခဲ့ပါသေးတယ်။

တကယ်တော့ ဗိုလ်နေ၀င်းဟာ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မိမိအသက်ပမာ သစ္စာစောင့်သိ ရိုသေလိုက်နာ ကာကွယ်စောင့်ရှောက်ပါမယ်လို့ သစ္စာဆိုပြီး စစ်ဦးစီးချုပ်တာဝန်ကို ထမ်းဆောင်နေသူမဟုတ်လား။ အဲဒီလို တိုင်းသိပြည်သိ ကမ္ဘာသိပေးထားတဲ့ သစ္စာကတိကို ပယ်ဖျက်ပြီး တိုင်းပြည်ကို ဖျက်ဆီးခဲ့တဲ့ စစ်ခေါင်းဆောင်ဆိုတာကို လူထုက နားလည်သဘောပေါက်တာမို့ သူတို့ ကြွေးကြော်နေတဲ့ မစားရ ၀ခမန်း ဆိုရှယ်လစ်လူ့ဘောင်သစ်ကြီးဆီကို ချီတက်နေပါတယ်ဆိုတဲ့ ၀ါဒဖြန့်မှုတွေကို အယုံအကြည်မရှိတော့ဘဲ မဆလစစ်အစိုးရ ပြုတ်ကျရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးဟူသော ဦးတည်ချက်တွေနဲ့ တတိုင်းတပြည်လုံး အုံကြွပုန်ကန်ခဲ့ရာမှ ရှစ်ဆယ့်ရှစ် အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့တာ ယခုနှစ်ဆိုရင် (၂၂) နှစ်တောင်ပြည့်ခဲ့ပါပြီ။

ကျနော်တို့ဟာ ရှစ်ဆယ့်ရှစ် ဒီမိုကရေစီအရေးတော်ပုံကြီးကြောင့် အမြတ် (၃) ခု ရသလို ဆုံးရှုံးမှု (၃) ခုလည်း ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါတွေကတော့ မဆလတပါတီ အာဏာရှင်အစိုးရ ပြုတ်သွားခဲ့ပါတယ်။ ပြီးတော့ မဆလခေတ်တလျှောက်လုံး လေသံတောင် မဟခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို ထူထောင်ပေးခဲ့ရပါတယ်။ နောက်ပါတီစုံ ဒီမိုကရေစီစနစ်နဲ့အတူ ဈေးကွက်စီးပွားရေးစနစ်ကို ဖွင့်လှစ်ပေးခဲ့ရပါတယ်။ ဒါတွေကတော့ ပြည်သူတွေရလိုက်တဲ့ အမြတ်တွေပါပဲ။

ဆုံးရှုံးသွားခဲ့ရတာတွေကတော့ ရှစ်ဆယ့်ရှစ်ဒီမိုကရေစီ အရေးတော်ပုံကြီးအတွင်း စစ်အစိုးရရဲ့ အတင်းအဓမ္မ ဖြိုခွဲမှုကြောင့် ရဟန်းရှင်လူကျောင်းသားတွေ မြောက်မြားစွာ သွေးမြေကျခဲ့ရပါတယ်။ ပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာ ဓနအင်အားတွေ၊ ပြည်သူပိုင်ပစ္စည်းတွေ ကုဋေထောင်နဲ့ချီပြီး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အရေးအကြီးဆုံး ဆုံးရှုံးမှုကတော့ (၂၆) နှစ်လုံးလုံး ပြည်သူလူထုအပေါ် ဖိနှိပ်ညှဉ်းပန်း၊ ရက်စက်စွာ သတ်ဖြတ်ပြီး ဗိုလ်နေ၀င်း လက်ကိုင်တုတ်ဖြစ်နေတဲ့ စစ်တပ်အပေါ် အမြင်မကြည်လင်ဖြစ်ကာ စစ်တပ်နဲ့ ပြည်သူ သွေးစည်းညီညွတ်မှု ပြိုကွဲသွားခြင်းပဲ ဖြစ်ပါတယ်။

