ကြာသပတေးနေ့၊ မေလ 14 2009 14:28 - မြန်မာစံတော်ချိန်
နိုင်ငံ တော်အား နှောင့်ယှက် ဖျက်ဆီး လိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ ဖြင့် မြန်မာ စစ်အစိုးရ က ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား ယနေ့ တရားစွဲ ဆိုသည့်အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကန့်ကွက် ကြောင်း ထုတ်ပြန်သည့် ကြေညာချက်ကို တင်ပြ လိုက်ပါသည်။
ကြေညာချက်ကို ဦးအုန်းကြိုင် (ဗဟို သုတေသနအဖွဲ့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) က ဖတ်ကြားပြခဲ့ခြင်း ဖြစ်ပါသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ကြေညာချက်။ ၈/၀၅/၀၉
ရက်စွဲ - ၁၄၊ မေ၊ ၂ဝဝ၉ ခုနှစ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တဦးဖြစ်ပါသည်။ ထို့အပြင် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် မူလကနဦး စတင်ကြိုးပမ်းခဲ့သူဖြစ်ပြီး၊ တွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာရေးကို အစဉ်တစိုက် ကြိုးပမ်းနေသူ ဖြစ်ပါသည်။ နိုင်ငံရေးအရ အပေးအယူပြုလုပ်သည့် ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိသူ ဖြစ်ပါသည်။
ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း များက မြန်မာ နိုင်ငံ အသွင်ကူး ပြောင်းရေး လုပ်ငန်း စဉ်များတွင် သက်ဆိုင် သူများ အားလုံး ပူးပေါင်းပါဝင် လုပ်ဆောင်ကြရန် တွေ့ဆုံ ဆွေးနွေးရေး မှတဆင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တည်ဆောက်ရန် အတွက် တိုက် တွန်း နှိုးဆော်လျက် ရှိပါသည်။
သို့ပါလျက် အာဏာပိုင်တို့က နေအိမ် အတွင်း ထိန်းသိမ်း ထားခြင်းမှ အပြီးအပြတ် လွတ်ရက်စေ့ ခါနီး နေသော ဒေါ်အောင်ဆန်း စုကြည် အား မည်သည့်ပြစ်မှု ကိုမျှ ကျူးလွန်ရခြင်း မရှိပါဘဲ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီး လိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့် ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ နောက်ဆုံး အင်းစိန်ထောင် အတွင်းရှိ လုံးချင်း အိမ်တအိမ်၌ ထားရှိ သည်ဟု ကြား သိရပါ သည်။
ယင်းအမှုကို ၂ဝဝ၉ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် စတင်စစ်ဆေးမည် ဖြစ်ပါသည်။
ထို့ကဲ့သို့ တရားစွဲဆိုခြင်းမှာ မလုပ်သင့်၊ မလုပ်ထိုက်သောကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြင်းထန်စွာ ကန့်ကွက်ကြောင်း ကြေညာ လိုက်သည်။
၁၄ ရက်၊ မေလ ၂ဝဝ၉ ခုနှစ်တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ -
(ဗဟိုအလုပ်အမှုဆောင်)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
No comments:
Post a Comment