သျှမ်းသံတော်ဆင့်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင် နအဖ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် ၀န်ကြီးများအဖွဲ့သည် ယခုလ ၁ရ ရက်နေ့က လားရိုးမြို့သို့ ရောက်ရှိခဲ့ပြီး ယနေ့အထိ ဒေသတွင်း၌ ခရီးလှည့်လည်နေကြောင်း အာဏာပိုင် သတင်းရပ်ကွက် များ အဆိုအရ သိရသည်။
ယမန်နေ့က မူဆယ်၊ နမ့်ခမ်းမြို့များနှင့် (၁၀၅) မိုင်ကုန်သွယ်ရေးဇုံသို့ ရောက်ရှိခဲ့ပြီး ယနေ့တွင် တာမိုးညဲ၊ ကွတ်ခိုင်မြို့ များသို့ လှည့်လည်နေကြောင်း သတင်းရပ်ကွက်က ဆိုသည်။
နအဖ၀န်ကြီးများဖြစ်သော ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်၊ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်၊ ပညာရေးဝန် ကြီး ဦးခင်မောင်မြင့်၊ လူမှုကယ်ဆယ်ရေးဝန်ကြီး ဦးမောင်မောင်ဆွေတို့လည်း ဦးသိန်းစိန်နှင့် အတူလိုက်ပါလာကြောင်း သိရသည် ။
“ရဟတ်ယာဉ်နဲ့လာတယ် မူဆယ်မှာတော့ သိန်း ၁၃၀၀ ကျော်ကုန်ကျတဲ့ ဆေးရုံအဆောင်သစ် ဆောက်တဲ့နေရာရယ် အထက ၂ ကျောင်းပေါ့ ခဏပဲဝင်သွားတယ် ဒီမှာတော့ ညမအိပ်ဘူး လားရိုးပြန်ခေါက်ပေါ့ ဒီမနက်တော့ တာမိုးညဲ၊ ကွတ် ခိုင်၊ သီပေါဘက် ပတ်နေတယ်” ဟု အာဏာပိုင်များနှင့်နီးစပ်သူ တစ်ဦးက ဆိုသည်။
ရွေးကောက်ပွဲ ကျင်းပရန် ရက် ၂၀ ခန့်သာ လိုတော့သဖြင့် လက်ရှိနအဖ၀န်ကြီးချုပ်အနေဖြင့် နောက်ဆုံးခရီး ဖြစ်ဖွယ်ရှိပြီး ၀န်ကြီးချုပ် တာဝန်ဖြင့် လာသည့်ခရီးလော သို့မဟုတ် ကြံ့ဖွံ့ပါတီ မဲဆွယ်စည်းးရုံးရေး ခရီးလော ဆိုသည်ကို သဲသဲကွဲကွဲ မသိရပေ။
“ပါတီကိစ္စဖြစ်ဖို့များတယ် ကျောင်းတို့ ဆေးရုံတို့ ၀င်ကြည့်တယ်ဆိုတာက ခဏပဲ အချိန်သိပ်မရဘူး တာဝန်နဲ့ဆိုရင် နောက် ဆုံး ခရီးလို့ ပြောလို့ရတယ်” ဟုသူက ဆိုသည်။
သျှမ်းပြည် မြို့နယ်အတော်များများ၌ ဦးသိန်းစိန်၏ ကြံ့ဖွံ့ပါတီသည် ကျားဖြူပါတီ (ခေါ်) သျှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီအား ရွေးကောက်ပွဲ အနိုင်ရရေး မလွယ်ကူကြောင်း လေ့လာသူများက ဆိုသည် ။
No comments:
Post a Comment