
၇၅)
၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်။
အမှတ် ၅၄/၅၆ တက္ကသိုလ်ရိပ်သာလမ်း ……။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအစည်းအဝေးခန်းမတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းစာရှင်းလင်းပွဲ အမှတ် (၁) အား ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်၍ပြုလုပ်၏။ ပြည်တွင်း…ပြည်ပမှ သတင်းစာဆရာများ ၃ဝ ခန့် တက်ရောက်ကြသည်။ ရန်ကုန်မြို့ရှိ သံရုံးများမှ သံတမန်ဝန်ထမ်းအချို့ကိုလည်း ခန်းမအတွင်း၌ တွေ့ရ၏။
ဒေါ်အောင်ဆန်းစုကြည်က ပထမဦးစွာ အဖွင့်မိတ်ဆက် နိဒါန်းစကားဆို၏။
``ကျမတို့ အဓိကထားပြီး ပြောချင်တဲ့ကိစ္စကတော့ ကျမတို့အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်တဲ့ အချိန်ဇယားနဲ့ ပတ်သက်ပြီး ပြောချင်လို့ပါပဲ။ ဒီအချိန်ဇယားဟာ ပြန်ပြီးတော့ ကြည့်မယ်ဆိုလို့ရှိရင် နောက် ၁၄-၅ လမှာမှ ရွေးကောက်ပွဲများ ဖြစ်မယ်ဆိုတဲ့သဘော သက်ရောက်နေပါတယ်။ တိုတိုပြောရမယ် ဆိုလို့ရှိရင် ပထမဦးဆုံးတော့ ဒီ ၁၄-၅ လဟာ အင်မတန် ကြာလွန်းတယ်လို့ ကျမတော့ ထင်ပါတယ်။ ဒီအချိန်ဇယားမှာ လုပ်မယ့်လုပ်ငန်းတွေ တကယ်ပဲ မြန်မြန်လုပ်ချင်တယ်ဆိုရင် ဒီအချိန်ကို ၉ လ၊ ၁ဝ လလောက်အထိ ကျုံ့လိုက်လို့ရမယ်လို့ ကျမတို့ ယုံကြည်ပါတယ်။ ဒါက နံပါတ်တစ်။ နံပါတ်နှစ် အချက်ကတော့ တကယ်အရေးကြီးနေတာဟာ ရွေးကောက်ပွဲများ လုပ်ပေးမယ်ဆိုတာ ပြောတာတော့ ဟုတ်ပါပြီ၊ ရွေးကောက်ပွဲများ ဘယ်တော့လုပ်ပေးမယ်ဆိုတာ အချိန်သတ်မှတ်တာ ဟုတ်ပါပြီ။ ဒါပေမဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများဖြစ်ရေးအတွက် ဘယ်လိုအခြေအနေတွေ ဖန်တီးနေတယ်ဆိုတာကို ကျမတို့ မေးခွန်းထုတ်ဖို့ လိုမယ်ထင်ပါတယ်။´´
``ကျမတို့ စည်းရုံးရေးခရီးထွက်ခဲ့တဲ့အခါမှာ ဘာတွေတွေ့ခဲ့သလဲဆိုတော့ ပြည်သူလူထုရဲ့ အခြေခံ လူ့အခွင့်အရေးများဆိုတာ မရှိသလောက် ဖြစ်နေပါတယ်။ အဲ့ဒီတော့ ဒီလိုလူ့အခွင့်အရေးများ ဒီမိုကရေစီ အခွင့်အရေးများ မရှိတဲ့အခြေအနေမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများ ဘယ်လိုဖန်တီးမလဲဆိုတာ မေးစရာ ဖြစ်နေပါတယ်။´´
``နဝတ အနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများ တကယ်ပဲ လုပ်ပေးမယ်ဆိုလို့ရှိရင် ဒီရွေးကောက်ပွဲတွေ ဖြစ်ရေးအတွက် အခြေအနေတွေစပြီး ဖန်တီးရပါမယ်။ ရွေးကောက်ပွဲဟာ ၄ လမှ လုပ်လုပ်၊ ၁၄ လ အကြာမှ လုပ်လုပ်၊ ဘယ်အချိန် လုပ်လုပ် အခြေခံလူ့အခွင့်အရေးများနဲ့ ဒီမိုကရေစီ လွတ်လပ်ခွင့်များ ဆိုတာတော့ အခုအချိန်ကစပြီး ဖော်ထုတ်သင့်ပြီလို့ ကျမတို့ထင်ပါတယ်။´´
``အဲ့ဒီတော့ အခုအချိန်မှာ ကျမတို့အဖွဲ့ချုပ်အနေနဲ့ လူ့အခွင့်အရေးများ၊ အခြေခံလူ့အခွင့်အရေးများ၊ ဒီမိုကရေစီအခွင့်အရေးများ ဖော်ထုတ်ရေးပဲ´´
``ကျမတို့အဖွဲ့ချုပ်အနေနဲ့ တတိုင်းတပြည်လုံးမှာ မြင်ရတဲ့အခြေအနေမှာ ပြည်သူလူထုဟာ တနေ့တခြား အခွင့်အရေးများ ပိုဆုံးရှုံးလာတယ်လို့ ကျမတို့ မြင်ရပါတယ်။ ဒီဆုံးရှုံးလာတဲ့ အခွင့်အရေးများကို မဆုံးရှုံးရအောင်လို့၊ ပိုပြီးရအောင်လို့ လုပ်ပေးဖို့လိုတယ်လို့ အဖွဲ့ချုပ်အနေနဲ့ သဘောထားပါတယ်။ ကျမတို့ စည်းရုံးရေးခရီးနဲ့ ပတ်သက်လို့ ကျမတို့အဖွဲ့ချုပ်ရဲ့လုပ်ငန်းတွေနဲ့ ပါတ်သတ်လို့ နောက်ဆုံးအခြေအနေ မေးချင်တာရှိရင်တော့ မေးကြပါ။ ကျမ ဖြေပါမယ်။´´
``အရင်တခါ သတင်းစာရှင်းလင်းပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို overcast လို့ ဆိုခဲ့ပါတယ်။ အခုအချိန်ကိုရော ဘယ်လိုဆိုပါမလဲ…..´´
သတင်းထောက်တဦးက မေး၏။
ဒေါ်အောင်ဆန်းစုကြည်က ….. ``Overcast threatening rain လို့ ပြောရမလား မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာဆိုလို့ရှိရင် မကျေနပ်မှုတွေကလည်း များလာပါတယ်။ မကျေနပ်မှုတွေ များလာတယ်ဆိုရာမှာ ဒီလိုအခွင့်အရေးတွေ ချိုးဖောက်နေလို့ပါ။ နောက်ပြီးတော့လည်း မတ်လမှာ ဆိုလို့ရှိရင်လည်း အရေးအခင်းများရဲ့ နှစ်ပတ်လည်လည်း ဖြစ်တယ်။ နှစ်ပတ်လည်ဖြစ်တဲ့အခါကျတော့ ကျောင်းသားလူငယ်များရဲ့ စိတ်ထဲမှာတော့ လှုပ်လှုပ်ရှားရှား ဖြစ်နေတယ်ဆိုတာကတော့ ဒါလည်း သဘာဝကျပါတယ်။ ဒီလိုပဲ ဖြစ်နေမှာပဲလို့ ယုံကြည်ပါတယ်။ ဖြစ်နေတယ်လို့လည်း ကြားပါတယ်။´´
နောက်ထပ် သတင်းစာဆရာတဦးက ထ၍ မေးခွန်းထုတ်ပြန်၏။
``လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကန့်ကွက်စာပေးတဲ့အခါ သက်ဆိုင်ရာက အမေရိကန်နိုင်ငံကို ပြန်လည်ဖြေကြားခဲ့ပါတယ်။ အမျိုးသားရေးကို ဦးစားပေးနေရတဲ့အချိန်မှာ လူ့အခွင့်အရေးကို ဦးစားမပေးနိုင်ဘူး ဆိုပြီးတော့ ဖြေတာကို ဘယ်လို သဘောရပါသလဲ။´´
``ကျမတို့ National Cause ဟာ ဘာလဲဆိုတာ မေးစရာပဲ။ အမျိုးသားရေးဆိုတာ ဘာလဲ။ အခု ကျမပြောနေတဲ့ အမျိုးသားရေးဆိုတာ ဒီမိုကရေစီရေးပဲ။ ဒီမိုကရေစီရရှိရေးအတွက် ဘာလိုသလဲ။ လူ့အခွင့်အရေးများ လိုတယ်။ ကျမ စည်းရုံးရေးခရီး ထွက်တဲ့အခါတိုင်းမှာ အတော်များများက မေးကြတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ အခြေခံ လူ့အခွင့်အရေးများကို အာမခံတဲ့စနစ်လို့ ယုံကြည်တယ်လို့ ကျမ ဖြေပါတယ်။ ဒါဟာလည်း ကျမ ယုံကြည်ချက် အမှန်ပါပဲ။ အဲဒီတော့ National Cause မို့လို့ လူ့အခွင့်အရေးအခြေခံ၊ လူ့အခွင့်အရေးများကို မစဉ်းစားနိုင်ဘူးဆိုတာဟာ National Cause ဟာ ဘာလဲဆိုတာ စဉ်းစားစရာ ဖြစ်သွားပြီ။ ဒီတိုင်းပြည်ကို တည်တံ့ခိုင်မြဲအောင် လုပ်ဖို့ တာဝန်ရှိရင် ပထမဦးဆုံးအားဖြင့် ဒီ Disturbances ဘာကြောင့် ဖြစ်လာတယ်ဆိုတာ စုံစမ်းရမှာပဲ။ ဒါ ဘာကြောင့်ြ့ဖစ်လာသလဲဆိုတာ ကျမတို့အမြင်တော့ အခြေခံလူ့အခွင့်အရေးနဲ့ ဆိုင်တာပဲ။ အခြေခံ လူ့အခွင့်အရေးမရခဲ့လို့ ပြည်သူလူထုက မကျေမနပ်ဖြစ်ပြီးတော့ အုံကြွခဲ့လို့ ဒီလိုပြဿနာတွေ ဖြစ်ခဲ့တယ်။ ဒီတော့ ဒီပြဿနာတွေ ပြေလည်ဖို့အတွက် ပြည်သူလူထု အုံကြွခဲ့တဲ့ အကြောင်းရင်းကို ရှာရမယ်။ ဒီအကြောင်းရင်းက အခြေခံ လူ့အခွင့်အရေးမရှိခဲ့လို့ ´´

AP သတင်းထောက်တဦးမှ ထပ်၍ မေးပြန်သည်။
``ပါတီအတော်များများက ဗိုလ်ချုပ်ကြီးစောမောင် ကျင်းပပေးမယ့် ရွေးကောက်ပွဲကို တရားမျှတမှာ မဟုတ်ဘူးလို့ ထင်နေကြပါတယ်။ ကြားဖြတ်အစိုးရ လိုမယ်လို့လည်း ဆိုကြပါတယ်။ သူကလည်း သူဟာ အကောင်းဆုံး ကြားဖြတ်အစိုးရပါလို့ ဆိုပါတယ်။ အဲ့ဒါ ဘယ်လိုမြင်ပါသလဲ´´
``ကျမတို့အဖွဲ့ချုပ်အနေနဲ့ တကယ်အရေးကြီးတာဟာ ဒီရွေးကောက်ပွဲ မဟုတ်ပါဘူး။ အရေးကြီးတာက လူ့အခွင့်အရေးများအတွက် တိုက်ရမှာ။ ကျမတို့ဟာ ဗိုလ်ချုပ်ကြီး စောမောင် အစိုးရပဲဖြစ်ဖြစ်၊ ဘယ်အစိုးရပဲဖြစ်ဖြစ် ရွေးကောက်ပွဲလုပ်ပေးရေး ဆိုတာကို ဦးတည်နေတာ မဟုတ်ပါဘူး။ အခွင့်အရေးများ ရရှိရေးအတွက်ပါ။ ဒီရွေးကောက်ပွဲများဆိုတာ ဒီမိုကရေစီအခွင့်အရေးထဲက အခွင့်အရေးတခုပါ။ ကျမတို့ လိုချင်တာဟာ အခြေခံလူ့အခွင့်အရေးများနဲ့ ဒီမိုကရေစီအရေးများကို ပြည့်ပြည့်စုံစုံ လိုချင်ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲရရှိရေးဆိုတာ ဒီအခွင့်အရေးများထဲက တခုသာ ဖြစ်ပါတယ်။ ကျမတို့ဟာ ရွေးကောက်ပွဲများကို ဦးတည်ပြီးတော့ ရွေးကောက်ပွဲများ လုပ်ပေးဖို့ဆိုတဲ့ ဆန္ဒနဲ့ ဒီလို ဒီမိုကရေစီလှုပ်ရှားမှုထဲမှာ ပါဝင်နေတာ မဟုတ်ပါဘူး။ ဒီမိုကရေစီရရှိရေးအတွက်ကို ရွေးကောက်ပွဲများလိုလို့ ရွေးကောက်ပွဲများ ရရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့ ပါဝင်နေပါတယ်။ ကျမတို့အနေနဲ့ ဗိုလ်ချုပ်ကြီးစောမောင် အစိုးရဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများ လုပ်ပေးမလားဆိုတာကို မမေးဘဲနဲ့ အခု ပြည်သူလူထု ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ပေးမှာလားဆိုတာကို မေးပါ။ ဒီဟာဟာ အရေးကြီးတဲ့ မေးခွန်းပါ။ ပေးမှာပါဆိုတာတင် မဟုတ်ဘူး။ ပေးပါလို့ တောင်းဆိုပါတယ်။ ပေးဖို့အချိန်လည်း ရောက်ပြီလို့ ကျမတို့ ထင်ပါတယ်။´´
AP သတင်းထောက်၏ အမေးအား ဖြေပြီးသည့်နောက်တွင် ဒေါ်အောင်ဆန်းစုကြည်က ဆက်၍ … ``သတင်းစာဆရာတွေရှိတုန်း ကျမပြောချင်တာက ကျမတို့ သတင်းလွတ်လပ်ခွင့် လိုပါတယ်။ ကျမတို့အဖွဲ့ချုပ် အနေနဲ့ဆိုရင် သတင်းလွတ်လပ်ခွင့် လိုတယ်။ လွတ်လပ်စွာ ရေးသားပိုင်ခွင့် လိုတယ်။ ကျမတို့အဖွဲ့ချုပ်အနေနဲ့ သတင်းစာထုတ်ခွင့် တောင်းပါတယ်။ မရပါဘူး။ ကျမတို့အနေနဲ့တော့ သတင်းစာတခု သပ်သပ်လိုနေပါတယ်။ လုပ်သားပြည်သူ့နေ့စဉ်တို့၊ မြန်မာ့အသံတို့ကနေပြီးတော့ သတင်းဆောင်းပါးတွေ ဘာတွေ ဆိုလို့ရှိရင် သတင်းလွှင့်ပုံတွေဟာ တဖတ်သတ်နိုင်တယ်လို့ ကျမတို့ မြင်ပါတယ်။ အဲ့ဒီလို တဖက်သတ်နိုင်လို့ရှိရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများဆိုတာ ဘယ်လိုဖြစ်နိုင်မလဲဆိုတာ မေးစရာ ဖြစ်နေပါတယ်။ အဲ့ဒီတော့ သတင်းလွတ်လပ်ခွင့်ကိုတော့ အမြန်ဆုံးပေးဖို့ လိုတယ်။ သတင်းစာ ထုတ်ဝေခွင့်ကိုလည်း အမြန်ဆုံး ပေးဖို့လိုတယ်လို့ ကျမတို့ ထင်ပါတယ်။´´
ထိုနေ့က သတင်းစာရှင်းလင်းပွဲနှင့်ပင် ဒေါ်အောင်ဆန်းစုကြည် အချိန်ကုန်ခဲ့၏။ တပို့တွဲလဆုတ်ရက်ဆောင်းက ….. အေးစက်၍မနေ….။ နွေးနွေးသွေ့သွေ့….။ ရန်ကုန်၏ ဆောင်းနှောင်း နွေဦးရက်များက …. အအေးနည်းပြီး အနွေးကဲသော နေ့ရက်များ….။ နွေဦး အဝင်စောမည့် နှစ်လေလား….။
(၇၆)
``ခရေပွင့်လျှင်
ကြွေရင့်ဝါဝါ၊ မြေ၌မှာလျှင်
တဝက်မောင်းနီ၊ ဝေ့လည်လည်ကို
လေချီသုတ်ဖြူး၊ နီဝါကူးသည်
နွေဦးပေါက်မို့ ရော်ရွက်ကြွေ
ရင့်ကြွေညောင်းသည်
ရွက်ဟောင်းစွန့်ပစ် ဘဝသစ်သို့
သနစ်ပြောင်းမည် ဖူးသစ်မီသည်
အနီထဲမှ ကြယ်ဖြူပွင့်……´´
(ဒဂုန်တာရာ၏ မတ်လ တော်လှန်ရေးမှ)
နွေဦးတပေါင်း…….။
တပေါင်းလဆန်းသည်နှင့် ရန်ကုန်၏ နိုင်ငံရေးရာသီဥတုက …. ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သည့်အတိုင်း ….. `Overcast Threatening rain´ က ပို၍ ပီပြင်လာသည်ဟု ဆိုရမည်။
မြေအောက် ကျောင်းသားလှုပ်ရှားမှုများက လှုပ်လှုပ်ရှားရှား ဖြစ်လာကြ၏။ မောင်းပြန်အား ရင်ဆိုင်ရန် ကျောင်းသားလူငယ်များက ဒေါင်းအလံအား တလူလူလွှင့်ဖို့ လုံ့လပြုလာကြ၏။
တပေါင်းက ….. ၈၈ ခုနှစ် အရေးတော်ပုံကြီး၏ သမိုင်းစဉ်တွင် ကဗ္ဗည်းကျောက်စာတိုင်များ စိုက်ထူထားခဲ့ကြသည့်လ….။ ကိုဖုန်းမော်ကျဆုံးခဲ့သည့် … မတ်လ … ၁၃ ရက်။ တံတားနီအရေးတော်ပုံ၏ သွေးစွန်သော …. မတ်လ … ၁၆ ရက်။ …….။ …….။
မြန်မာ့သမိုင်းစဉ်တွင်က အာဏာပိုင်စစ်အုပ်စုသည် နိုင်ငံရေးပြဿနာများအား နိုင်ငံရေးနည်းဖြင့် ပြေပြေပြစ်ပြစ် အေးအေးချမ်းချမ်းနှင့် ဖြေရှင်းခဲ့ခြင်းမျိုး မရှိခဲ့ …. လက်နက်နှင့်သာ အဓမ္မဖြေရှင်းခဲ့ကြ၏။ ဤသို့သော သွေးချောင်းစီး လူသတ်ပွဲများအား အများပြည်သူတို့မှ မမေ့မပျောက် အမှတ်ရနေရန် လိုသည်။ ပြီးလျှင် နောင်ကြုံတွေ့ရမည့် နိုင်ငံရေးပြဿနာများကိုလည်း နိုင်ငံရေးနည်း၊ ပြေလည်ချောမွေ့သော နည်းများနှင့် ဖြေရှင်းနိုင်ရန်မှာ သမိုင်းတွင်ရစ်သည့် အထိမ်းအမှတ် နေ့ထူးနေ့မြတ်များတွင် အထိမ်းအမှတ် အခမ်းအနားများအား ပြုလုပ်သွားရန်လိုသည်ဟု ဒေါ်အောင်ဆန်းစုကြည် တွေးထင်ထား၏။ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် ပြုလုပ်ခဲ့သည့် NLD ၏ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင်လည်း ဒေါ်အောင်ဆန်းစုကြည်မှ သူမ၏ တွေးထင်ချက်များအား ဆွေးနွေးခဲ့ပြီးဖြစ်သည်။ NLD ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးမှလည်း ကိုဖုန်းမော်ကျဆုံးခဲ့ရသည့် မတ်လ ၁၃ ရက်နေ့အား မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ပြီး အခမ်းအနားများ ကျင်းပပြုလုပ်သွားရန် ဆုံးဖြတ်ချက်ချခဲ့ကြပြီးဖြစ်သည်။
၁၉၈၉ ခုနှစ် မတ်လ ၁၃ ရက်မှစ၍ …. သတင်းပတ် တပတ်လုံးလုံးကို ဖုန်းမော်နေ့ (သို့မဟုတ်) မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ်နှင့် ရန်ကုန်မြို့တွင် ကျင်းပကြရန် စီစဉ်၏။
No comments:
Post a Comment