Saturday, August 14, 2010

ရွှေးကောက်ပွဲကို နိုဝင်္ဘာလ ၇ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း ကော်မရှင်က ကျေညာ

နိရဉ္စရာ

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၇ ရက် (တနင်္ဂနွေ) နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယနေ့တွင် သတင်းထုတ်ပြန် ကျေညာသည်။

ယင်းထုတ်ပြန်ချက်ကို နိုင်ငံပိုင် မြန်မာ့ ရုပ်သံလိုင်းမှ တစ်ဆင့် ယနေ့ (သြဂတ်စ်လ ၁၃ ) နံနက်က ထုတ်ပြန် ကျေသွားခြင်း ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ၈ ပါ တာဝန်နှင့် လုပ်ပိုင်ခွင့် အရ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၄ (ဂ) နှင့် နည်းဥပဒေ ၁၆ ( ဃ) တို့အရ ၁၃၇၂ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက် တနင်္ဂနွေနေ့တွင် လွှတ်တော် အသီးသီးအတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား ဥပဒေကြောင်းအရ နိုဝင်္ဘာလ ၁၃ ရက်နေ့တွင် လွှတ်ပေးရမည် ဖြစ်ရာ သူမ မလွှတ်မှီ တပတ်အလိုတွင် ရွှေးကောက်ပွဲကို ကျင်းပခြင်း ဖြစ်သည်။

စစ်တွေမြို့ခံ တဦးအား မေးကြည့်ရာ “မနက်က မြန်မာ့ အသံက ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကို ထုတ်လွှင့်သွားတယ်လို့ သိရပါတယ်။ လူတွေကတော့ သိပ်စိတ်ဝင်စားတဲ့ ပုံမရပါဘူး။ ကိုယ်နဲ့ မဆိုင်သလိုပါဘဲ” ဟု ပြောသည်။

ယခု ကျင်းပမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံကို စစ်တပ်မှ အာဏာသိမ်းယူခဲ့သည့် နှစ်ပေါင်း ၂၂ နှစ်အတွင်း ဒုတိယ အကြိမ်မြှောက် ပြုလုပ်သည့် ရွှေးကောက်ပွဲ ဖြစ်သည်။ ယခင်ရွေးကောက်ပွဲကို ၁၉၉၀ ခုနှစ်မေလ ၂၇ ရက်နေ့တွင် စစ်အစိုးရမှ ကျင်းပပေးခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၈၅ ရာခိုင်နုန်းကျော် အနိုင် ရရှိခဲ့သည်။ သို့သော်လည်း စစ်တပ်မှ ရွေးကောက်ပွဲပြီးပါက စစ်တန်းလျားကို ပြန်မည်ဟု ပေးပြီးသား ကတိကို ချိုးဖေါက်ကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အာဏာလွဲပေးရန် ငြင်းဆိုခဲ့သည်။

ယခုတကြိမ်တွင် ပြည်သူအများဆုံး ထောက်ခံသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ရွေးကောက်ပွဲမှာ နအဖမှ တဖက်သတ် ရေးဆွဲထားသော ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို အခြေခံပြီး ပြုလုပ်သော ရွေးကောက်ပွဲ ဖြစ်သဖြင့် ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်ထားသည်။

ယခုအခါ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၇ ပါတီ ရှိပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၄၁ ပါတီအနက် ပါတီ ၄၀ ကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီး ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ထားသည်။

သို့သော်လည်း ယခုအချိန်ထိ ပါတီဝင်အင်အား စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြထားသော နိုင်ငံရေးပါတီမှာ ၁၄ ပါတီ ရှိကြောင်း သိရသည်။

လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကို သြဂုတ်လ ၁၆ ရက်နေ့တွင် စတင် တင်သွင်း ရမည်ဖြစ်ပြီး နောက်ဆုံး သတ်မှတ်ရက်မှာ သြဂုတ်လ ၃၀ ရက်နေ့ ဖြစ်ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စိစစ်မှုကို စက်တင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ပြုလုပ်သွားမည် ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်မှာ စက်တင်ဘာလ ၃ ရက်နေ့ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကျေညာသည်။

၁၉၉၀ ခုနှစ် မေလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့သော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးပွဲတွင် ပါတီ ၉၃ ပါတီက ကိုယ်စားလှယ်ပေါင်း ၂၂၀၉ ဦးနှင့် တစ်သီးပုဂ္ဂလ ၈၇ ဦးတို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။


No comments: