Thursday, August 20, 2009

(၈၈) မျိုးဆက်ကျောင်းသားများအား ထောင်ဝင်စာမှန်မှန်မတွေ့နိုင်

မင်းနိုင်သူ / ၂၀ သြဂုတ် ၂၀၀၉

နယ်ဝေး ထောင်များသို့ အပို့ခံ ထားရ သော (၈၈) မျိုးဆက် ကျောင်းသား များအား ထောင်ဝင်စာ တွေ့နိုင်မှု အခက်အခဲ များစွာ ရှိနေကြောင်း မိသားစု ၀င်များ ထံမှ သိရသည်။

“ကြာပြီဗျ။ ထောင်ဝင်စာ သွားမ တွေ့နိုင် တာ (၅) လကျော် သွားပြီ။ အဓိက ကတော့ လေယာဉ် ပျောက်တာပဲ။ ရန်ကုန်-တာချီလိတ် လေ ယာဉ် ခရီးစဉ် တွေ ဖျက်ထား တယ်။ ကားလမ်းက သွားမယ် ဆိုလည်း မိုးတွင်း ဆိုတော့ မလွယ်ဘူး။ အခက် အခဲတွေ ရှိတယ်။ ငွေလွှဲနဲ့ ငွေပဲ ပို့နိုင် တယ်ဗျ။ ကျန်းမာရေး အခြေ အနေ ကတော့ သူ့ဘာသူ ဆင်ခြင် နေရ တယ်တဲ့။ သူရေး တဲ့စာ ထဲမှာ ပါတာပေါ့။ အရင် က လည်း နှစ်ရှည် ထောင်ဒဏ် ခံခဲ့ ရတဲ့ လူတွေ ဆိုတော့ ကျန်းမာရေး ကတော့ မကောင်း ကြပါဘူး” ဟု ရှမ်းပြည်နယ် တောင်ပိုင်း မိုင်း ဖြတ် ထောင်အတွင်း အထိန်း သိမ်းခံ နေရသော (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး ၏ညီ ကိုအောင်ထွန်း က ပြောသည်။

နအဖစစ်အစိုးရက (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်များအား ၂၀၀၇ ခုနှစ်အတွင်း လောင်စာဆီ ဈေးနှုန်းကျဆင်းရေး ဆန္ဒပြမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် တံခါးပိတ်တရားခွင်များမှ ထောင်ဒဏ် (၆၅) နှစ်အထိ ချမှတ်မှုများပြု၍ နယ်ဝေးထောင်များသို့ ပို့ဆောင်ခဲ့သည်။

ထို့ကြောင့် (၈၈) မျိုးဆက်ကျောင်းသားများ၏ မိသားစုများအဖို့ ထောင်ဝင်စာတွေ့ရန် အခက်အခဲများစွာ ရှိနေဆဲဖြစ်သည်။

(၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဌေးကြွယ်၏ ညီမ မမီးမီးကြွယ်ကလည်း “ဒီလထဲသွားတွေ့ဖို့ စီစဉ်ထားတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း မတွေ့ရဘဲ လှည့်ပြန်ခဲ့ရတာလေ” ဟု ပြောသည်။

ဘူးသီးတောင်ထောင်တွင် အထိန်းသိမ်းခံထားရသော ကိုဌေးကြွယ်ထံ ပြီးခဲ့သည့်လ (၇) ရက်တွင် ထောင်ဝင်စာတွေ့ရန် သွားရောက်ခဲ့သော်လည်း စစ်တွေလေယာဉ်ကွင်းပေါ်သို့ ရောက်ပြီးမှ လေယာဉ်မဆင်းနိုင်သဖြင့် ရန်ကုန်သို့ လှည့်ပြန်ခဲ့ရကြောင်း မမီးမီးကြွယ်က ပြောသည်။

ရှမ်းပြည်နယ် ကျိုင်းတုံထောင်တွင် အထိန်းသိမ်းခံနေရသော ကိုမင်းကိုနိုင်ကို ယမန်နေ့က ထောင်ဝင်စာ သွားရောက် တွေ့ဆုံလိုသည့် အစ်မဖြစ်သူမှာလည်း လေယာဉ်ခရီးစဉ်အဆင်မပြေသဖြင့် သွားရောက်တွေ့ဆုံနိုင်ခြင်းမရှိကြောင်း သိရသည်။

နအဖစစ်အစိုးရက ၂၀၀၇ ခု စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး အရေးအခင်းအပြီးတွင် (၈၈) မျိုးဆက်ကျောင်းသားများ အပါအ၀င် နိုင်ငံရေးလှုပ်ရှားသူများအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး နယ်ဝေးထောင်များသို့ ပို့ထားရာ မိသားစုများ အနေဖြင့် ထောင်ဝင်စာတွေ့ရန် အခက်အခဲဖြစ်နေကြသည်။

မကြာမီအတွင်း နအဖစစ်အစိုးရက အကျဉ်းသားများအား လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော့မည်ဆိုသည့် သတင်းများ ပေါ်ထွက်နေပြီး စရဖအဖွဲ့များက ထောင်များအတွင်းရှိ နိုင်ငံရေးသမားများအား တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ကိုကိုကြီး၏ညီ ကိုအောင်ထွန်းက “ကျနော်တို့လည်း အဲလိုတွေတော့ ကြားနေရတာပဲ။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်မယ်၊ မလွှတ်ဘူးဆိုတာ ကိုယ့်အိမ်ရောက်မှ ကိုယ်ဟင်းချနိုင်မယ့် ကိစ္စပါ” ဟု ပြောသည်။

မြန်မာနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်ရှိသည်။

No comments: