Friday, August 21, 2009

ပုတ်သင်တကောင်အတွက် စကားလက်ဆောင်

ဝရဇိန်

ဆိုရေးရှိက၊ ဆိုအပ်လှ၏၊ ဆိုစများလျား၊ ထားပချေမိ၊ ငါ့ဝန်ရှိခဲ့ …။

ဒီဘက်သုံးလေးနှစ်လောက်ကစပြီး မြန်မာနိုင်ငံမှာ စာနယ်ဇင်းအချို့ အထူးသဖြင့် နအဖနဲ့ နီးစပ်တယ်လို့ ယူဆထားခြင်း ခံရသူတွေ ထုတ်ဝေ သို့မဟုတ် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူထားတဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ နိုင်ငံရေးသမားဟောင်းကြီး သခင်တင်မြရဲ့ တွေ့ဆုံမေးမြန်းခန်းတွေ ဆောင်းပါးတွေ အဆက်မပြတ်နီးပါး ပါရှိလာတာကို တွေ့ခဲ့ရတယ်။

မိမိတို့မျိုးဆက်ဟာ သခင်တင်မြရဲ့ ‘ဘုံဘဝမှာဖြင့်’ စာအုပ်နဲ့ ကြီးပြင်းလာတဲ့ မျိုးဆက်ဖြစ်တဲ့အတွက် သခင်တင်မြတယောက် မြန်မာ့နိုင်ငံရေးခရီးတလျှောက်မှာ ဘယ်လိုဘယ်လောက်ပဲ ဝတ်စုံတွေအမျိုးမျိုး ပြောင်းလဲဝတ်ဆင်ပြီး လျှောက်လှမ်းလာခဲ့ သည်ဖြစ်စေ စာရေးကောင်းပြီး အသက်ရှည်သလောက် အတွေ့အကြုံ စုံလင်ထွေပြားလှတဲ့ အဲဒီသခင်အိုကြီးရဲ့ တွေ့ဆုံမေးမြန်းခန်းတွေ၊ ဆောင်းပါးတွေဟာ မိမိတို့ကို မဖတ်ဘဲမနေနိုင်အောင် ဆွဲဆောင်နိုင်စွမ်း ထက်မြက်နေဆဲဖြစ်တယ် ဆိုတာကိုတော့ ဝန်ခံရမယ်။
ပြည်တွင်းဂျာနယ်၊ မဂ္ဂဇင်းတွေမှာ သခင်တင်မြရဲ့စာတွေကို စတင်မြင်တွေ့လာကြရတဲ့၊ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က သူနဲ့ပတ်သက်ပြီး သတင်းတခု ကြားခဲ့ရဖူးတယ်။ အဲဒါကတော့ ထင်ရှားတဲ့ လူငယ်နိုင်ငံရေးသမားတချို့နဲ့ အမှတ်မထင် တွေ့ဆုံစကားပြောဖြစ်ကြတဲ့ ဝိုင်းတဝိုင်းမှာ သခင်တင်မြက “ဘဘက အသက်ကြီးပြီ ... ဒါကြောင့် လတ်တလောဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး လိုက်မီအောင်လည်း မလေ့လာနိုင်တော့ဘူး၊ လုပ်လည်း မလုပ်နိုင်တော့ဘူး။ ဘဘတို့ အခုအချိန်မှာ လုပ်နိုင်တာကတော့ ဘဘတို့ တချိန်တုန်းက လုပ်ခဲ့ကိုင်ခဲ့ကြရာမှာ ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံတွေ၊ ဘဘတို့ မှားခဲ့တဲ့ အမှားတွေကို မောင်ရင်လေးတို့ သင်ခန်းစာယူနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရေးနိုင်သလောက် ရေးပြဖို့၊ ပြောနိုင်သလောက် ပြန်ပြောပြဖို့ပဲဖြစ်တယ်” လို့ ပြောခဲ့တယ်ဆိုတဲ့ သတင်းပဲဖြစ်တယ်။ သခင်တင်မြ အဲသလို ပြောဆိုခဲ့ခြင်းရှိမရှိ ဆိုတာကတော့ သူလည်း သက်ရှိထင်ရှားရှိနေဆဲမို့ စိတ်ဝင်စားသူများ သွားရောက်မေးမြန်းနိုင်ပါတယ် သို့မဟုတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

သခင်တင်မြ အဲသလို ပြောခဲ့တယ်ဆိုတာ မှန်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အစပိုင်းမှာ သူ့ရဲ့ ရေးသားပြောကြား ချက်တွေဟာ အဲဒီစကားနဲ့ ကိုက်ညီနေလို့ပဲဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သခင်တင်မြရဲ့ ပြောကြားရေးသားချက်တွေဟာ သူကိုယ်တိုင်ပြောကြားခဲ့တဲ့ အဲဒီစကားကနေ တနေ့တခြား ပိုပိုပြီး သွေဖည်တိမ်းစောင်းလာခဲ့တယ်။ လက်ရှိကာလ နိုင်ငံရေးအကြောင်း မပြောဘူး၊ မရေးဘူးဆိုတဲ့သူက နောက်ပိုင်းမှာ “လက်ရှိအခြေအနေမှာ အခြေခံဥပဒေမရှိတာထက် ရှိတာက ပိုကောင်းတယ်” ဆိုတဲ့ စကားမျိုးတွေပြောပြီး လက်ရှိနိုင်ငံရေးရေစီးကြောင်းထဲ စတင်မျှောလိုက်လာခဲ့တယ်။

သူ ဒီလိုပြောလိုက်မိတာဟာ သူ့ကို တွေ့ဆုံမေးမြန်းခန်းပြုလုပ်ခဲ့တဲ့ ကလိန်ကကျစ် ဂျာနယ်လစ်ရဲ့ ကျွမ်းကျင်လိမ္မာ ပါးနပ်မှုကြောင့်လေလားဆိုပြီး သခင်တင်မြဘက်ကို လျှော့လျှော့ပေါ့ပေါ့နဲ့ ဖော့ပြီး တွေးကြည့်ချင်သူတွေ (အဲဒီတုန်းက) ရှိကောင်းရှိနိုင်ခဲ့လိမ့်မယ်။ ဒါပေမယ့် အဲသလိုတွေးကြည့်လိုက်ရင် မြန်မာ့နိုင်ငံရေးသမိုင်းတလျှောက်မှာ ရှင်ကြီးဝမ်းလည်း အကြိမ်ကြိမ်ဝင်ခဲ့ဖူး၊ ရှင်ငယ်ဝမ်းလည်း အကြိမ်ကြိမ်ဝင်ခဲ့ဖူးတဲ့ အသက်ရှစ်ဆယ်ကျော် ဝါ့ရင့်သမ္ဘာရင့် နိုင်ငံရေးသမားအိုကြီးဟာ အဲဒီအသက်ငါးဆယ်ကျော် ကလိန်ကကျစ် ဂျာနယ်လစ်ရဲ့ ကျုံးသွင်းမေးခွန်းတွေကိုတောင်မှ မမြင်မသိနိုင်လောက်အောင် တုံးလွန်း၊ အလွန်းလှချည်လားဆိုတဲ့ အဓိပ္ပာယ်မျိုး သက်ရောက်သွားနိုင်တာကြောင့် အဲသလိုမျိုးတော့ မတွေးကောင်းဘူးလို့ပဲ မိမိထင်မြင်ယူဆတယ်။ (သူ အဲသလိုမျိုးစကားတွေ စတင်ပြောဆိုလာချိန်ဟာ မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းတခုလုံး ရုတ်တရက် အံ့သြမှင်တက်မိသွားစေလောက်တဲ့ လုပ်ရပ်တခုဖြစ်တဲ့ ‘မိမိအောက် အသက်ထက်ဝက်ငယ်တဲ့ အမျိုးသမီးငယ်တယောက်ကို အိမ်ထောင်ပြုလိုက်တာ’ ကို သခင်တင်မြ ပြုလုပ်လိုက်တဲ့အချိန်နဲ့ မရှေးမနှောင်း ဖြစ်နေတာကတော့ သာမန်တိုက်ဆိုင်မှုတခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။) အခုတော့ သခင်တင်မြတယောက် မကြာသေးခင် သုံးလေးနှစ်လောက်က လူငယ်နိုင်ငံရေးသမားတစုကို သူဘာပြောခဲ့တယ်ဆိုတာကိုတောင် မမှတ်မိတော့တဲ့ ပုံပေါက်နေပြီ။

ဒီလိုနဲ့ သခင်တင်မြဟာ အဲသလိုမျိုးစကားတွေကို တိုးတိုးပြီး ပြောဆိုလာရင်း တနေ့ထက်တနေ့ (တကယ်တော့ တပတ်ထက်တပတ်လို့ပြောရင် ပိုပြီးသင့်တော်လိမ့်မယ်။ အကြောင်းကတော့ သူ့ရဲ့တွေ့ဆုံမေးမြန်းခန်းတွေ ဆောင်းပါးတွေ ပါလာတာက အပတ်စဉ်ထုတ် ဂျာနယ်တွေဖြစ်နေတာကြောင့်ပဲ) သူ့စကားတွေဟာ ပိုပိုပြီး စူးစူးရဲရဲ (aggressive) ဖြစ်လာတာကို တွေ့ရတယ်။ (အဲဒီလုပ်ရပ်ရဲ့ အကျိုးဆက်တခုအဖြစ် ဗြိတိသျှကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေးခေတ်တလျှောက်၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးခေတ်တလျှောက်နဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သမိုင်းကာလတခုအထိ၊ နောက် မဆလခေတ်ကနေ ယခု မျက်မှောက်ကာလအထိ သူနဲ့ နီးနီးကပ်ကပ် ရင်ချင်းအပ် ကျောချင်းကပ် လက်တွဲလုပ်ဆောင်ခဲ့ဖူးတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ်ကတောင် သခင်တင်မြကို မျက်နှာချင်းဆိုင်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့တယ်လို့ ကြားရတယ်။)

အခုတော့ သခင်တင်မြရဲ့ အခြေအနေက တော်တော့်ကို ဆိုးလာနေပြီ။ အိုးဝေညိုမြရဲ့ “ငရဲခွေးကြီး လွတ်နေပြီ” ဆိုတဲ့ စကားလုံးကို ငှားပြီး သုံးရတော့မလိုဖြစ်နေပြီ။ ၃၁-၇-ဝ၉ နေ့ထုတ် လျှပ်တစ်ပြက်ဂျာနယ်မှာပါတဲ့ ဆောင်းပါးဆိုရင် သူ့ကိုယ်သူ ဝတ်လစ်စလစ်ဖြစ်သွားအောင် ‘ဖော်ချွတ်’ ပြလိုက်တဲ့ ဆောင်းပါးလို့တောင် ဆိုနိုင်တယ်။

အသက်ရှစ်ဆယ်ကျော်လို့ ကိုးဆယ်နား ချဉ်းကပ်လာနေပြီဖြစ်တဲ့ ‘ကျီးစောင့်ကြက်နှင်’ နိုင်ငံရေးသမားကြီး သခင်တင်မြ နိုင်ငံရေးအရ ‘ကိုယ်တုံးလုံးကျွတ်’ သွားတာက သူ့သမိုင်း သူ့ကိစ္စမို့ မြန်မာပြည်သူတွေအတွက် အရေးမကြီးဘူး။ သူ့သဘောနဲ့သူ မြောင်းထဲယက်ပြီး ဆင်းနေတဲ့ လူတယောက်ကို ဘယ်သူကမှလည်း ကယ်တင်နိုင်မှာ မဟုတ်ဘူး။
မြန်မာပြည်သူတွေအတွက် အရေးကြီးတာက သူ့ဆောင်းပါးထဲမှာပါတဲ့ အယူအဆတချို့နဲ့ ပတ်သက်ပြီး ပြည်သူတွေ ရှုပ်ရှုပ်ထွေးထွေး ဇဝေဇဝါတွေ ဖြစ်သွားမှာကို စိုးရိမ်မိတဲ့အချက်ပဲ။ ဒါကြောင့်လည်း ဒီဆောင်းပါးအစမှာ ရေးခဲ့သလို “ဆိုရေးရှိက ဆိုအပ်လှ၏” ဆိုတဲ့မူကို လက်ကိုင်ထားပြီး “မပြောမပြီး မတီးမမြည်” စကားပမာ မဖြစ်မနေ ပြောရတီးရတာ ဖြစ်တယ်။

သူ့ဆောင်းပါးအစမှာ သခင်တင်မြက ဟောသလို ရေးထားတယ်။
“မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူတိုင်း ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲကို ယနေ့စိတ်ဝင်စားနေကြသည်။ စိတ်ဝင်စားနေသည်မှာ နှစ်မျိုးဖြစ်သည်။ အချို့က ဖြစ်မှဖြစ်ပါ့မလားဟု အကောင်းမြင်စိုးရိမ်မှုဖြစ်သည်။ အချို့ကမူ တပ်မတော်က လုပ်သမျှ အကောင်းမမြင် အဆိုးသာမြင်နေကြသည်။ ဤသူများမှာ လူနည်းစုသာဖြစ်သည်။ ဤအဆိုးမြင် အဖျက်သမားများကြောင့် ရွေးကောက်ပွဲဖြစ်စေလိုသည့် အကောင်းမြင် လူများစု ပြည်သူလူထုကြီးက ဖြစ်မှဖြစ်ပါ့မလားဟု ပူပန်နေကြခြင်းဖြစ်သည်။”
အဲဒီစာပိုဒ်ထဲမှာ မိမိအနေနဲ့ ငြင်းခုံဆွေးနွေးစရာ အယူအဆနှစ်ခု ပါရှိနေတယ်။ အဲဒါတွေကတော့ အောက်ပါအတိုင်း ဖြစ်တယ်။

(၁) တပ်မတော်လုပ်သမျှ အကောင်းမမြင်တဲ့ လူတွေရှိတယ်။ အဲဒီလူတွေက လူနည်းစုသာဖြစ်တယ်။

(၂) ၂ဝ၁ဝ ရွေးကောက်ပွဲမဖြစ်မှာကို မြန်မာပြည်သူလူထု အများစုကြီးက စိုးရိမ်ပူပန်နေကြတယ်။

ပထမအယူအဆကို ဆွေးနွေးပါမယ်။ ဗမာပြည်မှာ လူနည်းစုသာဖြစ်ခဲ့တဲ့ လူတစုဟာ တပ်မတော်လုပ်သမျှကို အကောင်းမမြင်ကြဘူးလို့ သခင်တင်မြက ဆိုတယ်။ ဒီနေရာမှာ ဒီကနေ့ဗမာပြည်ကို အုပ်စိုးနေတဲ့ တပ်မတော်ဟာ ဘယ်လိုတပ်မတော်မျိုးလဲဆိုတာကို ဆန်းစစ်ကြည့်ကြရအောင်။ ဗိုလ်ချုပ်အောင်ဆန်း ဖွဲ့စည်းခဲ့တဲ့ ဗမာ့တပ်မတော်ဟာ တချိန်တုန်းကတော့ လွတ်လပ်ရေးကို အရယူပေးခဲ့တဲ့၊ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်ပေးခဲ့တဲ့၊ ပြည်သူတွေကို အလုပ်အကျွေးပြုခဲ့တဲ့၊ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့၊ ပြည်သူချစ်တဲ့ ပြည်သူ့တပ်မတော်ဖြစ်ခဲ့တာ အမှန်ပါပဲ။ ဒါပေမယ့် နိုင်ငံတော်ကို သစ္စာဖောက်ပြီး ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့မှာ အာဏာသိမ်းခဲ့ချိန်ကစလို့ တပ်မတော်ဟာ ပြည်သူ့တပ်မတော်ဘဝကနေ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း (နောင် ဦးနေဝင်း) ရဲ့ လက်ပါးစေ တပ်မတော်ဘဝကို သက်ဆင်းကျရောက်ခဲ့ရတာ သမိုင်းကဗ္ပည်းတင်ခဲ့ပြီးပါပြီ။

တသွေးတသံတမိန့်နဲ့ နအဖစစ်ဗိုလ်ချုပ်တွေရဲ့ ထားရာနေ စေရာသွား အသုံးချခံဘဝရောက်နေတဲ့ ဒီကနေ့ မြန်မာ့တပ်မတော်ဆိုတာကရော …

- ရှစ်လေးလုံးအရေးတော်ပုံရဲ့ ဒီရေအမြင့်ဆုံးအချိန်မှာ ပြည်သူတရပ်လုံး တောင်းဆိုနေတဲ့ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး တောင်းဆိုချက်ကို လျစ်လျူရှုပြီး တချိန်က အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာ အကောင်းဆုံးဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံကို ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး နိုင်ငံတခုဖြစ်သွားအောင် ပြုလုပ်ခဲ့တဲ့ မဆလ အမည်ခံ စစ်အာဏာရှင်စနစ်ကို ကာကွယ်ဖို့ ပြည်သူလူထုကို ထောင်နဲ့ချီ သတ်ဖြတ်ပြီး အာဏာသိမ်းခဲ့တဲ့ တပ်မတော်မဟုတ်ဘူးလား။

- ၁၉၉ဝ ရွေးကောက်ပွဲမှာ သူတို့ရဲ့ အရှင်သခင်ဟောင်း မဆလ တဖြစ်လဲ တစညပါတီ အသာရစေဖို့အတွက် ရွေးကောက်ပွဲမတိုင်မီမှာ ဒီမိုကရေစီအင်အားစုဝင်တွေကို နည်းလမ်းမျိုးစုံသုံးပြီး နှိပ်ကွပ်ခဲ့တဲ့ တပ်မတော် မဟုတ်ဘူးလား။

- ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်၊ အခြေခံဥပဒေရေးဆွဲတဲ့ကိစ္စမှာ စစ်တပ်က ပါမှာမဟုတ်ဘူး။ စစ်တပ်က သမိုင်းတရားခံ အဖြစ်မခံနိုင်ဘူး၊ အနိုင်ရတဲ့ ပါတီတွေ (၄၇၊ ၇၄) ကြိုက်တဲ့ အခြေခံဥပဒေအပေါ်မူတည်ပြီး အစိုးရဖွဲ့ကြ၊ အသစ်ရေးချင်လည်း ရေးကြဆိုတဲ့ ရွေးကောက်ပွဲမတိုင်ခင်ကပေးခဲ့တဲ့ ကတိသစ္စာတွေကို ရွေးကောက်ပွဲလည်းပြီးရော (၁/၉ဝ) ကြေညာချက်ထုတ်ပြီး ချိုးဖောက်ခဲ့တဲ့ တပ်မတော်မဟုတ်ဘူးလား။

- အာဏာရယူလာခဲ့ချိန်ကစလို့ ဒီကနေ့အထိ ပြည်သူလူထုကို (အထူးသဖြင့် သံဃာတော်နဲ့ ကျောင်းသားတွေ အပါအဝင် နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကို) အရက်စက် အကြမ်းကြုတ်ဆုံး နည်းလမ်းတွေသုံးပြီး နှိပ်စက်ညှဉ်းပန်းခဲ့တဲ့ တပ်မတော်မဟုတ်ဘူးလား။

- အဲဒီကာလအတွင်း မြန်မာပြည်သူတွေကိုရော နိုင်ငံတကာကိုပါ ကတိတွေ အမျိုးမျိုးပေး၊ ပေးခဲ့တဲ့ ကတိမှန်သမျှ မတည်၊ အမျိုးမျိုး လိမ်ညာလှည့်ဖြားပြောဆိုခဲ့တဲ့ တပ်မတော်မဟုတ်ဘူးလား။

၁၉၆၂ ခုနှစ် မတ်လကနေ ၁၉၈၈ အထိ၊ နောက် ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့က ဒီကနေ့အထိ မြန်မာနိုင်ငံမှာ တည်ရှိနေတဲ့ မြန်မာ့တပ်မတော်ဆိုတာကို တနည်းနည်းနဲ့ချုပ်ပြီး သရုပ်ဖော်ရရင် ‘ကတိသစ္စာ ပျက်ယွင်းတဲ့ တပ်မတော်’ လို့ ဆိုရလိမ့်မယ်။

အဲဒီဖွင့်ဆိုချက်ကို ဘယ်သူငြင်းမလဲလို့ မေးချင်တယ်။ သခင်တင်မြရော ငြင်းချင်သလားလို့ မေးချင်တယ်။ ငြင်းချင်တယ်ဆိုရင်လည်း ငြင်းပါ။ ဒါပေမယ့် ငြင်းရာမှာ ပြသတဲ့ အကြောင်းပြချက်တွေဟာ ကျိုးကြောင်းဆီလျော်မှု ရှိရလိမ့်မယ်။

ဒီလိုမျိုးတပ်မတော်ကို ပြည်သူတွေက ဘယ်လိုသဘောထားကြမလဲ။ ဒါ ရှင်းနေတဲ့ ကိစ္စဖြစ်တယ်။ ဒါတောင်မှ ပြည်သူတွေ၊ အထူးသဖြင့် ပြည်သူတွေကို ဦးဆောင်မှုပေးနေတဲ့ ဒီမိုကရေစီခေါင်းဆောင်တွေဟာ သခင်တင်မြ ပြောသလို အဲဒီလိုတပ်မတော်မျိုးက လုပ်သမျှကို အပြစ်မြင်နေကြတာ မဟုတ်ဘူး။ အဲဒီတပ်မတော် လုပ်ခဲ့ လုပ်နေတာတွေ၊ လုပ်မယ့်ဟာတွေထဲက တရားနဲ့ လုံးလုံးလျားလျား မကိုက်ညီတဲ့ ကိစ္စတွေကိုသာ ထောက်ပြဝေဖန်နေကြတာဖြစ်တယ် ဆိုတဲ့အချက်ကို သခင်တင်မြ ကိုယ့်ကိုယ်ကိုယ် ရိုသေလေးစားတယ်ဆိုရင် မြင်တွေ့သိရှိဝန်ခံရလိမ့်မယ်။

နောက်တချက်က “တပ်မတော်ကို အဲသလို အဆိုးမြင်နေကြတဲ့သူတွေက လူနည်းစုသာဖြစ်တယ်” ဆိုတဲ့ သခင်တင်မြရဲ့ ကောက်ချက်ဖြစ်တယ်။ ဗမာပြည်မှာ လူဦးရေ သန်း (၅ဝ) ကျော်ရှိတယ်။ အဲဒီပြည်သူတွေကြားထဲမှာ တပ်မတော်ကို ဆန့်ကျင်သူက လူနည်းစု၊ ထောက်ခံသူက လူများစုဖြစ်တယ်ဆိုတဲ့ အချက်ကို သခင်တင်မြ ဘယ်လို စစ်တမ်းကောက် သုတေသနပြုပြီး ကောက်ချက်ဆွဲခဲ့သလဲတော့ မပြောတတ်ဘူး။ ဖြစ်နိုင်တာတခုကတော့ ၂ဝဝ၈ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲရလဒ်ကိုကြည့်ပြီး ပြောတာဖြစ်လိမ့်မယ်လို့ ယူဆရတယ်။ အဲသလိုဆိုရင် ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ “ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း” ထဲက စာပိုဒ်တပိုဒ်ကို သခင်တင်မြ မဖတ်ဖူးသေးရင်ဖြစ်စေ၊ ဒါမှမဟုတ် ဖတ်ဖူးပေမယ့် မေ့နေရင်ဖြစ်စေ ပြန်သတိရအောင် ဖော်ပြချင်တယ်။ အဲဒီစာပိုဒ်မှာ အနှစ်သာရအရ ဟောသလိုဆိုထားတယ်။

- “နိုင်ငံတော်အုပ်ချုပ်မှုအာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်ကြရမည်။ တနည်းအားဖြင့် ပြည်သူလူထု၏ ဆန္ဒအပေါ် အခြေခံရမည်။ ပြည်သူလူထု၏ ဆန္ဒကို ပုံမှန်ကျင်းပသည့် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲများမှတဆင့် ထင်ရှားစေရမည်။”

အဲဒီတော့ ဒီနေရာမှာ သခင်တင်မြကို မေးစရာရှိတဲ့ မေးခွန်းတခုက ‘လွတ်လပ်တရားမျှတသော’ ဆိုတဲ့ စကားရပ်ကို သူဘယ်လိုနားလည်ထားသလဲဆိုတဲ့ မေးခွန်းဖြစ်တယ်။ အဲဒီမေးခွန်းကို မေးပြီးရင် နောက်ထပ်ဖြေရမယ့် မေးခွန်းဟာ “၂ဝဝ၈ လူထုဆန္ဒခံယူပွဲဟာ လွတ်လပ်တရားမျှတမှုရှိသလား” ဆိုတဲ့ မေးခွန်းဖြစ်တယ်။

တကယ်တော့ လျှပ်တစ်ပြက်ဂျာနယ်ထဲက ဆောင်းပါးထဲမှာ သခင်တင်မြရဲ့ အဖြေတွေ ပါပြီးဖြစ်တာကြောင့် ထပ်မေးဖို့ မလိုတော့ပါဘူး။ မှန်းဆကြည့်လို့ ရနိုင်တာက “သခင်တင်မြဟာ အသက်အရွယ်အရ မြန်မာပြည်သူလူထုတွေကြားကို ထဲထဲဝင်ဝင် သွားရောက်ပြီး ပြည်သူတွေရဲ့ ရင်ထဲက အသံတွေကို နားထောင်နိုင်တဲ့ အခြေအနေ မရှိတော့ဘူး။ ဒါ့အပြင် သူဟာ အကြားအာရုံ တစုံတခုသော အတိုင်းအတာအထိ ချွတ်ယွင်းနေတဲ့သူဖြစ်တာကြောင့် နိုင်ငံခြားအသံလွှင့်ဌာနတွေက ထုတ်လွှင့်ပေးတဲ့ ပြည်သူတွေရဲ့ အသံတွေကိုလည်း ကြားနိုင်တဲ့ အခြေအနေမှာ မရှိတော့ဘူး။ ဒါကြောင့် နဝတ၊ နအဖ တက်လာတဲ့ အချိန်ကစလို့ အခုအထိ တလျှောက်လုံး (အထူးသဖြင့် လူထုဆန္ဒခံယူပွဲ လုပ်တဲ့ကာလမှာ) ပေါ်ထွက်နေခဲ့တဲ့ ပြည်သူတွေရဲ့ ငိုရှိုက်သံတွေကို သူမကြားတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒါ့ထက်ပိုပြီး ဖြစ်နိုင်တာကတော့ သခင်တင်မြတယောက် တခု သို့မဟုတ် တခုထက်ပိုတဲ့ အဂတိတိမ်သလ္လာတွေ ဖုံးပြီး ပြည်သူတွေရဲ့အသံကို မကြားတာဖြစ်မယ်” ဆိုတဲ့အချက်ပဲ။

လျှပ်တစ်ပြက်ပါ ဆောင်းပါးတနေရာမှာ သခင်တင်မြက ဒီလိုရေးထားသေးတယ်။

- “တိုင်းပြည်အတွက် အားတက်စရာမှာ နိုင်ငံရေးသမားများသာမက ခေတ်ပညာတတ် စီးပွားရေးသမား လုပ်ငန်းရှင်များပါ အသင်းအပင်းများ ဖွဲ့၍လည်းကောင်း၊ တဦးချင်းသော်လည်းကောင်း ၂ဝ၁ဝ ခုနှစ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြရန် ပြင်ဆင်နေသည့် သတင်းများဖြစ်ပါသည်။”

အထက်မှာပြောခဲ့သလို ပြည်သူတွေရဲ့ ရင်ထဲကအသံကို ကြားနိုင်စွမ်းမရှိတဲ့ သခင်တင်မြတယောက် အဲဒီသတင်းတွေကို ဘယ်ကဘယ်လို ကြားလာခဲ့သလဲဆိုတာကိုတော့ မှန်းဆပြောဆိုဖို့ ခက်တယ်။ ဒါပေမယ့် လူထုကြားမှာ အမှန်တကယ် ထွက်ပေါ်နေတဲ့ သတင်းကတော့ အဲဒီရွေးကောက်ပွဲကို ဝင်နွှဲမယ်ဆိုပြီး အားခဲနေကြတဲ့ နိုင်ငံရေးသမားဆိုတာတွေဟာ သစ္စာဖောက် NLD လွှတ်တော်ကိုယ်စားလှယ်နဲ့ အဖွဲ့ဝင်ဟောင်းတချို့၊ NLD နဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားဆိုတဲ့ အမည်တွေကို ပုံမှားရိုက်ထားတဲ့ လူတစုနဲ့ မဆလ အရေခွံကို ချွတ်ပြီး တစည အရေခွံကို ပြောင်းခြုံထားတဲ့ လူတစုတို့သာဖြစ်ပြီး သခင်တင်မြ ရည်ညွှန်းပြတဲ့ ခေတ်ပညာတတ် စီးပွားရေးသမား လုပ်ငန်းရှင်ဆိုသူတွေဟာလည်း စီပွားရေးပညာဆိုလို့ ဘာတခုမှ ဟုတ္တိပတ္တိ တတ်မြောက်ကျွမ်းကျင်တာမဟုတ်ဘဲ နအဖ စစ်ဗိုလ်ချုပ်တွေနဲ့ ပုလင်းတူဘူးဆို့ ပေါင်းစား၊ အဲဒီဗိုလ်ချုပ်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို အမည်ခံလုပ်ကိုင်ပေးနေကြတဲ့ ခေတ်ပျက်သူဌေးတစုသာဖြစ်တယ် ဆိုတာပဲ။

မြန်မာပြည်သူလူထု အများစုကြီးရဲ့ အသည်းစွဲ အားကစားနည်းတခုဖြစ်တဲ့ ဘောလုံးကို အသုံးချပြီး ကိုယ်ပိုင်ဘောလုံး အသင်းတွေ ထူထောင်ကာ ပြည်သူတွေကို လှည့်ဖြားစည်းရုံးဖို့ ကြံစည်နေသူတွေ အပါအဝင် အဲဒီလူတစု နအဖရဲ့ ‘လွှတ်တော်’ ဆိုတာထဲ ရောက်လာတဲ့အခါ သခင်တင်မြ မျှော်လင့်သလို ပြည်သူလူထုတော့ ချမ်းသာကြွယ်ဝလာမှာ မဟုတ်ဘူး။ သူတို့ကိုယ်တိုင်ရော သူတို့ရဲ့ ‘ခေါင်းကိုင်ဖခင်’ နအဖ စစ်ဗိုလ်ချုပ်တွေနဲ့တကွ သူတို့ရဲ့ ဆွေတော်မျိုးတော်တစုနဲ့ နောက်လိုက်လက်ပါးစေတစုသာ ဆတက်ထမ်းပိုးတိုးပြီး အတိုင်းအဆမဲ့ ကြွယ်ဝချမ်းသာလာကြမှာဖြစ်တယ်။ အဲဒါကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲမဖြစ်မှာကို စိုးရိမ်ပူပန်နေကြတာ မြန်မာပြည်သူလူထု အများစုကြီးမဟုတ်ဘဲ အဲဒီလူနည်းစုသာပဲ မဟုတ်ပါလား။

လျှပ်တစ်ပြက်ပါ ဆောင်းပါးတပုဒ်လုံးဟာ မြန်မာပြည်သူလူထုကြီးကို စော်ကားထားတဲ့ ရေးသားချက်တွေချည်း ဖြစ်ပေမယ့် အဲဒီထဲမှာမှ အဆိုးရွားဆုံး စော်ကားချက်ကတော့ ဆောင်းပါးရဲ့ နောက်ဆုံးအပိုင်း “၂ဝ၁ဝ ရွေးကောက်ပွဲနှင့် အန်အယ်လ်ဒီ” ခေါင်းစဉ်အောက်မှာ ရေးသားထားတဲ့ အရေးအသားတွေပဲဖြစ်တယ်။

အဲဒီခေါင်းစဉ်အောက်မှာ သခင်တင်မြက NLD ရဲ့တောင်းဆိုချက် (၃) ချက် (အဲဒီထဲမှာ နောက်ဆုံးအချက်ကို သူက မှားပြီး ရေးသားထားသေးတယ်) ကို ဖော်ပြပြီး အဲဒီတောင်းဆိုချက်အားလုံးဟာ အဓိပ္ပာယ်ကင်းမဲ့ ကြောင်းကျိုးဆီလျော်မှုမရှိဘူးလို့ ဝေဖန်ထားတယ်။ သူ့ဆောင်းပါးပါ NLD ရဲ့တောင်းဆိုချက် (၃) ချက်က အောက်ပါအတိုင်း ဖြစ်တယ်။

၁။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရေး။
၂။ ၂ဝဝ၈ အခြေခံဥပဒေပါ ဒီမိုကရေစီနှင့် ဆန့်ကျင်သည့် အချက်များကို ပယ်ဖျက်ပေးရေး။
၃။ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပပေးရေး (NLD ရဲ့ တောင်းဆိုချက်အမှန်က နိုင်ငံတကာရဲ့ ကြီးကြပ်မှုအောက်မှာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပရေးဖြစ်တယ်။)

