Sunday, May 10, 2009

အနိမ့်စံ ပြည်သူ (ဆိုင်သာဆိုင် ပိုင်ခွင့်မရှိပါ)

မျိုး(သီရိဒေါ)

(၁၅) နှစ် နီးပါး မျှကြာ ကရင်နီပြည်တွင်း ငြိမ်းချမ်းရေး (အပစ်ခတ်ရပ်ရေး) ဆောင်ရွက်မှု သည် ထိရောက်မှု အကျိုး အာနိသင် မတွေ့ ကြရသည့် ပြောင်းလဲ မှုကို မည်သို့ “တန်ဖိုး မဖြတ်နိုင် သည့် ငြိမ်းချမ်း ရေး ကာလများ” ဟု သင်ခန်းစာ ထုတ်နှုတ်ယူကြ ပါဦးမည်နည်း။ နှလုံးကြေ ကွဲဖွယ်ပင် ဖြစ်သည်။ ကရင်နီပြည်ရှိ သံယံဇာတ ဆင်စွယ် ဘုံနန်းတော်ပေါ်တွင် အငြိမ့်သား ထိုင်၍ တန်ဖိုး မဖြတ်နိုင်သည့် ငြိမ်းချမ်းရေး ကာလများ ကို ကရင် နီပြည်သူများ က အံအား သင့်ဖွယ် ရှိနေနိုင် ပါသည်။

အဘယ့်ကြောင့်ဆိုသော် ထိုငြိမ်းချမ်းရေးကာလများအတွင်း ကရင်နီပြည်သူများမှာ (နအဖ) စစ်စိုးရ၏ အကျဉ်းထောင်ထဲ၌ ညှင်းပမ်းနှိပ်စက်ခံနေရခြင်း၊ အမျိုးသမီးများ အတင်းအဓမ္မပြုခံရခြင်း၊ ညှင်းပမ်းနှိပ်စက်ခံရခြင်း၊ အတင်းအဓမ္မကျေးရွာပြောင်းရွေ့မှုများ အပါအ၀င်၊ သဘာဝ သံယံဇာတနှင့် သစ်တောများ သုန်းပါးသွားခြင်း စသည့်အတွေ့အကြုံများပေလောဟု မေးခွန်းထုတ်ဖွယ် ရှိနေသည်။

စစ်အစိုးရက ပေးခဲ့သော စီးပွားရေး မက်လုံးမဟာဗျူဟာကြောင့် ကရင်နီပြည်ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင်များအတွက် ဆင်စွယ်ဘုံနန်းတော်ပေါ်သို့ ရောက်ရှိသွားပုံကို သိမြင်သဘောပေါက် လာကြစေရန် ကရင်နီပြည်သူများက အချိန်မည်မျှ ယူကြဦးမည်နည်း။

နအဖ စစ်အစိုးရနှင့် ကရင်နီပြည်တွင်းရှိ ငြိမ်းချမ်းရေးအဖွဲ့များ စီးပွားရေးဆိုင်ရာ သဘောတူညီချက် ပေါင်းများထဲမှ အဓိကကျသော အပိုင်းကို တင်ပြချင်ပါသည်။ မော်ချီ-ဖားဆောင် သစ်ကွက်၊ ဘောလခဲ အရှေ့ခြမ်း သစ်ကွက်အမှတ် (၅၁) (၅၂) (၅၃) များအတွင်း သစ်ထုတ်လုပ်ရာတွင် ကရင်နီပြည်သူများ၏ လုပ်ငန်းပိုင်ဆိုင်မှုများ ပါဝင်မနေခဲ့ပေ။

မော်ချီး သတ္တုတွင်းများကိုလည်း ထိုနည်းအတူ လက်ဝါးကြီး အုပ်စိုးထားပေသည်။ ကရင်နီပြည်တွင်း ငြိမ်းချမ်းရေးအဖွဲ့များ၏ လုပ်ကိုင်သော အခြားသော စီးပွားများဖြစ်သည့် မိုင်းရှူး ရတနာမြေမှ ပတ္တမြားကျောက်တွင်း လုပ်ငန်း၊ ဖားကန့်ကျောက်စိမ်း ရတနာမြေမှ ကျောက်တွင်းလုပ်ငန်း၊ မြန်မာနိုင်ငံအရပ်ရပ်သို့ ပြေးဆွဲသည့် (ရန်ကုန်) အခြေစိုက် အဝေးပြေးကားလုပ်ငန်း၊ (မန္တလေး) ရှိ စီးပွားရေးဆိုင်ရာ အကျိုးဆောင်လုပ်ငန်း၊ ကုန်သွယ်ရေးဆိုင်ရာ ကုန်တင် မော်တော်ယာဉ်လုပ်ငန်း၊ တရုတ်နိုင်ငံယူနန်ပြည်အထိ ကျွန်းသစ်ကုန်သွယ်ရေးများ၊ လွိုင်ကော်မြို့ပေါ်ရှိ ရေသန့်စက်ရုံနှင့် စိုက်ပျိုးမွေးမြူးရေး လုပ်ငန်းများ စသည့် စီးပွားရေးလုပ်ငန်းများမှ အကျိုးရလာဒ်များကို ကရင်နီပြည်လူထု ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မည်သို့များ အသုံးပြုခဲ့ပါသနည်း။

ကရင်နီပြည် လွိုင်ကော်မြို့ပေါ်၌ သူတို့၏ အိုးအိမ်ခြံမြေနှင့် အခြားစီးပွားရေးလုပ်ငန်း ပိုင်ဆိုင်မှုများ၊ မြန်မာနိုင်ငံ အရပ်ရပ်မြို့ကြီးများမှ အိမ်ခြံမြေပိုင်ဆိုင်မှုတွေနှင့်အတူ စီးပွားရေးလုပ်ငန်းများက သက်သေပြလျှက်ရှိနေပါမည်။ ကရင်နီပြည်သူများ၏ ဘ၀မှာဖြင့် ဒုက္ခပေါင်းစုံကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ရလေသည်။ သင်သည် ကရင်နီပြည်သူ တစ်ဦးသာဆိုလျှင် ရင်ထဲတွင် တဆစ်ဆစ်ခံစားနေရမည်ဟု အထူးတလည်း ပြောဖို့မလိုပေ။ အတိဒုက္ခနှင့် နေ့စဉ် ရင်ဆိုင်နေရသော ကရင်နီပြည်ရှိ လူထုဘ၀အတွက် ပြည်သူကို တာဝန်ခံပါ၏၊ ပြည်သူ့အကျိုးဆောင်ကြ ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖ ဆိုသည့် ဆောင်ပုဒ်များသည် အဝေးသို့ လွင့်မျောလျက်ရှိပေသည်။ ထိုကဲ့သို့ ဆောင်ရွက်ပုံများကို မည့်သို့သော သာဓကများနှင့် နှိုင်းယှဉ်လို့မရနိုင်ပါ။

အချိန်သည်ကြာမြင့်လာခဲ့ပြီး နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲလာနိုင်ရေးကိုလည်း ကရင်နီပြည် ငြိမ်းချမ်းရေးအဖွဲ့များ အနေနှင့် လက်တွေ့ကျကျ အရှိန်ပြင်းစွာ ပြောင်းလဲဖို့ စဉ်းစားဟန်မရှိနိုင်ပေ။

အဘယ်ကြောင့်ဆိုသော် ၂၀၀၇ စက်တင်ဘာ အရေးအခင်းမှ သက်သေပြလျှက်ရှိပေသည်။ ထိုနည်းအတူ ၂၀၀၅ ခုနှစ် ကရင်နီပြည်တပ်မတော် အခြေစိုက် ညာမိုဆိုသည့် တပ်စခန်းများကို ကရင်နီပြည်ငြိမ်းချမ်းရေးအဖွဲ့များ ပေါင်းစုကာ ကရင်နီပြည်ဖွား အချင်းချင်း တိုက်ခိုက်ခဲ့ပြီး သံလွင်အရှေ့ခြမ်းရှိ ရှားပါးသဘာဝသစ်တောများနှင့် ကျွန်သစ် ထုတ်လုပ်ရေးအပြင် သတ္တုတူးဖေါ်ရေးကိုသာလျှင် ရှေ့တန်းတင်ထားခဲ့ကြလေသည်။

ထိုအဖြစ်ပျက်များစွာက မိမိသာလျှင် ကောင်းစားရေး အမြင်ကိုင်ဆွဲထားကြောင်း ဆိုနိုင်ပါသည်။ ၎င်းအရေးခင်းများတွင် အသက်သေဆုံးခဲ့ရသော ကရင်နီပြည်သူများကို သတိမေ့လျှက်ရှိပေသည်။ ဆုံးရှုံးနစ်နာခဲ့ရသော ကရင်နီပြည်ဖွား ညီအစ်ကို မောင်နှမ များစွာအတွက် မည့်သိုသောတာဝန်ခံမှုများ ဆောင်ရွက်ပေးခဲ့ပါသနည်း။

ယခုဆိုလျှင် များမကြာမှီကာလများအတွင်း ရောက်ရှိလာတော့မည့် ၂၀၁၀ ရွေးကောက်ပွဲကို ကရင်နီပြည်တွင်း ငြိမ်းချမ်းရေး အဖွဲ့များက မည်သို့ပြင်ဆင်သင့်သည်ကို သတိအထူး ချပ်သင့်ပါသည်။

ပြည်သူကို နအဖ စစ်အစိုး၏ လက်တွင်းရှိ သေနတ်ပြောင်းဝနှင့်လည်း အချိန်ကာလ ကြာမြင့်စွာ တားဆီးလို့မရကြောင်းကို သိမြင်သဘောပေါက်စေချင်ပါသည်။ စစ်အစိုးရ ကိုယ်တိုင်ပင်ပြည်သူကို ကြောက်လန့်လျှက်ရှိနေပါသည်။

သို့ကြောင့် ကရင်နီပြည် ဒီမိုကရေစီ ဖြစ်ပေါ်လာရေးအတွက် ကရင်နီပြည်သူကို တာဝန်ခံသည်ဆိုလျှင် လက်တွေ့ကျကျ ဆောင်ရွက်ရ ပါမည်။ နိုင်ငံရေးနည်းအရ ဒီမိုကရေစီ ပေါ်ထွန်းနိုင်စေမည့် အပြောင်းအလဲကို ကြိုးစားကြရမည်ဖြစ်ပါသည်။ မိမိတို့သည် ကရင်နီပြည် ဖွား များသာဆိုလျှင် အနာဂတ် ကရင်နီပြည်ကို ဒီမိုကရေစီစနစ်ဖြင့် တည်ဆောက်ရာတွင် ကိုယ့်စွမ်း ဥာဏ်စွမ်းရှိသရွေ့ ပါဝင်ရပါ မည် ဖြစ် ကြောင်း တိုက်တွန်းလိုက်ရပေသည်။

No comments: