Sunday, May 10, 2009

ခိုင်းနွားများရှား လယ်သမားအခက်တွေ့

လေးငယ်

စက်မှု မထွန်းကား သေးသည့် မြန်မာ နိုင်ငံတွင် လယ်သမား များသည်၊ ၄င်းတို့၏ လယ်ယာကို ထွန်ယက်စိုက်ပျိုး နိုင်ရန် အတွက် ခိုင်း ကျွဲ၊ ခိုင်းနွား များကိုသာ အဓိက အားထားပြီး လုပ်ကိုင် နေခဲ့ကြ ပါသည်၊၊ သို့သော် ပဲခူးတိုင်း အနောက်ခြမ်းမှ ပြည်ခရိုင်နှင့် သာယာဝတီ ခရိုင် မှာတော့ ခိုင်းကျွဲ၊ ခိုင်းနွားများ ရှားပါး လာနေသည့် အတွက် ဒီနှစ် မှာလယ်လုပ်ရန် ကိုပင် လယ်သမားများ အခက်အခဲဖြစ် လာနေ ကြပါသည်၊၊ သို့ကြောင့် ခိုင်းကျွဲ၊ ခိုင်းနွားများ ပေါများ ခဲ့သည့် ဤဒေသမှာ ဘာကြောင့် ခိုင်းကျွဲ၊ ခိုင်းနွား များရှားပါး လာရပါ သလဲ – ဒေသခံ လယ်သမား များ၏ လက်တွေ့ ရင်ဆိုင်မြင်တွေ့ နေရသည့် အခြေအနေကို မေးမြန်းပြီး ယခုလို တင်ပြပါသည်၊၊


- ပထမအကြောင်းရင်းမှာ ရန်ကုန်တိုင်းအတွင်း၊သားငါးဈေးနှုန်းတည်ငြိမ်ရေးနဲ့ အသားထုတ်လုပ်မှုလုံလောက်စွာ ဖြန့်ဖြူး ရောင်းချနိုင်ရေးခေါင်းစဉ်နှင့် ခွင့်ပြုရန် ပဲခူးတိုင်းကိုစာထုတ်ခဲ့သည့်အကြောင်း ဖြစ်ပါသည်၊၊ စာ၏အကြောင်း ရင်းမှာ သာယာဝတီခရိုင်မှ လစဉ်ကျွဲနွားကောင်ရေ (၂ဝဝဝ)ကို ရန်ကုန်တိုင်းစားသုံး ကုန်ဈေးနှုန်း တည်ငြိမ်ရေး အတွက် ရောင်းချသွားရန် ခွင့်ပြုရမည့်စာဖြစ်ပါသည်၊၊ ဤစာ၏အကြောင်းကို သာယာဝတီခရိုင် ခယကကော်မီတီဝင် များထံမှ သိရပါသည်၊၊

-ဤသို့ဖြင့် သာယာဝတီခရိုင်မှာရှိသည့် ပေါင်းတည်၊ ဇီးကုန်း၊ နတ္တလင်း၊ ကြို့ပင်ကောက်၊ အုတ်ဖိုစသည့် မြို့နယ်များရှိ ကျေးရွာများတွင်၊ နေ့စဉ် အလှည့်ကျ နွားရောင်းပွဲများစတင်ဖြစ်လာခဲ့ရပါသည်၊၊ နွားရောင်းပွဲများကို ဇီး ကုန်းမြို့နယ်မှာ သောကြာနေ့ သတ်မှတ်ထားသလို၊ ကြို့ပင်ကောက်မြို့နယ်တွင် တနင်္ဂနွေနေ့စသည်ဖြင့် နေ့ခွဲပြီး အလှည့်ကျရောင်းချ နေခဲ့ပါသည်၊၊ ပျှမ်းမျှတရက်ကို နွားကောင်ရေ (၃ဝ)မှ(၄ဝ)အထိ ရောင်းခဲ့ရသည်ဟုဆိုပါသည်၊၊

-နွားရောင်းပွဲအတွက် သာယာဝတီခရိုင် စည်ပင်သာယာရေးကော်မီတီ၏ စည်းကမ်းသတ်မှတ်ချက်မှာ-

(က) အသက်(၁၆)နှစ်နှင့် အထက် ကြီးသည့်ကျွဲနွားအထီးအမများ ရောင်းနိုင်သည်၊၊

(ခ) ဒါဏ်ရာကြောင့်ဖြစ်စေ၊ ကိုယ်အဂါင်္ချို့တဲ့သည့်အတွက်ကြောင့်ဖြစ်စေ၊ အလုပ်မလုပ်နိုင်သည့် ကျွဲနွားများ၊ ရောင်းနိုင်သည်၊၊

(ဂ) သားမွေးရန်မသင့်တော်သော ကျွဲနွားများ၊ ရောင်းနိုင်သည် ဟူ၍ဖြစ်ပါသည်၊၊

-သို့သော် လယ်သမားများမှာလည်း ဆင်းရဲကြတဲ့အတွက် စည်ပင်စည်းကမ်းဝင်တဲ့ ကျွဲနွားအပိုဆိုလို့နဲလှပါသည်၊၊ သူတို့ရောင်းရမည်ဆိုပါက သူတို့ခိုင်းနေသည့် ခိုင်းကျွဲခိုင်းနွားများကိုသာ ရောင်းရမှာဖြစ်ပါသည်၊၊ တကယ်လက်တွေ့ မှာလည်း ဤအတိုင်းသာဖြစ်နေပါသည်၊၊ ကုန်သည်များကလည်း ဈေးကောင်းရနိုင်မည့် အသားလှသည့် ခိုင်းကျွဲ ခိုင်း နွားတွေ ကိုသာရွေးပြီး ဈေးကြီးပေးဝယ်ယူခဲ့ကြပါသည်၊၊ ခိုင်းကျွဲခိုင်းနွားတကောင် ကိုကျပ်နှစ်သိန်းခွဲကနေ ငါးသိန်း အထိပေးဝယ်နေကြဆဲဖြစ်ပါသည်၊၊ ခိုင်းကျွဲခိုင်းနွား လိုအပ်တဲ့လယ်သမား များမှာမူ ဤဈေးနှုန်းအတိုင်း မတတ်နိုင် သလို၊ စည်ပင်၏ စည်းကမ်းချက်အတိုင်း ရောင်းဝယ်နိုင်ဖို့ အားကိုးပြန် သော်လည်း၊ စီစစ်ရန်တာဝန်ရှိသည့် လေလံ ကျင်းပရေး သမားများက၊ စည်ပင်အဖွဲ့များနှင့်ပေါင်းပြီး၊ စည်ကမ်း ဖေါက်ဖျက်နေကြပါသည်၊၊ ၄င်းကိစ္စမှာ နွားပွဲတွင် ဝင်ရောက် ရောင်းနိုင်ဖို့အတွက် နွားတကောင်စီတိုင်းကို နွာဝင်ကြေးကကျပ်(၂ဝဝဝ)နှင့် နွားရောင်းရငွေထံမှ ကျပ် (၁၅ဝဝ)၊ ပေါင်းကျပ် (၃၅ဝဝ)၊ အားကောက်ခံရမည်ဟု စည်ပင်ကသတ်မှတ်ထားပေးပေမဲ့ လက်တွေ့မှာကျပ်နှစ် ထောင်တိုးပြီး၊ ကျပ်(၅၅ဝဝ)ကို ကောက်ခံခဲ့ပါသည်၊၊

-လယ်သမားအများစုသည်၊ ရာသီဥတုကြောင့် စပါးအထွက်လျော့ခဲ့ရသလို စပါးဈေးကျဆင်းမှုကြောင့်၎င်း၊ ကမ္ဘာ့စီးပွား ရေးကျဆင်းသည့် ဂယက်ကြောင့်၎င်း၊ ကုန်ဈေးနှုန်းကြောင့်၎င်း၊ လယ်အကြွေးများ တင်နေကြပါသည်၊၊ ဤသို့ကြောင့် မတတ် နိုင်သည့်အဆုံးမှာ မိမိမှာရှိသည့် ကျွဲနွားများကိုရောင်းချခဲ့ရပါသည်၊၊ ထို့ကြောင့် တိုးကောက်လိုက်သည့် လေး လံသမားများကြောင့် နေ့စဉ်ကျွဲနွားကောင်ရေ (၄ဝ)မျှ ရောင်းဝယ်နေရ မည်ဆိုပါက လယ်သမားများသည် တနေ့ချင်း မှာကို စည်ပင်ခွန်ကြောင့် ကျပ်(၄)သိန်းမျှ ထပ်မံဆုံးရှုံးနေရပြန်ပါသည်၊၊

-ကျွဲနွားကုန်သည်များကလည်း အမှုဆောင် အရာရှိများ၊ တိမွေးကု၊ မယက၊ ရဲ၊ စည်ပင်ဝန်ထမ်း များနှင့်ပေါင်း နိုင်ဖို့ အတွက်ကျွဲနွားတကောင်ချင်းကို ကျပ်တထောင်မှနှစ်ထောင်အထိ လက်ဆောင်ပေးနေပါသည်၊၊ ထို့ကြောင့် နားလည်မှု ရနေသည့် ကုန်သည်များသည်၊ ရန်ကုန်တိုင်းခွဲတမ်းအပြင် ဤကျွဲနွားများကို ထိုင်းနိုင်ငံ နယ်စပ်အထိလည်း ပို့နေခဲ့ ကြပါသည်၊၊

-ရန်ကုန်တိုင်းအတွက် သားငါးဈေးနှုန်းတည်ငြိမ်ရေးနဲ့ အသားထုတ်လုပ်မှုလုံလောက် စွာဖြန့်ဖြူးရောင်းချနိုင်ရေးမှာ လစဉ် ကျွဲနွားကောင်ရေ(၂ဝဝဝ)ပို့ခဲ့ရသည့်အတွက် နှစ်စဉ်ကျွဲနွားကောင်ရေ (၂၄ဝဝဝ)ထက်မနဲပို့ရမည် ဖြစ်သည်၊၊ ဤအရေအတွက်ဆိုလျှင် ကျွဲနွားကောင်ရေ ပေါက်နှုန်းနှင့် နှိုင်းယှဉ်ပါက ခိုင်းနွားတကောင် ဖြစ်ဖို့ဆိုသည်မှာ နွားထီး ပေါက်လာမှဖြစ်သလို၊ သူ့အသက်(၄)နှစ်အရွယ်ပြည့်မှသာ ခိုင်းလို့ရမှာဖြစ်ပါသည်၊၊ ဤ လုပ်ငန်းခွင့်ပြုချက်သည်လည်း မနှစ်ကတည်းက စတင်ခဲ့သည့်အတွက် သာယာဝတီခရိုင်၏ လက်ရှိအခြေအနေ သည်၊ ခိုင်းကျွဲခိုင်း နွားများ တဖြည်း ဖြည်းရှားပါးလာခြင်းနှင့် ရင်ဆိုင်လာနေရပါသည်၊၊

- လယ်သမားများမှာဤကိစ္စအတွက် သက်ဆိုင်ရာမှ တိတိကျကျ ထိမ်းသိမ်းပေးဖို့ လိုအပ်ဟုပြောဆိုနေကြပါသည်၊၊ အကယ်၍မထိမ်းသိမ်းပေးပါက ဤအခြေအနေအတိုင်းဆိုလျှင်၊ သာယာဝတီခရိုင်မှ လယ်သမားအ များစုသည်၊ ဤနှစ်အတွက် လယ်ယာလုပ်ကိုင်ရန်ကိုပင် အခြေအနေမဲ့ ဖြစ်ကောင်းဖြစ်လာနိုင်ဖွယ် ရှိနေပါသည်၊၊

No comments: