ပြည်ပရောက်မြန်မာ့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ 
မြန်မာ့ နိုင်ငံရေး ကတော့ နောင်လာမယ့် ရက် ပေါင်း ၂၀၀ လောက် ဆိုရင် (၂၀၀၉ ။အောက်တိုဘာ လ လယ် လောက်မှာ) ကြည့် ကောင်းတော့ မယ့် အခြေ အနေ ဖြစ်မလား။ တဖက် သတ် ကြိုးဝိုင်း ထဲမှာ လှဲ အသိပ် ခံရလေ မလားဆိုတဲ့ ပွဲ ကြည့် ရမယ့်အချိန် ရောက်လာပါပြီ။ ဘောလုံးပွဲ စကားနဲ့ ပြောရရင် မန်ယူနဲ့ ချယ်ဆီး တို့  မနှစ်က ရုရှား မှာ တွေ့ တဲ့ ဖိုင်နယ် ဖလား လုပွဲ ထိပ်တိုက် တွေတဲ့ ပွဲလိုပေါ့။
ကျွန်တော်တို့ အတိုက်အခံ တွေက ၂၀၀၉ မှာ နအဖ အခြေခံ ဥပ ဒေကို ဖျက်နိုင်ဖို့၊ ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကို ဖျက်ဆီးနိုင်ဖို့ ညီညွတ်မှု အပြည့်နဲ့  လုပ်မှဖြစ် မယ်လို့ ပြောဆိုနေ ကြပါတယ်။ နအဖကို အောင်နိုင်ဖို့  အတိုက်အခံ တွေအားလုံး ညီညွတ်ရေး မဖြစ် မနေ ဖော်ဆောင်ရမယ် ဆိုတဲ့ ကျွန်တော်တို့ နိုင်ငံရေး သမားတွေ ကိုကြည့်ပြီး ထိုင်းမှာ အလုပ်လုပ် နေတဲ့ ကျွန်တော့ ဦး လေးဖြစ် သူက ဒီလို ဥပမာ ပေးပြီး ရီစရာ အဖြစ်ပြော ပါတယ်။
“လွန်ခဲ့တဲ့ နှစ်ကကွာ ငါ့ကို ထိုင်း တစ်ယောက်က ပုဇွန်လုံး (ဂဏန်းလုံး) အကောင် ၂၀ လက်ဆောင် လာပေးတယ်။ ထူးခြားတာ က အဲဒီအကောင်၂၀ မှာ ၁၀ ကောင်က မြန်မာ နိုင်ငံက ရလာတဲ့ ပုဇွန်လုံးတဲ့။ ၁၀ ကောင်က ထိုင်း နိုင်ငံက ပုဇွန်လုံးတဲ့။ ဒါနဲ့ ငါလည်း ထိုင်းပုဇွန်လုံးနဲ့ မြန်မာပုဇွန်လုံး ဘယ်လို အရသာကွာမလဲဆိုပြီး သံပုံး ၂ လုံးမှာ ခွဲပြီးထားလိုက်တယ်။မနက်မှ လတ် လတ် ဆတ်ဆတ် ချက်စားမယ်ပေါ့။
ညဦးပိုင်းမှာ သံပုန်းနံရံကို ဖက်တွယ်တက်နေတဲ့ ပုဇွန်လုံးတွေ ခြေသံကို ကြား တော့ မအိပ်ခင် အခြေအနေ သွားကြည့်တယ်။ မြန်မာ ပုဇွန်လုံးတွေက တစ် ကောင်အပေါ် တစ်ကောင်လုတက် တစ်ကောင်ကို တစ်ကောင်ကပြန်ဆွဲချပြီး လွတ်လမ်းရှာနေကြ တယ်။ ထိုင်း ပုဇွန် လုံးတွေက တစ်ကောင်အပါ် တစ် ကောင် ဆင့်ပြီး တစ်ကောင်လက် တစ်ကောင်ချိတ်ရင်း လွတ်မြောက်ရေး ကြိုး ပမ်းနေကြတယ်။
သံပုံနံရံ ကိုကျော်ပြီး ဒီပုဇွန်လုံးတွေ မပြေးနိုင်လောက် ပါဘူး ဆိုပြီး စိတ်ချလက်ချ အိပ်လိုက်တယ်။
အားပါးပါး -မနက်မိုးလင်းတော့ အထင်အမြင် တ၀က်လွဲသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းပုဇွန်လုံးတွေ သံပုံထဲမှာ တစ် ကောင် မှ မရှိတော့ဘူး။ သံပုံးနံရံကိုကျော်ပြီး ထွက်ပြေးသွားလို့ ခြေရာတွေပဲတွေ့ လိုက်ရတော့တယ်။ ကျန်တဲ့ တခြားသံပုံးထဲ မှာ တော့ မြန်မာ ပုဇွန်လုံးတွေက တစ်ကောင်အပေါ် တက်လိုက် နောက်တစ်ကောင် ကပြန်ဆွဲချလိုက်နဲ့ သံပုံးကိုကျော်ဖို့ နေနေ သာသာ သံပုံး တ၀က် အထိ တောင် ရောက်အောင်မကျော်နိုင်ဘူး။ ဒါနဲ့ ငါလဲ ထွက်မပြေးနိုင်တဲ့ မြန်မာ ပုဇွန်လုံး တွေပဲ ချက်စား လိုက်ရတယ်။ တစ်ကောင် အပါ် တစ်ကောင်ဆင့်ပြီး တစ်ကောင်လက် တစ်ကောင်ချိတ်ရင်း ညီညီညွတ်ညွတ်နဲ့အားလုံး လွတ်မြောက်အောင် ကြိုး ပမ်းသွားတဲ့ ပုဇွန်လုံး တွေတော့ ငါ-မစား လိုက်ရ ဘူးတဲ့။
ကျွန်တော်တို့ သူပြောတဲ့ ဥပမာကို နားထောင်ပြီး ရှက်ရှက်နဲ့ တောင် ဟန်မဆောင်နိုင်ဘဲ ၀ါးလုံးကွဲ ရီဖြစ်ခဲ့ကြတယ်။အခု ကျွန်တော်တို့နိုင်ငံရဲ့ အနာ၈တ် ဒီမိုကရေစီထွန်းကားရေး လုပ်ဆောင်မှုအခြေအနေကတော့ နအဖဘက်က သူ့ အသက် အိုး အိမ် စည်းစိမ်ကို ကာကွယ်လို့ရမယ့် “စည်းကမ်းရှိသော ဒီမိုကရေစီ”ဖော်ဆောင်ပေးမယ်ဆိုပြီး တရုတ်။ ရုရှားနဲ့ လိုမျိုး။ဒါမှ မဟုတ် တချိန် က အင်ဒိုနီးရှားမှာ ဆူဟာတို လုပ်ခဲ့သလို လုပ်မှာသေချာပေါက် နိမိတ်ပြနေပြီ ဖြစ်ပါတယ်။
ပြည်ပရောက် မြန်မာ့ အတိုက်အခံ ဒီမိုကရေစီဖော်ဆောင်ရေးအဖွဲ့ တွေကတော့ စစ်မှန်သော ဒီမိုကရေစီထွန်းကားရေးလုပ်မယ် လို့ ကြွေးကျော်ပြီး အတိုက်အခံအဖွဲ့ တွေ အားလုံးညီညွတ်ရေးဆိုတာ လုပ်ဆောင်နေပါတယ်။ စစ်မှန်သောဒီမိုကရေစီ ဘာဆို တာ ပြည် သူတွေ သိအောင် နိမိတ်ပုံတောင်ရေး မပြကြသေး။ အိန္ဒိယလိုလား၊ တရုတ်လိုလား။ ထိုင်းလိုလား။ စင်္ကာပူလိုလား။ စကင်ဗေးနီး ယား နိုင်ငံတွေလိုလား။
သရက်သီးတော့ သရက်သီးပဲ။ အချဉ်သီးလား။အချိုသီးလား၊ မန္တလေးရင်ကွဲလား-မချစ်စုလား၊ဘယ်လိုသရက်သီး စားရမယ် မှန်း မသိ နိုင်တဲ့ မြန်မာပြည်သားတွေအတွက် လက်ရှိအာဏာရှင်ဆိုး စစ်အစိုးရ နအဖကို အောင်နိုင်ဖို့ ပြန်ကျဲနေတဲ့ အတိုက် အခံတွေ စည်း လုံးညီ ညွတ်ရေး ရှိဖို့ လိုအပ်တာကတော့ အမှန်ပါ။
ကျွန်တော် ဆန္ဒပြုချင်တာကတော့ ၁၉၈၈ အရေးတော်ပုံကြီးဖြစ်တုံးက ကျောင်းသား တွေ ချီတက် ဆန္ဒပြကြတော့ လူအုပ်ကြီးက လမ်းဘေး ၀ဲယာကနေ လက်ခုပ်တီး အားပေးကြချိန်မှာ ကျောင်းသားတွေက “လက်ခုပ် တီးပေးရုံနဲ့  တာဝန်ကျေပြီလို့ မထင်ကြပါနဲ့ ၊ တကယ်တာဝန်ကျေချင်ရင် ကျွန်တော်တို့ နဲ့ ပူး ပေါင်း လိုက်ကြပါ”တဲ့။ဘာပဲဖြစ်ဖြစ် ကျွန်တော်တွေးမိတာကတော့ မြန်မာအတိုက်အခံ ဒီမိုကရေစီ သမားတွေ ပုဇွန်လုံး တွေလို မဖြစ်ဖို့ လိုပါတယ်။
No comments:
Post a Comment