ရှစ်ဆယ့်ရှစ် ဒီမိုကရေစီအရေးတော်ပုံကြီးဟာ ဗိုလ်နေ၀င်း ဦးဆောင်တဲ့ မဆလပါတီကို ဖြုတ်ချနိုင်ခဲ့ပေမယ့် မဆလပါတီကို အသက်ဆက်လိုတဲ့ ဦးစိန်လွင်ဟာ ပြည်သူတရပ်လုံးရဲ့ဆန္ဒကို မျက်ကွယ်ပြုပြီး သူလျှောက်လာခဲ့တဲ့ လူမိုက်လမ်းကို ဇွတ်ဆက်လျှောက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ သို့ပေမယ့် လူထုရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ မလျှော့တဲ့ ဇွဲသတ္တကြောင့် စိန်လွင်ဟာ သမ္မတအဖြစ် (၁၇) ရက်ပဲ မင်းမူခဲ့ပြီး ပြုတ်ကျသွားခဲ့ရပါတယ်။ တဖန် သူ့ကို အမွေဆက်ခံတဲ့ မဆလမင်းဆက်ရဲ့ နောက်ဆုံးမင်းဖြစ်တဲ့ သမ္မတသစ် ဒေါက်တာမောင်မောင်ဟာလည်း လူထုရဲ့တောင်းဆိုမှုကြောင့် ပါတီစုံဒီမိုကရေစီစနစ်ကို တည်ထောင်ပေးပါမယ်လို့ ထပ်လောင်းကတိပြုခဲ့ရပါတယ်။

အဲဒီနောက် လူထုထောက်ခံမှုမရတဲ့ ဒေါက်တာမောင်မောင်ကို ဖယ်ရှားပြီး ဗိုလ်ချုပ်ကြီးစောမောင် (နောင်ဗိုလ်ချုပ်မှူးကြီး) ဟာ ၁၈-၉-၈၈ ရက်နေ့မှာ အာဏာသိမ်းပိုက်ခဲ့ရပြန်တယ်။ သို့ပေမယ့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န၀တ) သည်ပင်လျှင် ရှစ်ဆယ့်ရှစ် ဒီမိုကရေစီအရေးတော်ပုံရဲ့ တောင်းဆိုမှုကို လုံးလုံးလျားလျား တွန်းလှန်တာမျိုး မလုပ်ဝံ့ဘဲ သမ္မတပြုတ် ဒေါက်တာမောင်မောင် ပေးခဲ့တဲ့ ကတိကို ဆက်ပြီး အကောင်အထည်ဖော်ပေးခဲ့ရပါတယ်။

ပါတီစုံအထွေထွေရွေးကောက်ပွဲကို လုပ်ပေးခဲ့ရတဲ့ ရည်ရွယ်ချက်ကိုက မဆလတဖြစ်လဲ တစည (တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) ဟာ လုံးဝအနိုင်ရရှိမယ်လို့ ထင်ခဲ့လို့ပါပဲ။ ဒါပေမယ့် ပြည်သူတွေဟာ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ (၉၃) ပါတီအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကို မဲအပြတ်အသတ် ထည့်ခဲ့တာကြောင့် လွှတ်တော်ကိုယ်စားလှယ် (၃၉၂) ဦး ရွေးကောက်ခံခဲ့ရပါတယ်။ ဒါတောင် မဲဆန္ဒနယ် (၄၉၂) နေရာရှိတဲ့အနက် (၄၈၅) နေရာကိုသာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပါတယ်။ မဲပေးနိုင်သူပေါင်း သန်း (၂၀) ရှိရာ လာရောက်မဲပေးသူပေါင်း (၁၅) သန်းကျော် (၁၅,၁၂၂,၅၂၄) ရှိပါတယ်။ ဒါပေမယ့် န၀တအစိုးရဟာ မဲအပြတ်အသတ် အနိုင်ရရှိတဲ့ အန်အယ်လ်ဒီပါတီကို အာဏာမအပ်ဘဲ ၁၉၉၀ ပြည့်နှစ် ဇူလိုင်လ (၂၇) ရက်နေ့မှာ ကြေညာချက် ၁/၉၀ ထုတ်ပြန်ကြေညာကာ “ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲရန် တာဝန်ရှိသည်” ဟု အကြောင်းပြခဲ့လေသည်။

သို့ပေမယ့် န၀တ တဖြစ်လဲ နအဖစစ်အစိုးရဟာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တွေနဲ့ ရေးဆွဲခဲ့တာမဟုတ်ပါဘူး။ စစ်အစိုးရရဲ့ လက်ကိုင်တုတ် လွှတ်တော်ကိုယ်စားလှယ် လက်တဆုပ်စာနဲ့ နအဖအစိုးရရဲ့ မြို့နယ်အဆင့် အရာရှိတွေနဲ့ (၁၄) နှစ်ကြာ ရေးဆွဲခဲ့ပါတယ်။ ပြီတော့ နအဖစစ်အစိုးရ အလိုကျ တဖက်သတ် ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုက (၉၀) ရာခိုင်နှုန်း ထောက်ခံပါတယ်လို့ လိမ်ညာဝါဒဖြန့် ကြေညာခဲ့ပါသေးတယ်။ အတိအကျ ပြောရရင် နာဂစ်မုန်တိုင်း ဘေးကျရောက်နေစဉ်အတွင်း ဒုက္ခသည်တွေကိုပါ အတင်းအဓမ္မ ထောက်ခံခိုင်းပြီး အတည်ပြုခဲ့တာပါ။ အခုတဖန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံထားတဲ့ ရွေးကောက်ပွဲဥပဒေဟာလည်း အပ်နဖားပေါက်ထဲ ဆင်ပြောင်ဝင်ခိုင်းသလို အင်မတန် တင်းကျပ်ပြီး စစ်အစိုးရ သက်ဆိုးရှည်ရေးကိုသာ အဓိကထား ရေးဆွဲထားတာမို့ ဘယ်လိုမှ တရားမျှတမှုမရှိဘူးဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါတယ်ဗျာ။

