Thursday, August 20, 2009

တွံတေးမြို့နယ် ဝတ်ပြုဆုတောင်းပွဲကို အာဏာပိုင်များနှောင့်ယှက်

ရိုးမ ၃

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် အင်န်အယ်ဒီပါတီဝင်များနှင့် ပြည်သူအချို့က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ရာ အာဏာပိုင်များက ခြိမ်းခြောက်နှောင့်ယှက်မှုများ ပြုလုပ်ခဲ့သည်။


နိုင်ငံအနှံ့ အင်န်အယ်ဒီပါတီဝင်များက အဆိုပါဝတ်ပြုဆုတောင်းပွဲကို ပြုလုပ်လျှက်ရှိရာ ယမန်နေ့က တွံတေးမြို့ ရွှေဆံတော်ဘုရားတွင် ဆုတောင်းပွဲပြုလုပ်စဉ် အာဏာပိုင်များက နှောင့်ယှက်ခဲ့ခြင်းဖြစ်သည်။

အင်န်အယ်ဒီပါတီဝင်များသည် မြို့နယ်ဥက္ကဌ ဦးကျင်တိုးအိမ်မှ ပြည်သူလူထု အင်အား ၂၀ ခန့်နှင့်အတူ ရွှေဆံတော်ဘုရားသို့ လမ်းလျှောက်ကာ ဝတ်ပြုဆုတောင်းပွဲကို စတင်ခဲ့ခြင်းဖြစ်သည်။

“ဘုရားလည်းရောက်ပြီးတော့ အင်္ဂါဒေါင့်မှာ ဝတ်ပြုဆုတောင်းတယ်၊ ဘုရားကို တပတ်ပတ်တယ်၊ ရှင်ဥပ္ပဂုတ္တမကန်မှာ ကုသိုလ်အဖြစ် ငါးစာကျွေးတယ်၊ ငါးစာကျွေးပြီး ပြန်အတက်မှာ ရဲအဖွဲ့က နယ်ထိန်းခေါင်းဆောင် ဝင်းထွဋ်ထွဋ်ဦးနဲ့ ဒုတပ်ကြပ် စိုးဝင်းအောင်တို့က ပြဿနာရှာပြီးတော့ ထိုးမယ်ကြိတ်မယ်၊ ချက်ခြင်း မင်းတို့ ဘုရားပေါ်ကဆင်း၊ မဆင်းရင် ဖမ်းမယဆိုပြီး ဟန့်တားနှောင့်ယှက်တယ်၊ အမျိုးသမီးတွေကိုလည်း ဆွဲလားရမ်းလားလုပ်တယ်” ဟု တွံတေးမြို့နယ် အင်န်အယ်ဒီပါတီ တွဲဘက်အတွင်းရေးမှူး ကိုဇော်မင်းထွန်းက ပြောသည်။

တွံတေးမြို့နယ် မယကဥက္ကဌ ဦးအောင်စံသာ ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များမှာ အင်အား ၅၀ ခန့်ရှိပြီး ရဲသတင်းအထူးတပ်ဖွဲ့၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)များ ပါဝင်ပြီး နယ်ထိန်းခေါင်းဆောင် ဝင်းထွဋ်ထွဋ်ဦးမှာ အရက်သေစာ သောက်စားထားကာ ထိုးကြိတ်မည်အထိ နှောင့်ယှက်ရမ်းကားခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

“ဒုတပ်ကြပ် စိုးဝင်းအောင်ကလည်း ဒီလိုပဲ၊ ကျနော်တို့ဘက်က တုံ့ပြန်မှုမရှိဘူး၊ သူတို့ဘက်က ပြဿနာတက်ပြီး အမှုဖြစ်အောင် ဖန်တီးနေတာပါ၊ ညကလည်း ကျနော်တို့အိမ်တွေကို ခဲတွေနဲ့ လာထုတယ်၊ ဘယ်သူတွေဆိုတာတော့ မသိဘူး” ဟု ကိုဇော်မင်းထွန်းက ပြောသည်။

တွံတေးမြို့နယ်ရှိ အာဏာပိုင်များက မြို့နယ်အတွင်းရှိ အင်န်အယ်ဒီပါတီဝင်များအား လူ ၅ ဦးထက် ပိုစုခြင်း၊ ဘုရားပေါ်တက်၍ ဝတ်ပြုဆုတောင်းခြင်းများ ပြုလုပ်ပါက ဖမ်းဆီးအရေးယူမည်ကြောင်း လိုက်လံခြိမ်းခြောက်ခြင်းများလည်း ပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ထပ်မံချမှတ်ထားလိုက်သည့်အတွက် သူမနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် နိုင်ငံအနှံ့ ဝတ်ပြုဆုတောင်းပွဲများ ပြုလုပ်လျှက်ရှိရာ မိထ္ထီလာ၊ သာစည်၊ မြင်းခြံ၊ ရေနံချောင်း၊ ညောင်ဦးမြို့နယ်များတွင်လည်း ဝတ်ပြုဆုတောင်းပွဲအပါဝ၀င် အဖြူရောင်ဝတ်စုံများ ဝတ်ဆင်ကာ အင်န်အယ်ဒီလူငယ်များက (၄) ရက်မြောက်နေ့ လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။

ယနေ့တွင်လည်း (၅) ရက်မြောက်နေ့အဖြစ် အဖြူရောင်ဝတ်စုံများ ဝတ်ဆင်ကာ တွံတေးမြို့နယ် အင်န်အယ်ဒီပါတီဝင်များနှင့် ပြည်သူအချို့သည် လုံခြုံရေးများ ပိုမိုတင်းကြပ်လာနေသည့်ကြားမှ မြို့ရှိ ရွှေဆံတော်စေတီပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။

“အခု ဘုရားမှာ ကျနော်တို့ အဖြူရောင်ဝတ်စုံတွေနဲ့ ရောက်နေပြီ၊ ရွှေဆံတော်ဘုရားမှာ၊ ဒီနေ့ လုံခြုံရေးတွေတော့ ပြည့်နေတာပဲ၊ အခု အခြေအနေကိုတော့ ဘာမှန်းမသိသေးဘူး၊ မြို့နယ်ဥက္ကဌ ဦးကျင်တိုးလည်း ပါတယ်၊ လူထုက ၂၀ ကျော်လောက် ရှိပါတယ်၊ ဘုရားပေါ်မှာ အခုရောက်နေကြတယ်၊ အင်န်အယ်ဒီအဖွဲ့ဝင်လည်း ၂၀ ကျော်လောက် ရှိတယ်၊ ဒီနေ့ အင်အားလည်း ထပ်ဖြည့်ထားတယ်” ဟု မြို့နယ်အင်န်အယ်ဒီပါတီ တွဲဘက်အတွင်းရေးမှူး ကိုဇော်မင်းထွန်းက ပြောဆိုသွားသည်။

No comments: