ခိုင်သိန်း
ရခိုင်ပြည် မာန်အောင်မြို့နယ် ပြည်ခိုင်ဖြိုး အတွင်းရေးမှူး၏ ရွေးကောက်ပွဲ စည်းရုံးရေး ခရီးစဉ်ကို ကျေးရွာသားများက ပိုစတာများ ကပ်ပြီး ကန့်ကွက် ခဲ့ကြသည်ဟု သတင်း ရရှိသည်။
သစ်ပုံ ကျေးရွာသား တဦးက သူတို့ရွာတွင် ပိုစတာ ကပ်ပြီး ကန့်ကွက်ခဲ့ကြပုံကို ယခုကဲ့သို့ ပြောသည်။
“ မာန်အောင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူး ဦးမောင်မြင့်က ကျွန်တော်တို့ရွာကို မဲဆွယ် စည်းရုံးဖို့လာတယ်လေ။ လာတာက ဒီလ ၁၅ ရက်နေ့ကပါ။ ရွာသားတွေက စာရွက်တွေမှာ “ ကြံ့ဖွံ့ ပါတီ အလိုမရှိ။ တစည ပါတီ အလိုမရှိ။ ” ဆိုတဲ့ စာတွေ ရေးသားထားတဲ့ စာရွက်တွေကို သစ်ပင်တွေမှာ ကပ်ထားကြတယ်။ ဦးမောင်မြင့် ရောက်ရှိလာတဲ့ အခါ စာရွက်တွေ ကပ်ထားတာကို မြင်တော့ ရွာကိုတောင် မ၀င်ဘဲနဲ့ ပြန်လည် ထွက်ခွာသွားပါတယ်။”
ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ဦးမောင်မြင့် မဲဆွယ်စည်းရုံးရန် အတွက် သစ်ပုံ ကျေးရွာသို့ လာရောက်မည့် အကြောင်းကို ရယက ဥက္ကဌထံမှ တဆင့် သိရှိထားသော ကျေးရွာသားများက ဦးမောင်မြင့် မရောက်မှီ ပိုစတာများရေးဆွဲကာ သစ်ပင်များတွင် ကပ်ထားခဲ့ကြခြင်း ဖြစ်သည်။
“အရင်ကတော့ ကြံ့ဖွံ့က ခေါင်းဆောင်တွေ လာရင် ရဲသားတွေ ပါလာတတ်တယ်။ အခု သူတို့က နိုင်ရေး ပါတီ ဖြစ်သွားပြီဆိုတော့ အစိုးရနဲ့လည်း သက်ဆိုင်မူ မရှိတော့တာကြောင့် ရဲတွေ ဘာတွေက မပါလာတော့ ဘူးလေ။ အဲဒါကို သိတဲ့ ရွာထဲက လူငယ်တွေက ရွာထဲမှာရှိတဲ့ အုန်းပင်တွေနဲ့ တခြား သစ်ပင်တွေမှာ “ကြံ့ဖွံ့ပါတီအလိုမရှိ၊ တစညပါတီ အလိုမရှိ” ဆိုတဲ့ စာတွေကို ကြိုတင်ကပ်ပြီး ရွာသားတွေရဲ့ သဘောထားကို ထုတ်ပြလိုက်တာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
သို့သော်လည်း အတွင်းရေးမှူး ဦးမောင်မြင့်က အဆိုပါ စာရေး ကန့်ကွက်သူများကို ဖေါ်ထုတ် အရေးယူ ပေးရန် သစ်ပုံ ရဲစခန်းမှူးနှင့် သစ်ပုံကျေးရွာ ရယက ဥက္ကဌတို့ကို ညွန်ကြားခဲ့သည်ဟု သူက ဆက်ပြောသည်။
“ ကြံ့ဖွံ့အတွင်းရေးမှူးက ဒီစာတွေကို ဘယ်သူကတွေက ရေးပြီး ဘယ်သူတွေက ကပ်သလဲဆိုတာ ခင်ဗျားတို့ မသိဘူးလား၊ ဒီလူတွေကို မတွေ့မချင်း ခင်ဗျားတို့ လိုက်လံ ဖေါ်ထုတ်ပေးရမယ်ဆိုပြီး ကျိန်းမောင်းသွားတဲ့အတွက် အခု စခန်းမှူး ဥာဏ်ထွန်းနဲ့ ရယက ဥက္ကဌ ဖိုးမြင့်တို့ အရေးတကြီး စာကပ်သူတွေကို လိုက်လံ ရှာဖွေနေပါတယ်။”
သစ်ပုံကျေးရွာမှာ မာန်အောင်မြို့မှ ၉ မိုင်ခန့် အကွာအဝေးတွင် တည်ရှိပြီး အိမ်ခြေ တစ်ထောင်ကျော် ရှိသော ကျေးရွာကြီး တစ်ရွာ ဖြစ်သဖြင့် ရဲနှင့် ရယကမှ စာရွက်ကပ်သူများကို လေ့လာ စုံစမ်း၍ မရဘဲ ဖြစ်နေကြောင်း သိရသည်။
ယခုအခါ မာန်အောင်မြို့နယ်တွင် ပြည်ခိုင်ဖြိုး ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှအပ တခြားပါတီများ မဲဆွယ်စည်းရုံးခြင်း မရှိသေးကြောင်း သိရသည်။
အလားတူ သြဂတ်စ်လ ၇ ရက်နေ့ကလည်း ကျောက်ဖြူမြို့နှင့် မြို့နယ် အတွင်း တည်ရှိသော ကြက်တိန် ကျေးရွာ အုပ်စု၊ ပျားတွဲ ကျေးရွာ အုပ်စု၊ စိုင်ခြုံ ကျေးရွာအုပ်စု၊ ကပ်သပြေ ကျေးရွာအုပ်စုများတွင် လည်း “စစ်ကျွန်သက်ဆိုး ရှည်မည့် ရွေးကောက်ပွဲကို ဆန်ကျင့်ကြ” “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းကို ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ ဆန့်ကျင်ကြ” စသည့် စာတန်းများ ပါသည့် နံရံကပ်စာများနှင့် လက်ကမ်း စာစောင်များကို အမည်မသိသူများက ဖြန့်ဝေ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
No comments:
Post a Comment