ပထမတောင်းဆိုချက် အကျိုးကြောင်းဆီလျော်မှုမရှိဘူး။ အကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေဟာ တည်ဆဲဥပဒေတွေကို ကျူးလွန်ဖောက်ဖျက်မှုဖြင့် အပြစ်ဒဏ်ခံနေရသူတွေဖြစ်တယ်။ ဒါကြောင့် သူတို့ကိုလွှတ်ရေး၊ မလွှတ်ရေးဟာ တရားရေးဌာနနဲ့ပဲ ဆိုင်တယ်၊ နအဖ အစိုးရနဲ့ မဆိုင်ဘူး၊ မဆိုင်တာကို NLD က တောင်းနေတာဖြစ်တယ်လို့ သခင်တင်မြက ဆိုတယ်။ ဒီအရေးအသားတွေကို ဖတ်ရတဲ့အခါ မိမိတို့အနေနဲ့ ဘာပြောရမှန်းတောင် မသိတော့ဘူးဖြစ်သွားတယ်။ လျှပ်တစ်ပြက်ထဲမှာ ဆောင်းပါးရေးတဲ့ သခင်တင်မြနဲ့ ၁၉၃၈ ခုနှစ်တုန်းက ဓနုဖြူမြို့တရားရုံးထဲမှာ တရားရေးအာဏာပိုင်တွေကို ဖီဆန်ဆန့်ကျင်အာခံတဲ့ ကြွေးကြော်သံတွေ အော်ဟစ်နေတဲ့ သခင်တင်မြ တယောက်ထဲပဲလား။ ဒါမှမဟုတ် နှစ်ယောက်လားဆိုတာပဲ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်နေမိတော့တယ်။

တဆက်တည်းမှာ သခင်တင်မြက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကို သေးသိမ်မှေးမှိန်အောင်လုပ်ဖို့ ကြိုးပမ်းခဲ့သေးတယ်။ ဒီကြိုးပမ်းမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ် သေးငယ်မှေးမှိန်သွားမှာ မဟုတ်ပေမယ့် သခင်တင်မြတယောက် ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ခေတ်ကာလတခုကို ဖြတ်သန်းလျှောက်လှမ်းခဲ့ဖူးတယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လားဆိုတဲ့ သံသယတွေ မျိုးဆက်သစ်လူငယ်တွေရင်ထဲ တိုးပွားလာမှာကတော့ အသေအချာပဲ။

၂ဝဝ၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ NLD က တောင်းဆိုခဲ့တာနဲ့ပတ်သက်ပြီး အဲဒီအခြေခံဥပဒေဟာ ပြည်သူလူထုကြီးက တခဲနက်အတည်ပြုပြီးဖြစ်တာမို့ သမိုင်းဘီးကို နောက်ပြန်လှည့်ခိုင်းတာနဲ့ တူနေတယ်လို့ သခင်တင်မြက ဆိုတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဟာ ပြည်သူလူထုရဲ့ တကယ့်ဆန္ဒမှန်နဲ့ ဆန့်ကျင်ပြီး သူတို့ရဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့အတွက် ဘယ်လိုဘယ်ပုံ တဖက်သတ်ရေးဆွဲခဲ့တယ်၊ နာဂစ်မုန်တိုင်းကြောင့် တတိုင်းပြည်လုံး ပရိဒေဝမီးတောက်လောင်နေတာကို အခွင့်ကောင်းယူ အငိုက်ဖမ်းပြီး ကလိမ်ကကျစ် နည်းလမ်းပေါင်းစုံနဲ့ ဆန္ဒမဲတွေ မတရားရယူ အတည်ပြုခဲ့တယ်ဆိုတာ တပြည်လုံးလည်းသိ၊ တကမ္ဘာလုံးလည်းသိ၊ သခင်တင်မြကိုယ်တိုင်လည်း မျက်ဝါးထင်ထင် တွေ့မြင်ကြားသိခဲ့ရပါလျက် “ပြည်သူလူထုက တခဲနက်အတည်ပြုခဲ့တယ်” ဆိုတဲ့ လူလိမ်လူညာတွေရဲ့ စကားကို သခင်တင်မြ သံယောင်လိုက်ခဲ့တာကတော့ တကယ့်ကို အံ့သြစရာပါပဲဗျာ။

နောက်ဆုံးအချက် သူမှားပြီး ရေးထားတဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ တောင်းဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့လည်း အမျိုးသားညီလာခံကြီး အကြိမ်ကြိမ်ကျင်းပခဲ့ပြီး နောက်ဆုံးမှာ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပြီဖြစ်တာကြောင့် ဒါဟာလည်း လက်တွေ့မကျ၊ ကြောင်းကျိုးဆီလျော်မှုမရှိတဲ့ တောင်းဆိုချက်လို့ သခင်တင်မြက ဆိုတယ်။ သခင်တင်မြဟာ အမျိုးသားညီလာခံ စတဲ့အချိန်ကနေ ပြီးဆုံးသွားတဲ့ အချိန်အထိ မြန်မာနိုင်ငံထဲမှာရှိနေတဲ့ လူတယောက်ဖြစ်လို့ အဲဒီညီလာခံ မြစ်ဖျားခံဖြတ်သန်းစီးဆင်းပုံနဲ့ အဆုံးသတ်စီးဝင်သွားပုံ အစအဆုံးကို မြင်တွေ့ကြားသိခဲ့သူဖြစ်တယ်။ အဲဒီလိုလူတယောက်က အဲဒီအမျိုးသားညီလာခံကို စစ်မှန်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲလို့ ခေါ်ဝေါ်ကင်ပွန်းတပ်လိုက်ပုံကတော့ ပြောမယုံ ကြုံဖူးမှသိ၊ ပြောရရင် သြချလောက်စရာလို့သာ ဆိုရတော့မှာပဲ။

လျှပ်တစ်ပြက်ဂျာနယ်ပါ ဆောင်းပါးကိုဖတ်ပြီး တခုတွေးကြည့်လို့ရတာကတော့ သခင်တင်မြဟာ ပြည်သူတွေရဲ့ ရင်ထဲက အသံအစစ်အမှန်တွေကို နားမထောင်ဖြစ်လို့ မကြားရပေမယ့် နအဖ သတင်းစာဆောင်းပါးတွေ၊ နအဖ ခေါင်းဆောင်တွေ အထူးသဖြင့် ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်းရဲ့ စကားတွေကိုတော့ ဂရုတစိုက် မလွတ်တမ်း ဖတ်ပုံနားထောင်ပုံရ တယ်။ တချို့စာပိုဒ်တွေကို နှုတ်တက်ရွရွ အလွတ်ကျက်ထားသလားလို့တောင် ထင်မှတ်မှားရလောက်တယ်။

သခင်တင်မြဟာ ဗကပ ကနေ အလံနီ၊ အလံနီကနေ ဗကပ၊ ဗကပ ကနေ မဆလ၊ မဆလ ကနေ NLD အတိုင်ပင်ခံ၊ NLD အတိုင်ပင်ခံကနေ NLD ဆန့်ကျင်သူ၊ နောက်ဆုံး နအဖ အလိုတော်ရိ စသဖြင့် နိုင်ငံရေးသမိုင်းတလျှောက်မှာ အရောင်မျိုးမျိုး ပြောင်းလဲခဲ့သူဖြစ်တယ်။ အသက်ရှည်ကျန်းမာသူဖြစ်တာနဲ့အညီ နောက်ထပ် အသက် ဘယ်လောက်ရှည်နိုင်မယ် ဆိုတာကိုလည်း မခန့်မှန်းနိုင်သလို နောက်ထပ် အရောင်ဘယ်နှစ်မျိုး ပြောင်းမယ်ဆိုတာကိုလည်း မခန့်မှန်းနိုင်ဘူး။ ကျန်းမာအသက်ရှည်ခြင်းဟာ မင်္ဂလာတပါးဖြစ်တယ်။ လူသားတိုင်း မျှော်လင့်အပ်တဲ့ အရာတခုဖြစ်တယ်။ ဒါပေမယ့် ရှင်တော်ဗုဒ္ဓကတော့ အဲဒီမင်္ဂလာထက်ပိုပြီး အလေးထားအပ်တဲ့ မင်္ဂလာတခုကို လမ်းညွှန်ပြသခဲ့တယ်။ အဲဒါကတော့ “သီလဖြင့်ပြည့်စုံသော တမနက်သာ အသက်ရှင်ရခြင်းသည် သီလကင်းမဲ့သော အနှစ်တရာ အသက်ရှည်ခြင်းထက် ပိုမြတ်၏” ဆိုတဲ့ ဟောကြားချက်ဖြစ်တယ်။

သခင်တင်မြက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး “နိုင်ငံရေးတွင် အစားမထိုးနိုင်သည့် ခေါင်းဆောင်ဟူ၍ မရှိသင့်ပါ။ လူပုဂ္ဂိုလ်တဦးတယောက်သည် မည်မျှခေါင်းဆောင်မှုအရည်အချင်းရှိသည် ပြည့်ဝသည်ဖြစ်စေ သမိုင်းခေတ်ကို မဖန်တီးနိုင်ပါ။ သမိုင်းခေတ်ကို ဖန်တီးသူများမှာ ပြည်သူလူထုကြီးသာဖြစ်ပါသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းခံဘဝမှ မလွတ်မြောက်စေကာမူ ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပြည်သူလူထုကြီးသည် သမိုင်းလမ်းကြောင်းအတိုင်း တည်ရှိလှုပ်ရှားသွားမည်သာ ဖြစ်ပါသည်” လို့ ရေးထားတယ်။

သခင်တင်မြကို တခုတော့ မေးပါရစေ။ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်မျိုးကို အစားထိုးလို့ရခဲ့ပါရဲ့လား။ တချိန်တုန်းက ပုဂ္ဂိုလ်စွဲ၊ ဆန္ဒစွဲ၊ ဝါဒစွဲတွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်မျိုးကို ဆန့်ကျင်ဝေဖန်ခဲ့ အကြည်ညိုဖျက်ခဲ့တဲ့ သခင်တင်မြက အခုတော့ ဗိုလ်ချုပ်ကို ကြည်ညိုလှပါချည်ရဲ့ဆိုပြီး ဗိုလ်ချုပ်ဟာ တကယ့်ကို အစားထိုးမရတဲ့ ခေါင်းဆောင်တယောက်ပါလို့ တဖွဖွပြောရင်း မသေခင် ဗိုလ်ချုပ်အတ္ထုပ္ပတ္တိကို ပြည့်ပြည့်စုံစုံ ဖော်ထုတ်ရေးသားသွားမယ်လို့ ပြောပြောနေတာ တကယ်ရောဟုတ်ပါရဲ့လား၊ လူကြားကောင်းအောင် ပြောနေတာများလား၊ ဒါပေမယ့် သခင်တင်မြ ပြောတဲ့ထဲမှာ သွေးထွက်အောင်မှန်တဲ့ စကားတခုတော့ရှိတယ်။ “သမိုင်းခေတ်ကို ဖန်တီးသူများဟာ ပြည်သူလူထုကြီးသာဖြစ်တယ်'' ဆိုတဲ့ စကားပဲ။ စစ်အာဏာရှင်တွေ ကိုယ်ကျိုးရှာသမားတွေက ဘယ်လိုပဲ ပိတ်ပင်တားဆီးပါစေ၊ သခင်တင်မြတို့လို ကိုယ်သိက္ခာ ကိုယ့်သမိုင်း မရိုသေသူတွေက ဘယ်လိုပဲ စစ်အာဏာရှင်တွေအလိုကျ ချော့မြူဖြားယောင်း စည်းရုံးသိမ်းသွင်းပါစေ၊ မြန်မာပြည်သူလူထုကြီးကတော့ သူတို့ရဲ့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီပြန်လည်တည်ဆောက်ရေး ပန်းတိုင်ဆီအရောက် ဦးတည်ချီတက်သွားကြမှာ မုချဧကန်မလွဲပါပဲဗျာ။




No comments: