NEJ / ၁၆ သြဂုတ် ၂၀၁၀
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ရဲလုံခြုံရေးများ အထူးတင်းကျပ်ထားကြောင်း ကျောက်ဖြူမြို့ခံများက ပြောသည်။
ပြီးခဲ့သည့်သီတင်း နှစ်ပတ်ခန့်က ကျောက်ဖြူမြို့တွင် နအဖ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် လှုံ့ဆော်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည့်အတွက် ကျောက်ဖြူကို လုံခြုံရေးချခြင်းဖြစ်ကြောင်း သိရသည်။
“အခုက ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကိုလည်း အတိအကျ ကြေညာပြီးပြီဆိုတော့ အဲဒီလို လှုံ့ဆော်မှုတွေ ပြန်ပြီးဖြစ်လာနိုင်တယ်လို့ သူတို့က ယူဆတယ်ထင်တယ်” ဟု ကျောက်ဖြူမြို့ခံတဦးက ပြောသည်။ ကျောက်ဖြူမြို့တွင်းတွင် ရဲကားများဖြင့် ကင်းချ လှည့်လည်နေကြောင်းလည်း ၎င်းက ပြောသည်။
ကျောက်ဖြူတွင်ဖြန့်ဝေခဲ့သည့် လှုံ့ဆော်စာများတွင် “စစ်ကျွန်သက်ဆိုးရှည်စေမည့် ရွေးကောက်ပွဲအား ဆန့်ကျင်ကြ” ဟူသည့် စာများရေးသားထားပြီး မြို့အနှံ့လိုက်လံကပ်ခြင်းဖြစ်ကြောင်း၊ မည်သည့်အဖွဲ့မှ လုပ်ဆောင်သည်ကိုမူ မသိရသေးကြောင်း အဆိုပါမြို့ခံက ပြောကြားသည်။
မြို့ခံရဲများကမူ ယင်းစာ ကပ်သည့်နေရာအနီးအနားမှ ပြည်သူတို့ကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သေးကြောင်း ကျောက်ဖြူမြို့ အရာရှိ ရပ်ကွက်သားတဦးက ပြောသည်။
“ကပ်တာတော့ ကျနော်တို့ ရပ်ကွက်မှာလည်း ကပ်တာပဲလေ။ ဘယ်သူ ကပ်တာတော့ မသိဘူး၊ မနက်မှာ တွေ့တာလေ။ အဲဒါကို ရဲက အကျောကြီးနဲ့ လာပြီး မေးလားမြန်းလားလုပ်တယ်။ အဲဒီစာတွေကိုလည်း သူတို့က ခွာသွားကြတယ်” ဟု ၎င်းက ပြောသည်။
ကျောက်ဖြူမြို့မှ လုပ်ငန်းရှင်တဦးကလည်း “ညအချိန်မှာ လုပ်တာဖြစ်တော့ ဘယ်သူဆိုတာ မသိရသေးဘူးပေါ့။ ဒါပေမယ့် အဲဒီလိုဝေတဲ့စာအတွက်တော့ ကျေးဇူးတင်တယ်။ ကျောက်ဖြူမှာ အစိုးရကိုလိုတဲ့သူဆိုတာ အလွန်နည်းပါတယ်။ စားရသောက်ရရှိအောင်ပဲ ဖားနေကြတဲ့သူတွေကလွဲရင် ကိုယ့်စီးပွားကိုယ်လုပ်ပြီးတော့ ကိုယ့်ဘာသာနေကြတဲ့သူတွေပဲရှိတယ်။ အတတ်နိုင်ဆုံး အစိုးရနှင့်မပတ်သက်ချင်ကြဘူး၊ မဲလည်းမပေးချင်ကြဘူး” ဟု ပြောသည်။
ကျောက်ဖြူမြို့ရှိ မဒေးကျွန်းတွင် ရေနက်ဆိပ်ကမ်းတခုကို နအဖ က တရုတ်ပညာရှင်များနှင့် တည်ဆောက်နေပြီး ယင်းလုပ်ငန်းတွင် အသုံးပြုသော တရုတ်လုပ်သားပေါင်း (၂၀၀) ကျော်မှာလည်း ကျော်ဖြူမြို့ပေါ်တွင် ရှိနေကြောင်း၊ မြို့ခံများက မကျေနပ်သော်လည်း အာဏာရှင်အစိုးရကို စက်ဆုတ်ရွံရှာကာ မပတ်သက်ချင်သောကြောင့် ရေငုံနှုတ်ပိတ်နေကြကြောင်း သိရသည်။
“ကျောက်ဖြူက အစိုးရအတွက် အကွက်ကောင်းမြို့တမြို့ပဲ။ အခု ရခိုင်ကျောက်ဖြူကတော့ လူမျိုးရေးပြဿနာတွေလည်း နောက်ဆက်တွဲတွေ ဖြစ်လာနိုင်တယ်။ မကျေနပ်ဖြစ်နေကြတဲ့ လူငယ်တွေ ဒုနဲ့ဒေးပါ။ နောက်ကျရင် ပွင့်ထွက်လာတယ် ဆိုရင်တော့ ကျောက်ဖြူမှာ ရောက်နေတဲ့ လုပ်သားတွေကိစ္စ ပြဿနာတခုတောင် ဖြစ်လာနိုင်တယ်” ဟု မြို့ခံတဦက ပြောသည်။
ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကျောက်ဖြူမြို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကို အများဆုံးထောက်ခံအားပေးခဲ့သည့် မြို့တမြို့အဖြစ် ရခိုင်ပြည်နယ်တွင် ထင်ရှားခဲ့သည်။
No comments:
Post a Comment