စစ်အစိုးရဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတစွာ ကျင်းပပေးခဲ့ပါတယ်ဆိုပြီး တိုင်းသိပြည်သိ ကမ္ဘာသိ ကြေညာခဲ့ပေမယ့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့တဲ့အပြင် နောက်ထပ်ရွေးကောက်ပွဲ ထပ်လုပ်မယ်ဆိုတာကို ဘယ်လိုယုံရမလဲ။ ပြီးတော့ ရွေးကောက်ပွဲ ဥပဒေတွေကလည်း အလွန်တင်းကျပ်ပြီး မျှတမှုမရှိတာမို့ ၂၀၁၀ ရွေးကောက်ပွဲကို အန်အယ်လ်ဒီဟာ တရားဝင်သပိတ်မှောက်ကြောင်း ကြေညာထားခဲ့တာပါပဲ။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း “စစ်အာဏာရှင်တွေဟာ မိမိတို့ သဘောမကျတဲ့ ရွေးကောက်ပွဲရလဒ်ဆိုရင် လျစ်လျူရှုလိုက်၊ လိုချင်တဲ့ ရလဒ်ဖြစ်လာနိုးနိုး ရွေးကောက်ပွဲအသစ်တွေ ကျင်းပလိုက်နဲ့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ အနာဂတ်နဲ့ ကစားရာရောက်ပါလိမ့်မယ်။ တိုင်းပြည်ရဲ့ အနာဂတ်ဆိုတာက ကစားရမယ့် အရာမဟုတ်ဘူး။ တလေးတစားနဲ့ စောင့်ရှောက်သွားရမယ့်အရာဖြစ်ပါတယ်။ ဒါကြောင့် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်ဘဲ နောက်ထပ်ရွေးကောက်ပွဲအသစ် ကျင်းပရေးကို ကျမကတော့ လုံးဝ လက်ခံမှာမဟုတ်ဘူး ဆုံးဖြတ်ထားပါတယ်။ ပြီးတော့ ပြောလိုတာက ရွေးကောက်ပွဲ ကျင်းပပြီးရင် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပေးဖို့လည်း လိုသေးတယ်ဆိုတဲ့ အချက်ပါပဲ။ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်တာဟာ ထမင်းစားဖိတ်၊ ထမင်းပွဲပြင်၊ စားပွဲမှာ ထိုင်ခိုင်းပြီးမှ မစားရဘူးဆိုပြီး ထမင်းဟင်းတွေ ပြန်ယူသွားသလိုပါပဲ။ ဒါဟာ ဧည့်သည်ကို စော်ကားတဲ့ လုပ်ရပ်ပါ။ ၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို အကောက်အထည်ဖော်မပေးဘဲ ထားတာဟာ ပြည်သူတရပ်လုံးကို လိမ်လည်လှည့်ဖြားပြီး စော်ကားလိုက်တာပါပဲ။ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး” လို့ ပြောဆိုခဲ့ပါတယ်။

မှန်ပါတယ်။ အခုတဖန်လည်း နအဖစစ်အစိုးရဟာ တရားမ၀င်အစိုးရမှ တရားဝင်အစိုးရအဖြစ် ကမ္ဘာက လက်ခံလာအောင် ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ရင်လည်း နိုင်ရမယ်၊ ရှုံးရင်လည်း နိုင်ရမယ်လို့ အကွက်ဆင် လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဒါဟာ ရှစ်ဆယ့်ရှစ် ဒီမိုကရေစီအရေးတော်ပုံကြီးကို နောက်ဆုံးဇာတ်သိမ်းပေးရမယ့် ပြည်သူ့ဆန္ဒအောင်ပွဲရ ဇာတ်သိမ်းပိုင်း မဟုတ်တဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲကို တော်လှန်ရေးသတိနဲ့ ရဲရဲဝံ့ဝံ့ ဆန့်ကျင်ကြပါလို့ (၂၂) နှစ်မြောက် ရှစ်ဆယ့်ရှစ်ဒီမိုကရေစီအရေးတော်ပုံကြီး နေ့ထူးနေ့မြတ်အခါသမယမှာ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ခင်ဗျား။ ။

No comments: