Monday, August 16, 2010

ဆေး ယောင်ဆောင်သော အဆိပ်


(၁)
“ကွမ်း ဆေး လက်ဖက် နတ်သစ်ရွက်” လို့ ယုံကြည်ကြတဲ့အတိုင်း မြန်မာလူမျိုးတွေဟာ ဆေးနဲ့ ရင်းနှီးကြပါတယ်။ ရှေးကတည်းက မြန်မာလူမျိုးတွေရဲ့ အမြင်အသိမှာ ဆေးဆိုတဲ့ဝေါဟာရကိုက ကျန်းမာရေးအတွက် တစ်စုံတစ်ခုသောအတိုင်းအတာရှိမယ်လို့ ယုံကြည်လက်ခံခဲ့ကြပါတယ်။

ဒါကြောင့်ဆေးတံသောက်ရှူတာကို ဆေးဖြစ်ဝါးဖြစ် သောက်ရှူတယ်လို့ပဲ လက်ခံယုံကြည်ခဲ့ပုံရပါတယ်။ ဆေးသောက်ရင် ဆံပင်နက်မယ်၊ မျက်စိကြည်မယ်၊ ခံတွင်းသန့်တယ်လို့ ယုံကြည်တာကြောင့်လည်း ပါမယ်ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသတွေမှာဆိုရင် ဆေးကို လိပ်သောက်တာပဲဖြစ်ဖြစ်၊ ဆေးတံနဲ့ ရှူရှိုက်တာပဲ ဖြစ်ဖြစ် မိဘဘိုးဘွားအမွေလို လက်ခံ ကျင့်သုံးလာတယ်ဆိုတာ ယခုချိန်ထိ မြင်နိုင်ပါသေး တယ်။ မြန်မာ့ဓလေ့မှာ ဆေးတံသောက်ရှူတာကို တကောင်းခေတ်၊ သရေခေတ္တရာ (ပျူ) ခေတ် ကာလတွေကတည်းက အစပျိုးခဲ့တယ်လို့ဆိုပါတယ်။ အဲ့ခေတ်အချိန်ကာလက အိန္ဒိယ နိုင်ငံရဲ့ ယဉ်ကျေးမှုသြဇာဟာ မြန်မာနိုင်ငံအပေါ်မှာ သက်ရောက်နေတာဖြစ်တဲ့အတွက် ဒီဆေးတံသောက်ရှူတဲ့ဓလေ့စရိုက်ဟာ အိန္ဒိယကနေ ဆင်းသက်လာတယ်လို့လည်း သိရပါတယ်။

ကုန်းဘောင်ခေတ်မှာ ဆင်ဖြူရှင်မင်းလက်ထက် ယိုးဒယားကိုတိုက်ခိုက်အောင်မြင်တဲ့အခါ ပါလာတဲ့ ယိုးဒယားလူမျိုးတွေက ဆေးကို ဆေးတံနဲ့ မသောက်ပဲ ငှက်ပျောရွက်နဲ့လိပ်သောက်တာကို ဗမာတွေက တွေ့ကြတဲ့အခါ ဗမာတွေကျတော့ ငှက်ပျောဖက်တင်မကတော့ဘူး၊ ပြောင်းဖူးဖက်၊ ဗြိစင်ဖက်၊ ဗန့်ပွေးဖက်၊ ထန်းဖူး စတဲ့ မီးရှို့ရင် မညှော်နိုင်တာတွေနဲ့ ဆေးကို လိပ်သောက်လာကြပါတယ်။ ခေတ်တွေ ဘယ်လောက်ပဲ ပြောင်းလာ ပေမယ့် ယိုးဒယားလူမျိုးတွေမှာလည်း တချို့တောင်သူလယ်သမားကြီးတွေက ခုချိန်ထိ ဆေးကို လိပ်သောက်နေတုန်းပါ။ ယိုးဒယားအခေါ်တော့ ပွတ်ချွန်းလို့ဆိုတာပဲ။

ဟိုတုန်းကတော့ ဆေးလိပ်တစ်လိပ်သောက်ရဖို့အရေးဟာ အတော်လေး ကရိကထများ တယ်လို့ ဆိုရပါမယ်။ ပထမအနေနဲ့ ဆေးလိပ်တစ်လိပ်ရဖို့အတွက် အချိန်အားရပါဦးမယ်။ ဆေးလိပ်အဆင်သင့်လိပ်ဖို့အတွက် ဆေးရိုးကို ခုတ်ထစ် သွေ့ခြောက်အောင် နေလှန်းရဦးမယ်။ ဆေးလိပ်တဲ့ ဖက်ကိုလည်း သွေ့ခြောက်အောင်လုပ်ပြီး မစုတ်မပြဲအောင် သေသေသပ်သပ် စုဆောင်းထားရဦးမယ်။ ပြီးရင် ဆေးလိပ်ရှူရှိုက်တဲ့အခါမှာ ဆေးသားတွေ ပါးစပ်ထဲ ဝင်မလာအောင် အစီခံဆိုတာမျိုးတွေလည်း လိုအပ်ပါသေးတယ်။ အဲ့ဒါတွေ အားလုံးကို လည်း တချိန်တည်း တပြိုင်တည်းမှာ လွယ်လွယ်နဲ့မရပါဘူး။ ရှေးတုန်းက မြန်မာများကတော့ သေသေချာချာ စုဆောင်းထားပြီး ကိုယ်သောက်ချင်တဲ့အချိန်မှာ လိပ်သောက်ပါတယ်။

ဒါ့အပြင် မီးခြစ်တောင် မပေါ်သေးတဲ့ အဲ့ဒီအချိန်ကာလမှာ ဆေးလိပ်တလိပ်သောက်ရဖို့အရေးအတွက် မီးကလိုပါသေးတယ်။ ကျောက်စနဲ့ ဝါးဂွမ်းစကိုတေ့ထားပြီးမှ သံနဲ့ခတ်လို့ မီးကို ယူရတဲ့အချိန်ကာလလေ။ ဆေးလိပ်သောက်ဖို့ ရှိုက်ဖို့ဆိုတာ မလွယ်လှပါဘူး။ နောက်ပိုင်း အင်္ဂလိပ်ဝင်ပြီးနောက်မှ လက်တဖျစ်အတွင်း ရှဲကနဲ မီးထတောက် တတ်တဲ့ မီးခြစ်ဆိုတာ ပေါ်လာပါတယ်။ နောက်ပိုင်းတော့ ဆေးလိပ်ဆိုတာ လိပ်ရောင်းတဲ့သူတွေ ဒုနဲ့ဒေးဖြစ်လာပါတယ်။ ဆေးလိပ်ခုံတွေလည်း မြန်မာပြည်အနှံ့အပြားမှာ မှိုလို ပေါက်လာပါတယ်။

နောက်ပိုင်း ဆေးလိပ်တွေတွင်ကျယ်လာတာဟာ လူတွေ သုံးစွဲဖို့အတွက်တင်မဟုတ်ဘူး၊ လူမှုဆက်ဆံရေး အဝန်းအဝိုင်းမှာပါ မျက်နှာပန်းလှတဲ့အတွက်ကြောင့်ဖြစ်နိုင်ပါတယ်။ ဟိုး တုန်းကတည်းက ခုချိန်ထိ မြန်မာလူမျိုးတွေရဲ့ အလှူမင်္ဂလာဆောင်တွေမှာ ဆေးလိပ်ကမ်း တဲ့ ဓလေ့ မပျောက်ပျက်သေးပါဘူး။ အမြတ်တနိုးနဲ့လည်း ခုချိန်ထိ ဆေးလိပ်ကို ကမ်းနေ ကြဆဲပါ။ အိမ်ဧည့်သည် ဆောင်သည်လာရင်လည်း ဆေး၊ ကွမ်း၊ လက်ဖက်အစုံအလင်နဲ့ ဧည့်ခံတတ်တာလည်း မြန်မာလူမျိုးတို့ ဓလေ့စရိုက်ထဲမှာ တခုအပါအဝင်ဖြစ်ပါတယ်။ ဒါ မြန်မာနိုင်ငံတစ်ခုထဲမှာတင်ပဲရှိပါသေးတယ်။ ခုနောက်ပိုင်း တိုးတက်ထွန်းကားလာတဲ့ ခေတ်မှာလည်း ဆေးလိပ်က လူရာပိုဝင်လာတယ်လို့ဆိုရပါတယ်။ ဥပမာ တရုတ်တို့ ဘာ တို့မှာဆိုရင် သူစိမ်းမိတ်ဆွေနဲ့ မိတ်ဆက်တဲ့အခါ သူ့ဆေးလိပ် ကိုယ့်ဆေးလိပ် အပြန်အလှန် ပေးပြီး မိတ်ဖွဲ့တတ်တယ်လို့ ဆိုပါတယ်။ တရုတ်မှာ လူတိုင်းနီးပါးလောက် ဆေးလိပ် သောက်တယ်လို့ သိရပါတယ်။

ဟိုးအရင်ကတော့ ဆေးသားကို ဖက်တစ်ခုခုနဲ့လိပ်ထားတဲ့ ဆေးလိပ်ဟာ အတွင်ကျယ်ဆုံးပါ။ ခုနောက်ပိုင်းတော့ နိုင်ငံခြားဖြစ် စီးကရက်ဆိုတာတွေ မှိုလိုပေါက်လာတဲ့အခါ လူတွေလက်ကြားမှာ စီးကရက်၊ ပါးစပ်ဖျားမှာ စီးကရက်နဲ့ဖြစ်လာပါတယ်။ အိမ်မှာနေရင်သာ ဆေးပေါ့လိပ်သောက်မယ်။ လူကြားသူကြားထဲဆို ဆေးပေါ့လိပ်ကို မသောက်လိုတော့ပါဘူး။ နောက်တစ်ခုက ဆေးပေါ့လိပ်က ဖွာလိုက်ရှိုက်လိုက်ရင် မီးစ မီးပွားတွေက အပြင်ကို လွင့်ထွက်တတ်ပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်သုံးသူတွေရဲ့ အဝတ်အစားတွေဟာ အမြဲတမ်းလိုလို ဆေးလိပ်မီးပေါက်ရာလေးတွေရှိနေတတ်တာပါ။ မြန်မာပြည်ကို ပထမဆုံးဝင်လာတဲ့ နိုင်ငံခြားဖြစ်စီးကရက်က မြင်းစီးပြီး ဂေါက်ရိုက်နေတဲ့ ပိုလိုတံဆိပ်စီးကရက်ပါ။

ဆေးလိပ်ဟာ ဘယ်လောက်ထိ လူတောတိုးသလဲဆိုရင် ဗုဒ္ဓဘာသာ၊ မွတ်စလင်၊ ဟိန္ဒူ၊ ခရစ်ယာန်ရယ်လို့ ခွဲမထားပါဘူး။ လူမျိုး မရွေး ဘာသာမရွေး သုံးစွဲတဲ့အဆင့်မှာရှိပါတယ်။ ဘယ်ဘာသာတရားကမှ တရားတော်နဲ့မညီလို့ ဆေးလိပ်မသုံးစွဲဘူးဆိုတာ ယနေ့ကမ္ဘာမှာ မကြားဖူးသေးပါဘူး။

ဒုတိယကမ္ဘာစစ်အတွင်းကဆိုရင် စစ်မြေပြင်ပေါ်မှာရှိတဲ့ စစ်သားတွေ စစ်တိုက်ချင်စိတ် ပေါက်အောင် ရာရှင်ဆိုတဲ့ ရိက္ခာခွဲတမ်းထဲမှာ ဆေးလိပ်ဆိုတာပါ ပါတယ်။ ရာရှင်ခွဲတမ်းထဲမှာ ဆေးလိပ်ဟာ အများဆုံးရတဲ့ ရိက္ခာတစ်ခုပါ။


(၂)
အစစအရာရာ အဘက်ဘက်ကပြောင်းလဲနေတဲ့ ဒီနေ့ ၂၁ ရာစုခေတ်ကြီးမှာတော့ ဆေးလိပ် စီးကရက်ဆိုတာ ဝင်ငွေကောင်းတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုလိုဖြစ်လာပါပြီ။ လူတိုင်း လက်ထဲမှာ စီးကရက်လေးကိုင် ဖွာရှိုက်ရင်ပဲ လူရာဝင်သလိုလိုဖြစ်လာနေပါပြီ။ ပြီး ဒီခေတ်မှာ ဆေးလိပ် စီးကရက်တွေ လူတိုင်း တွင်တွင်ကျယ်ကျယ် သုံးစွဲလာတာဟာ ကြော်ငြာ တွေကြောင့်လည်း ဖြစ်ပါတယ်။

ငယ်ရွယ်တဲ့လူငယ်လေးတွေဟာတီဗီရုပ်ရှင်တွေမှာသူတို့လေးစားအားကျတဲ့သရုပ်ဆောင်တွေရဲ့ နေပုံထိုင်ပုံကို အတုယူတတ်ကြပါတယ်။ တီဗီရုပ်ရှင်တွေဲမှာ သရုပ်ဆောင်တွေက စမတ်ကျကျ ဆေးလိပ်လေးခဲပြထားရင် အပြင်မှာကြည့်နေတဲ့ လူငယ်တွေက အဲ့ဒါကိုအားကျပြီး အတုယူပါတယ်။ ဒါကြောင့်လည်း နောက်ပိုင်းမှာ တီဗီရုပ်ရှင်တွေမှာ သရုပ်ဆောင်တွေရဲ့ ဆေးလိပ်သောက်တဲ့ ဇာတ်ကွက်တွေမှာ ကွက်ကွက်လေး ဆင်ဆာ ဖြတ်လာတတ်ပါတယ်။

တချို့များကျတော့လည်း ဇာတ်လမ်းသဘောသဘာဝအရ ဆေးလိပ်မသောက်တတ်တဲ့ သရုပ်ဆောင်တွေဟာ ဇာတ်လမ်းထဲမှာ ထိပါများတော့ အပြင်မှာပါ သောက်ဖြစ်သွားလေ့ရှိတတ်ပါတယ်။ ဒီဘက်နောက်ပိုင်းမှာ တံဆိပ်အမျိုးမျိုးတပ်ပြီး ထွက်လာတဲ့ ဆေးလိပ် စီးကရက်တွေ အနံအရသာတွေနဲ့ သုံးစွဲသူတွေကို စွဲဆောင်သိမ်းသွင်းလာနိုင်တဲ့အတွက် ဆေးလိပ်ဟာ အဝတ်အစားလိုပဲ ဖက်ရှင်တမျိုး ဖြစ်လာပါတယ်။ အဆိုး ဆုံးကတော့ ဆေးလိပ် အရက်စတာတွေကို အားကစားနဲ့ တွဲဖက်ပြီး ကြော်ငြာတာမျိုးတွေပါ။

ဆယ်ကျော်သက်အရွယ်ကတည်းက ဆေးလိပ်သောက်ခဲ့တဲ့သူဟာ အသက်ကြီးချိန်ထိတိုင် ဆေးလိပ်ဖြတ်ဖို့ စိတ်ရာခိုင်နှုန်းဟာ အနည်းငယ်သာ ကျန်ပါတော့တယ်။ ငယ်ငယ် ကတည်း သောက်လာသုံးလာခဲ့တာကိုး။

ရှေးကတည်း စွဲလာခဲ့တဲ့ အကျင့်ကို အလွယ်တကူနဲ့ ဖျောက်ဖို့ဆိုတာ မလွယ်တာအမှန်ပါ။ ဆေးလိပ်ရဲ့နောက်မှာ ဖြစ်လာတတ်တဲ့ ဆိုးကျိုးတွေကိုလည်း သတင်းနဲ့မီဒီယာတွေဖွံ့ဖြိုးလာမှုအောက်မှ သိတန်သင့်သလောက် သိပါတယ်။ သိပေမယ့်လည်း မရပ်ပါဘူး။ အချိန် ကာလ အတော်ကြာ လုပ်လာခဲ့တဲ့ အလုပ်ကို တိကနဲဖြတ်ဖို့ဆိုတာ မလွယ်ပါဘူး။ တချို့များဆိုရင် ဆေးလိပ်ကို ညဘက်အိပ်နေရင်း နိုးတဲ့အချိန်မှာ ထထဖွာတတ် ရှိုက်တတ်ပါတယ်။ အဲ့လိုမှ မဖွာရ မရှိုက်ရရင် သူတို့ဆက်အိပ်လို့ မရတော့ပါဘူး။ ဆိုချင်တာက အစွဲအလမ်းတစ်ခုဟာ အတော်လေးကို ဖျောက်ဖို့ခက်ပါတယ်။


(၃)
ဆေးလိပ်သောက်သုံးသူရဲ့ နောက်ထွက်ဆိုးကျိုးတွေမှာ အဓိကကတော့ ကျန်းမာရေးပါပဲ။ ထူးခြားလွန်းတာက ဆေးလိပ်သုံးစွဲသူတွေဟာ ကိုယ့်ကျန်းမာရေးကို ကိုယ်ဘာသာကို မွေးမြူနေတဲ့အဖြစ်ပါ။ အဖြစ်များဆုံးရောဂါကတော့ အဆုတ်ကိုထိခိုက်မှုပါပဲ။ ဒါ့အပြင် လည်ချောင်းကင်ဆာ၊ ဆီးအိမ်၊ ကျောက်ကပ် ထိခိုက်မှုနဲ့ နှလုံးရောဂါလိုဟာမျိုးတွေက နောက်ဆက်တွဲ တတ်ပါသေးတယ်။

အဆုတ်ကင်ဆာ အများဆုံးဖြစ်တတ်တဲ့အရွယ်တွေက အသက် ၅ဝ ကျော် ၆ဝ ကျော် အတွင်းမှာပါ။ ဒါပေမယ့် အသက် ၂ဝ အထက်မှာ စပြီး အဆုတ်ကင်ဆာ ဖြစ်နိုင်တယ် လို့လည်း ကျွမ်းကျင်တဲ့ ကျန်းမာရေးသုတေသီတွေက ဖော်ပြထားပါတယ်။

ဆေးလိပ်ကြောင့်ဖြစ်တဲ့ အဆုပ်ကင်ဆာကို (၄) မျိုးလောက် ခွဲထားပါတယ်။
(၁) Squamous Cell Carcinoma
(၂) Adenocarcinoma
(၃) Small Cell Carcinoma
(၄) Large Cell Carcinoma ဆိုပြီးတော့ပါ။

အဆုတ်ကင်ဆာဖြစ်လာရင် ပြတတ်တဲ့လက္ခဏာတွေကတော့
၁။ ကာလ ကြာရှည်စွာ ချောင်းဆိုးခြင်း
၂။ ချောင်းဆိုးလျှင် သွေးပါခြင်း
၃။ ကိုယ်အလေးချိန် ကျဆင်းခြင်း
၎။ အစားအသောက် ပျက်ခြင်း
၅။ ရင်ဘတ်အောင့်ခြင်း
၆။ အကျိတ်များထွက်ခြင်း
၇။ မောပန်းနွမ်းနယ်ခြင်း တို့ပဲဖြစ်ပါတယ်။

ကင်ဆာဖြစ်ပွားတဲ့ နေရာနဲ့ ရောဂါရဲ့ အနုအရင့်ပေါ်လိုက်ပြီး လက္ခဏာတွေက ကွဲပြားတတ်ပါတယ်။ အဆုတ်ကင်ဆာ ရောဂါဖြစ်နေတယ်ဆိုတာကို စောစောစီးစီး သိရှိတယ် ဆိုရင်ဖြင့် အသက်ရှင်နိုင်ခွင့်အခွင့် အလမ်းဟာ (၅ဝ) ရာခိုင်နှုန်းထိရှိတယ်လို့ ဆိုပါတယ်။

ဆေးလိပ်သောက်သူတစ်ယောက်ဟာ အဆုတ်ကင်ဆာဖြစ်လာပြီဆိုရင် အရင်ဆုံးပြတဲ့ လက္ခဏာဟာ ချောင်းဆိုးလာတာပါပဲ။ နောက် မပြတ်ဆိုးလာမယ်။ များသောအားဖြင့်တော့ ဆေးလိပ်သောက်သူတွေက ချောင်းဆိုးတတ်တဲ့အလေ့ရှိတော့ သိပ်ဂရုမူမိမယ်မထင် ပါဘူး။ နောက် ရင်ဘတ်ထဲက နည်းနည်းအောင့်လာမယ်။ ဒါကိုလည်း သိပ်ဂရုမူမယ် မထင်ပါဘူး။ နည်းနည်းပါးပါးကုသလိုက်ရင် အကောင်အထည်မပေါ်သေးတဲ့ ရောဂါက အလိုလို ငုတ်လျှိုးသွားတာပါပဲ။ အရှင်းကြီးပျောက်သွားတာတော့မဟုတ်ဘူး။ ဘယ်အချိန် ဘွားကနဲ ရှေ့ထွက်လာမလဲဆိုတာလည်း ဘယ်သူမှ အတတ်မပြောနိုင်ဘူး။

ဆေးလိပ်နဲ့ အဆုတ်ကင်ဆာရဲ့ဆက်စပ်မှုကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၇ဝ) ကျော်လောက်ကတည်းက အမေရိကလို ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေက လေ့လာသိရှိခဲ့ပါတယ်။ သို့သော်လည်း အလွန်ခေတ်မီတယ်၊ ကျွမ်းကျင်မှုတွေနဲ့ ဆေးဝါးတွေအလုံအလောက်ရှိတယ်ဆိုတဲ့ နိုင်ငံကြီးတွေမှာတောင် ဆေးလိပ်ကြောင့်ဖြစ်တဲ့ရောဂါတွေကို မတားဆီးနိုင်ပါဘူး။ တစ်နှစ် တစ်နှစ် ဆေးလိပ်ကြောင့်သေတဲ့ လူတွေဟာ စစ်ပွဲမှာ ကျဆုံးတဲ့ စစ်သည်အရေအတွက်ထက် ပိုများပါတယ်။

ဒါ့အပြင် ဆေးလိပ်သောက်သုံးသူများဟာ သူတို့ရဲ့ အဆုတ်နှင့် ကိုယ်ခန္ဓာ ခုခံနိုင်တဲ့စွမ်းအားတို့ ပြောင်းလဲမှုကြောင့် အိတ်ခ်ျအိုင်ဗီပိုးကူးစက်မှုမှာလည်း ပိုမိုလွယ်ကူစေပါတယ်။ ဒါဟာ ဆေးလိပ်ကြောင့် အဆုတ်ရဲ့တည်ဆောက်ပုံအနေအထားပြောင်းတာ၊ အိတ်ခ်ျ အိုင်ဗီပိုးဝင်ရောက်လာခဲ့ရင် ခန္ဓာကိုယ်က တုံ့ပြန်တဲ့ ခုခံနိုင်မှုစွမ်းရည် ပြောင်းတာတွေကြောင့် ဖြစ်ရတာလို့ လေ့လာမှုများက ဖော်ပြထားပါတယ်။

ဒီလို လူကို ဘေးဥပါဒ်ဖြစ်စေတတ်တဲ့ ဆေးလိပ်ကို အစိုးရတွေကရော မတားဘူးလား။ တားတန်သင့်သလောက်တော့တားပါတယ်။ ဥပမာ တီဗီကြော်ငြာတွေမှာ အကန့်အသတ်နဲ့ ကြော်ငြာလာရတာမျိုး (ခုနောက်ပိုင်းတော့ တီဗီတွေမှာ စီးကရက်ကြော်ငြာသိပ်မတွေ့ရတော့ပါဘူး)၊ စီးကရက်ဗူးတွေမှာ ရောဂါပုံကပ်ထားတာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် ဒီ ဆေးလိပ်ကရတဲ့ အခွန်အခတွေက ပြည်သူတွေရဲ့ ကျန်းမာရေးစရိတ်ကို ပြန်လည် ထောက်ပံ့နိုင်လောက်အောင် လုံလောက်တဲ့ ငွေကြေးပမာဏတွေဖြစ်နေတဲ့အတွက် အစိုးရတွေက ပိုမိုတင်းတင်း ကျပ်ကျပ်မလုပ်တာလည်း ဖြစ်ကောင်းဖြစ်ပါမယ်။


(၄)

ဆေးလိပ်နဲ့ပတ်သက်လို့ ကျွမ်းကျင်ဆရာဝန်ကြီးတွေရဲ့ ဆေးလိပ်ဖြတ်နည်း အကြံပြုချက် တွေကလည်း အမျိုးမျိုးပါ။ ဥပမာ .. ဆေးလိပ် ကြိုက်တတ်သူတဦးအနေနဲ့ ကိုယ့် အကြိုက် ဆုံး တံဆိပ်ကို မဝယ်ပဲ အညံ့ဆုံးတံဆိပ်မျိုးကို ဝယ်ခိုင်းတာမျိုး၊ ဆေးလိပ်သောက်ချင်တဲ့ အချိန် ချဉ်ခြင်းတပ်လာတဲ့အချိန်မှာ မသောက်ပဲ အချိန်ကို ဆွဲနိုင်သမျှ ဆွဲထားခိုင်းတာမျိုး၊ ပြီး ဆေးလိပ်ကို လွယ်လင့်တကူရရှိနိုင်မယ့် နေရာမျိုးမှာ မထားခိုင်းတာမျိုး စသည့်ဖြင့် စုံလို့ပါပဲ။ သူတို့ နည်းပေးလမ်းပြသလို လိုက်လုပ်နိုင်ရင်တော့ ကောင်းပါတယ်။

နောက်တစ်ခုက ဆေးလိပ်သောက်ရာမှာ အန္တရာယ်အကြီးမားဆုံးလို့ ဆိုရပါမယ်။ အမျိုးသမီးတွေ ဆေးလိပ်သောက်ခြင်းပါပဲ။ ဆိုလိုချင်တာက ယောက်ျားသားများထက် ပိုအန္တရာယ်ရှိပါတယ်။ သဘာဝပေးထားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံမတူညီမှုမှာ ဆေးလိပ်ကပေးတဲ့ အဆိပ်ဒဏ်ဟာ အမျိုးသမီးများကို ပိုမိုထိစေပါတယ်။ နောက်တစ်ခု အမျိုးသမီးတွေမှာ တာဝန်တစ်ခုဖြစ်တဲ့ သားမွေးတာဝန်မှာလည်း ဆေးလိပ်ကြောင့် ပဋိသန္ဓေကို ကောင်း ကောင်းကြီး ဒုက္ခပေးနိုင်ပါတယ်။ တချို့တလေများ ဆေးလိပ်က ဘယ်လောက်ထိ ဒုက္ခ ပေးလဲဆိုရင် မျိုးဆက်တောင်မွေးထုတ်လို့မရတော့ပဲ မြုံသွားတဲ့အထိ ဒုက္ခပေးပါတယ်။ တချို့အမျိုးသမီးတွေဆိုလည်း မွေးလာတဲ့ကလေးတွေဟာ ပေါင်ချိန်မပြည့်ပဲ မွေးလာ တတ်ပါတယ်။ ဆေးလိပ်ရဲ့ ဒုက္ခပေးပုံက အတော်ကြောက်စရာကောင်းပါတယ်။

ဆေးလိပ်မီးခိုးထဲမှာ နီကိုတင်းအဆိပ်အပြင် အခြား ကာဘွန်မိုနော့ဆိုဒ်ဆိုတဲ့ ဓာတ်ငွေ့တမျိုးလည်း ပါဝင်ပါသေးတယ်။ ကာဘွန်မိုနော့ဆိုဒ်က လူ့သွေးထဲမှာရှိတဲ့ အောက်ဆီဂျင် ဓာတ်ပါဝင်နှုန်းကို လျော့ပါးစေတဲ့အတွက် ဟော်မုန်းဓာတ်ထုတ်လုပ်ရေးဘက်ကို ထိခိုက်စေပါတယ်။ ဒါကြောင့် ဆေးလိပ်ကထွက်တဲ့အငွေ့ကို အနားမှာနေတဲ့သူတွေက ရှူရှိုက်မိတဲ့ အခါ ဆေးလိပ်သောက်သူလိုပဲ ဆိုးကျိုးတွေ ရနိုင်ပါတယ်။ ဒါကြောင့် တချို့နိုင်ငံတွေမှာ ဆေးလိပ်သောက်တဲ့နေရာဆိုတာ သီးသန့်ပေါ်လာတာဖြစ်နိုင်ပါတယ်။

ဆေးလိပ်သောက်သူတွေဟာ သူတို့ဘဝမှာ အပျော်သဘောမျိုးသောက်ရကနေ စွဲသွားတာ တွေရှိသလို လူငယ်တွေကြားမှတော့ အတုခိုးမှားမှုတွေကြောင့် စွဲရတွေရှိပါတယ်။ ဒါ့အပြင် ယနေ့ခေတ်လူငယ်များအကြား ဆေးလိပ်သောက်သုံးမှုဟာ စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ သောက်သုံးကြတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကျေးလက်ဒေသတွေမှာတော့ လူကြီးသူမတွေကနေ ကလေးတွေကို ဆေးလိပ်မီးတို့ခိုင်းရာကနေ ဆေးလိပ်စွဲလာသူတွေ တပုံကြီးပါ။

ပိုမိုဆိုးရွားတာက ယနေ့လူ့အဖွဲ့အစည်းအသိုင်းအဝိုင်းမှာ ကျောင်းနေအရွယ် ၁၄ -၁၅ နှစ် သားကျောင်းသားအရွယ်တွေကြားမှာ ဆေးလိပ်သုံးစွဲမှုဟာ အတော်ကျယ်ပြန့်လာနေပါပြီ။ ဘယ်လောက်ပဲ တားဆီးတားဆီး လူငယ်ကလေးတွေရဲ့ အတုမြင် အတတ်သင်စိတ်ဟာ အမှားလမ်းပေါ် ခြေတဖက်ချနင်းထားသလိုဖြစ်နေပါတယ်။


(၅)
နှစ်ကာလာကြာမြင့်စွာ ထွန်းကားလာခဲ့ပြီဖြစ်တဲ့ ဆေးလိပ်သောက်သုံးတဲ့ ယဉ်ကျေးမှု အောက်မှာ မီးကျွမ်းခဲ့ရတဲ့ ဆေးလိပ်တိုတွေ သိန်းသန်းနဲ့ချီ ပြန့်ကျဲနေသလို အငွေ့ထဲက အဆိပ်တွေကလည်း လူ ဘယ်လောက်ကိုများ သတ်ပြီးပြီလဲဆိုတာ အတိအကျ မခန့်မှန်းနိုင်ပါဘူး။

အဲ့ဒီလိုပါပဲ ဆေးလိပ်ကြောင့် ငွေကြေးတပုံတပင်ကြီးနဲ့ ချမ်းသာလာသူတွေရှိသလို ဒီဆေးလိပ်တွေကရတဲ့ အခွန်အခတွေကြောင့် ကမ္ဘာပေါ်မှာ ဆေးလိပ်သောက်သုံးမှု ကင်းစင်ဖို့ ဆိုတာ လေထဲ တိုက်အိမ်ဆောက်ရသလိုပါပဲ။

ငွေကြေးအတွက် စီးပွားရေးသမားတွေက ဆေးလိပ်ကို ဆက်လက်ပြီး ထုတ်လုပ်နေဦး မှာပါပဲ။ ဒီလိုပါပဲ နိုင်ငံရဲ့အစိုးရတွေကလည်း ဆေးလိပ်ကနေ နင့်ကနဲရတဲ့ အခွန်အခ တွေကြောင့် ထိရောက်တဲ့ တားမြစ်မှုတွေကို တွန်းတွန်းတိုက်တိုက်လုပ်မှာမဟုတ်ပါဘူး။ သုံးစွဲသူတွေအနေနဲ့လည်း ကျန်းမာရေးပြစ်ချက်တွေ ဘယ်လောက်ပဲရှိရှိ အကြောင်းပြချက် အမျိုးမျိုးအောက်မှာ ငွေကုန်ကြေးကျခံ ဆက်လက်သုံးစွဲနေဦးမှာပါပဲ။

“ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုထိခိုက်နိုင်သည်” ဟူသည့် သတိပေးကြော်ငြာများဟာလည်း နိုင်ငံ၊ တိုင်းပြည်အမျိုးမျိုးတို့မှာ ဘာသာစကားအမျိုးမျိုးနဲ့ ဆက်လက်တည်ရှိနေဦးမှာပါ။

သို့ပေမယ့် ရိုးတိုးရိပ်တိပ်နဲ့ အဆိပ်ငွေ့တွေက တရားဝင်လိုင်စင်နဲ့ လူသတ်မှုတွေ ဆက်လက်ကျူးလွန်နေဦးမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။


No comments: