Friday, August 13, 2010

၁၃ သြဂတ်(စ်) အထိမ်းအမှတ်နေ့ ရန်ကုန်တွင် ကျင်းပ

မင်းဆက်ခိုင်

ယနေ့ သြဂတ်စ် ၁၃ ရက်နေ့တွင် ကျရောက်သော ၄၃နှစ်မြောက် စစ်တွေ ဆန်ပြဿနာနေ့ အထိမ်း အမှတ် အောက်မေ့ဖွယ် အခမ်းအနား တရပ်ကို ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်တွင် ကျင်းပ ခဲ့ကြသည်။

အဆိုပါ အခမ်းအနားကို တောင်ဒဂုံမြို့နယ် တနေရာတွင် ရန်ကုန်ရောက် ရခိုင်အမျိုးသားများက စုပေါင်း ကျင်းပခဲ့ကြခြင်းဖြစ်သည်။

အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်ပြီး ဦးဆောင် လှုပ်ရှားသူတဦးဖြစ်သူ မပံသုစံက ယခုကဲ့သို့ ပြောသည်။

“ ဒီနေ့ဟာ ကျမတို့ ရခိုင်တမျိုးသားလုံးအတွက် အဓိကရက်တွေထဲက တရက်ဖြစ်သလို တိမ်ကောသွားပြီး မေ့ပျောက်ပစ်လိုက်လို့ မရတဲ့ နေ့တနေ့ဖြစ်ပါတယ်။ ပြီးတော့ ဒီနေ့ကို မှီလိုက်တဲ့ သူတွေက ပြည်ထဲမှာ ရှားလာပြီးတော့ ဒီလိုနေ့မျိုးအကြောင်းတွေကို မသိသေးတဲ့ မျိုးဆက်သစ် လူငယ်တွေလည်း အများကြီး ဖြစ်လာပါတယ်။ ဒါကြောင့် မျိုးဆက်သစ် သိရှိစေဖို့အတွက် ဒီလို နေ့မျိုးတွေကို ဖေါ်ထုတ်ပြီး မလုပ်ကြရင် ရခိုင်တမျိုးသားလုံးရဲ့ သမိုင်းဟာ တိန်ကော သွားနိုင်ပါတယ်။ ပြီးတော့ ဒီလိုနေ့မှာ ရခိုင်လူမျိုးတွေဟာ အစုလိုက် အသတ်ခံခဲ့ရတယ်ဆိုတာကို မျိုးဆက်သစ် လူငယ်တွေနဲ့ ပြည်သူတွေ သိရှိအောင် ပြုလုပ်ရခြင်းဖြစ်ပါတယ်။”

အခမ်းအနားတွင် ၁၃ သြဂတ်(စ်) စစ်တွေ ဆန်ပြဿနာနေ့တွင် ကျဆုံးခဲ့ကြသော ရခိုင်ပြည်သူများ အတွက် ဆုတောင်းအမျှဝေခဲ့ကြသည်။

တက်ရောက်လာသူများထဲမှ တဦးချင်းစီ ၁၃သြဂတ်(စ်)နှင့် ပတ်သက်ပြီး မိမိခံစားချက်များ၊ အသိအမြင် သဘောထားများ တင်ပြ ဆွေးနွေးခဲ့ကြပြီး ၁၃သြဂတ်(စ်)နေ့ အထိမ်း အမှတ် ပို့စ်ကဒ်များ ကိုလည်း တက်ရောက် လာသူများကြားတွင် ဖြန့်ဝေခဲ့ကြသည်ဟု သိရသည်။

၁၉၆၇ခုနှစ်တွင် ရခိုင်ပြည်ရှိ လယ်သမားများထံမှ ဗိုလ်နေဝင်အစိုးရသည် ဆန်စပါးများကို အတင်းအဓမ္မ ဝယ်ယူကာ ဂိုဒေါင်များဖြင့် သိုလှောင်ပြီး နိုင်ငံခြား တိုင်းပြည်များသို့ တင်ပို့ရောင်းချခဲ့သည်။ သို့အတွက် ရခိုင်ပြည်နယ်တွင် စားစရာမရှိအောင် ဆန်စပါးရှားပါးလာပြီး ပြည်သူများမှာ အငတ်ဘေး ဆိုက် ရောက်လာခဲ့ရသည်။ နောက်ဆုံးတွင် အငတ်ဘေးကြောင့် ရခိုင်ပြည်သူများ မခံမရပ်နိုင် ဖြစ်လာပြီး စစ်တွေမြို့တွင် ဗိုလ်နေဝင်းအစိုးရအား ဆန်ရောင်းချပေးရန် တောင်းဆိုခဲ့ကြသည်၊ ထိုသို့ တောင်းဆိုသည်ကို ဗိုလ်နေဝင်းအစိုးရအဖွဲ့မှ လက်နက်အားကိုးဖြင့် ရက်စက်ယုတ်မာစွာ သတ်ဖြတ် ပစ်ခဲ့သည်။

အဆိုပါ အရေးအခင်းတွင် ရခိုင်ပြည်သူ ၃၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်။ သို့သော်လည်း ဗိုလ်နေ၀င်း စစ်အစိုးရမှ ၂၄ ဦးသာ သေဆုံးကြောင်း စာရင်းလိမ်ကာ ထုတ်ပြန်ခဲ့သည်။

ထို ရခိုင်အမျိုးသားများ ကျဆုံးခဲ့ရသော နေ့မှာ ၁၃ သြဂတ်(စ်) (သို့) စစ်တွေ ဆန်ပြဿနာနေ့အဖြစ် သမိုင်းဝင် နေ့ တစ်နေ့ အဖြစ် သတ်မှတ် ခံခဲ့ရပြီး နှစ်စဉ် နှစ်တိုင်း သြဂတ်စ် ၁၃ ရက်နေ့ ရောက်တိုင်း ရခိုင်အမျိုးသားများက အောက်မေ့ ၀မ်းနည်းဖွယ်နေ့ အဖြစ် ကျင်းပကြသည်။

တောင်ဒဂုံမြို့နယ်တွင် ယနေ့ပြုလုပ်သော အခမ်းအနားကို နေ့လည် ၁၂နာရီတွင် စတင်ခဲ့ပြီး ညနေ ၃နာရီခန့်တွင် အဆုံးသတ်ခဲ့ကြကာ အခမ်းအနားသို့ ရဟန်းတော်များအပါအဝင် စုစုပေါင်း ၇၀ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

No comments: