Thursday, December 3, 2009

အနာဂတ်သို့ ပျံသန်းခြင်း (သို့မဟုတ်) ဒုက္ခသည်များ၏ ဘဝပုစ္ဆာများ

နှင်းပန်းအိမ်

ဘဝနဲ့ ပတ်ဝန်းကျင်ဆိုတာ ရှောင်ကွင်းလို့ မရစကောင်း။ ကိုယ်ကျရာဘဝမှာ ကိုယ့်ပတ်ဝန်းကျင်နဲ့ ဝင်ဆံ့ရမယ်ဆိုတဲ့ စကားအတိုင်း ကျမ လက်တွေ့ရင်ဆိုင် ကျင့်သုံးနေရပါတယ်။

လူတွေရဲ့ တွေ့ကြုံ၊ ဆုံကွဲ၊ မလွဲဓမ္မတာ ဇာတ်ခုံမှာ ကြည်နူးစရာ၊ စိတ်ပျက်စရာ၊ အသည်းထိတ်စရာ၊ ကြွေကွဲစရာ၊ ဝမ်းနည်းစရာ အဖြာဖြာရှိခဲ့ပါတယ်။ ကျမကတော့ ကိုယ့်ကံပစ်ချတဲ့၊ ကိုယ့်ဘဝတာဝန်ကို ကျေပွန်ရမယ်ဆိုတဲ့ စိတ်နဲ့ ဘဝကို တည်ဆောက်ခဲ့သူပါ။ ဘဝဆိုတာ ကံတရားတခုကြောင့် မဟုတ်ဘဲ စနစ်ကြောင့် ဒုက္ခကို ရင်ဆိုင်ရတယ်ဆိုတာ စစ်မှန်တဲ့ တရားခံကို ကျမတို့ သိရှိခဲ့ပါပြီ။

ဒုက္ခသည်စခန်းထဲကို ဘာသာရေး၊ နိုင်ငံရေး၊ လူမျိုးရေး ဖိနှိပ်မှုတွေကြောင့် လူမျိုးပေါင်းစုံ၊ ဘဝပေါင်းစုံ လာရောက်ပေါင်းစည်း နေထိုင်နေကြရပါတယ်။ စိတ်ဒဏ်ရာမျိုးစုံနဲ့ ဒုက္ခသည်တွေဟာ စိတ်ဖိစီးမှုတွေနဲ့ ထပ်ပြီး ရင်ဆိုင်နေရပါတယ်။ ရာသီဥတုရဲ့ အပြောင်းအလဲ၊ ကမ္ဘာ့နိုင်ငံရေး အခြေအနေ၊ ကမ္ဘာ့စီးပွားရေး အခြေအနေဟာ ဒုက္ခသည်တွေအတွက် ဝမ်းနည်းဝမ်းသာအဖြာဖြာကို ခံစားစေတယ်ဆို ပိုတယ်မထင်ပါနဲ့။

ဒုက္ခသည်တွေရဲ့ ရှေ့ခရီးဟာ နိုင်ငံရေး တည်ငြိမ်မှု၊ စီးပွားရေး တည်ငြိမ်မှုနဲ့ အများကြီး ဆိုင်တယ်မို့လား။ ဒီတော့ ဒုက္ခသည်စခန်းထဲမှာ သတင်းနားထောင်မှု၊ သတင်းဝေဖန်မှု၊ ထင်မြင်ချက်ပေး၊ ရှေ့အလားအလာကို တွက်တာဟာ တခြားပတ်ဝန်းကျင်တွေထက် သိပ်ကိုများပါတယ်။ မကြုံစဖူးထူးကဲလှသည်ပေါ့။ ပြင်ပသတင်းတွေအပြင် စခန်းထဲက သတင်းတွေကိုလည်း နားစွင့်ရပါတယ်။

တတိယနိုင်ငံဆိုတဲ့ ရှေ့အနာဂတ်ခရီးကို အခြေချပြောင်းရွှေ့နေထိုင်တဲ့အခါ အသက်မွေးဝမ်းကြောင်းနိုင်မယ့် လုပ်ငန်းကို UN အစီအစဉ်နဲ့ ထိုင်းအစိုးရက စီစဉ်ပေးတာပါ။ ကွန်ပြူတာ၊ ချက်ပြုတ်/မုန့်ဖုတ်၊ စက်ချုပ်၊ တေးဂီတ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်ပြင်၊ သက်ကြီးရွယ်အိုနဲ့ ကလေးပြုစုစောင့်ရှောက်ရေး သင်တန်းတွေကို ဖွင့်လှစ်ပေးပါတယ်။ ဒီသင်တန်းက အောင်မြင်ရင် သင်တန်းအောင်လက်မှတ်နဲ့ တတိယနိုင်ငံမှာ အလုပ် လွယ်ကူတယ်ဆိုတဲ့အတွက် ပိုလို့စိတ်ဝင်စားကြပါတယ်။ အချိန်တွေအားနေတော့ သင်တန်းတက်နေတဲ့အချိန်၊ မိသားစုလွမ်းတဲ့စိတ်၊ အိမ်လွမ်းစိတ်၊ ဒေသလွမ်းစိတ်၊ နိုင်ငံလွမ်းစိတ်တွေ လျော့ပါးသွားရတာလည်း ပါပါတယ်။

ဒီတော့ ကျမလည်း သက်ကြီးရွယ်အိုနဲ့ ကလေးစောင့်ရှောက်ရေး သင်တန်းကို ရွေးချယ်ခဲ့ပါတယ်။ ကျမကို လူတွေ့စစ်ဆေးတဲ့ ကရင်လူမျိုး ဆရာနဲ့ ဆရာမ (ကရင်လို - သရနဲ့ သရမှု) က ဘာကြောင့် ဒီသင်တန်းကို တက်ချင်ရတာလဲတဲ့။ ကျမက အနာဂတ်ရှည်တဲ့ ကလေးတွေကို ပြုစုပျိုးထောင်ပေးချင်သလို အနာဂတ်တိုတဲ့ ဘဝနေဝင်ချိန် နီးနေတဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပေးချင်ပါတယ်။ ဒါ့အပြင် သင်တန်း အတွေ့အကြုံတွေက စာရေးသူ ကျမအတွက် အကြောင်းအရာအသစ်တွေ ရရှိနိုင်မယ်ဆိုတော့ ဒီတခါမရလည်း နောက်ထပ်သင်တန်းကို ကြိုးစားပါတဲ့။ ကျမတို့ စာမေးပွဲအောင်စာရင်း ထုတ်ပြန်တော့ ၁၆ ယောက် အောင်ပါတယ်။

၁၆၊ ၁၁၊ ၂ဝဝ၉ မှာ သင်တန်း စပါတယ်။ သင်တန်းကာလက ၄၅ ရက်ပါ။ ပြီးရင် စခန်းအတွင်း ဆေးပေးခန်းမှာ ၆ လ လက်တွေ့သင်တန်း ဆင်းရပါမယ်။ စာသင်ခန်းနဲ့ နှစ်ပေါင်းများစွာ ဝေးခဲ့တဲ့ ကျမ ကိုယ့်ကိုယ်ကို အားငယ်ရပါတယ်။ သင်တန်းသား၊ သင်တန်းသူ ၁၆ ယောက်မှာ ယောက်ျားလေး ၄ ယောက်၊ မိန်းကလေး ၁၂ ယောက် ပါတယ်။

“ဒေါ်လှထွေး” (ကျမတို့ အခေါ် မမထွေး) က အသက် ၆ဝ ကျော်။ အရွယ်တင်တဲ့ သူ့ကို ကျမတို့က ၆ဝ မထင်ဘူး။ ၅ဝ လောက် ထင်ထားတာ။ ဒေါ်ကျင်ကျင်ဝင်းက အဖွဲ့ချုပ် ဗဟိုလူမှုအထောက်အကူကပါ။ ဒေါ်လွင်လွင်မြင့်က အရှင်ဂမ္ဘီရရဲ့ အမတော် အငယ်ဆုံး။ ကိုအောင်မိုးသွင်က မြန်မာပြည်မှာတုန်းက လက်ရွေးစင် ဘောလုံးသမား။ အဲလ်လီးဇဘက်၊ ဂင်ဂိုကျိန်း၊ ကျောင်ခန့်ကိန်းတို့က ချင်းတောင်ပေါ်က ချင်းအမျိုးသမီးတွေ။ ဦးခင်မောင်ဝင်းက မြိတ်က၊ ဦးမြင့်ဝင်းကတော့ ယောက်ျားလေးထဲမှာ အသက်ကြီးပုံရတယ်။ ၅ဝ ကျော်၊ ၆ဝ နီးပါး ရှိတယ်။ စွိလတ်ဝင်းထော၊ မျိုးမျိုးမင်းစိုးက ရန်ကုန်သူတွေ။ ကျမတို့သင်တန်းမှာ အပျိုလေး နှစ်ယောက်၊ အချောဆုံး နှစ်ယောက်။

ဒေါ်အေးအေးသန်းကတော့ ကျမတို့စခန်းထဲက နို့ဖိုး ဖိုးချစ်ကတော်။ ကိုစောမြင့်ထွေးကတော့ ပိုးကရင်။ ဒေါ်ခင်ဝင်းထွေးကတော့ တနေကုန် သင်တန်းတက်ပြီး မြေး ၅ ယောက်ကို ပြုစုပျိုးထောင်နေသူပါ။ မယုဝါသိန်းကတော့ အမေးအမြန်းထူပြီး စူးစမ်းလေ့တဲ့ ကလေး ၃ ယောက် မိခင်။ ကျမတို့ရဲ့ အသက်အရွယ် မညီမျှမှုတွေ၊ အသားအရောင်၊ ဘဝအနိမ့်အမြင့်၊ ဘာသာလူမျိုး၊ ပညာအရည်အချင်း အားလုံး တပေါင်းတစည်းထဲ ဖြစ်သွားရတဲ့ သင်တန်းပါ။

ကျမတို့ စပြီးသင်ရတာက မွေးကင်းစကလေးကို ပြုစုရတဲ့ နည်းပါ။ မွေးစကနေ မွေးကင်းစကလေးကို တလအထိ
သတ်မှတ်ထားပါတယ်။ အနှီးထုတ်နည်း၊ အနှီးခေါက်နည်း ၃ မျိုး ရှိပါတယ်။ ကလေး ရေမချိုးခင် လူကြီးက လက်ဆေးရပါတယ်။ လက်ဆေးနည်းက ကလေးပြုစုစောင့်ရှောက်ရေး သင်တန်းမှာ အရေးအကြီးဆုံးလို့ ဆိုပါတယ်။

(၁) လက်ဖဝါးကို အရင်ဆေးမယ်။ (၂) လက်ကြားတွေကို ဆေးမယ်။ (၃) လက်ချောင်းတွေကို ဆေးမယ်။ (၄) လက်ဆစ်တွေကို ဆေးမယ်။ (၅) လက်ဖဝါးတွေကို ဆေးမယ်။ (၆) လက်ကောက်ဝတ်အထိ ဆေးမယ်။ ပြီးတော့မှ ကလေးချီပြီး ရေချိုးပေးရပါမယ်။ ကလေးအစား ရော်ဘာကလေးရုပ်တွေနဲ့ လက်တွေ့လုပ်ရတာပါ။

ကလေးရေမချိုးခင် ကလေးကို အနှီးထုပ်ထဲကနေ ကလေးကို တဘက်နဲ့ပတ်ပြီး ကလေးကို ယူမယ်။ ကလေးရေချိုးပေးရင် နေသာတဲ့ အချိန် မနက် ၁၁ နာရီ အချိန်မှန်မှန် ရေချိုးပေးရမယ်။ နို့မတိုက်ခင် ရေချိုးပေးရမယ်။ ဇလုံ ၂ လုံး၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာဖော့တုံး၊ ပေါင်ဒါမှုန့်၊ ဂွမ်း၊ အရက်ပြန်၊ အမှိုက်ပုံး တလုံး၊ ပဝါအကြီး နှစ်ထည်၊ အသေး တထည်။ ကလေးအိပ်ယာ၊ ရေနွေး၊ ရေအေး အစုံပြင်ဆင်ပြီးမှ ကလေးကို ရေချိုးပေးရမယ်လို့ သင်ရပြီး လက်တွေ့လည်း လုပ်ရပါတယ်။၏

သင်တန်းသူ ကျမ လက်တွေ့ ကလေးခေါင်းလျှော်၊ ရေချိုး၊ အနှီးထုပ်နေပေမယ့် စိတ်ထဲမှာတော့ ကျမတို့ မြန်မာနိုင်ငံ ကျေးလက်က တောင်သူတွေ၊ လက်လုပ်လက်စား မိဘတွေ၊ တောင်တန်းဒေသက၊ မဖွံ့ဖြိုးသေးတဲ့ နေရာတွေက ကလေးတွေကို သတိရမိတယ်။ ပြီးစလွယ် ကြီးပြင်းရတဲ့ ကလေးငယ်တွေ၊ မိဘရဲ့ စနစ်တကျ ပြုစုပျိုးထောင်မှု မရရှာကြဘူး။ ကလေးကလေးချင်း ပြန်ထိန်းရတာတွေ။

လူဖြစ်ရတာချင်းအတူတူ လူ့ဘဝကို ခံစားရပုံချင်း မတူကြဘူး။ ကျမတို့ မြန်မာနိုင်ငံရဲ့ ခေတ်စနစ်ကိုက မွေးမလာခင် မိခင်ဝမ်းထဲမှာကတည်းက လူ့အခွင့်အရေး ဆုံးရှုံးနေရတာ။ သူများနိုင်ငံတွေမှာတော့ မမွေးခင်ကတည်းက သန္ဓေလောင်းအတွက် ကလေးပြုစုစောင့်ရှောက်ရေးကို မိခင်၊ ဖခင်၊ ကလေးထိန်းတွေက အရင်တတ်ထားရတယ်။ မွေးလာတဲ့ကလေးကို နိုင်ငံတော်က စရိတ်ထောက်ပံ့တယ်။ မိခင်ကိုယ်လည်း ကလေးမွေးတဲ့အတွက် နိုင်ငံတော်က ထောက်ပံ့စရိတ် ပေးသေးတယ်။ ဘယ်လောက် ပီတိဖြစ်စရာ ကောင်းလိုက်ပါသလဲ။ အားကျစရာ သိပ်ကိုကောင်းပါတယ်။

ကျမတို့ မြန်မာနိုင်ငံထဲမှာ ခေတ်မီဆေးဝါး၊ ခေတ်မီဆေးရုံတွေက လက်တဆုပ်စာ လူတစုအတွက်သာ။ မွေးလူနာ မိခင်လောင်းအများစုကတော့ ကဗျာဆရာကြီး ဆရာကြည်အောင်ရဲ့ ”သားဖွားတဲ့နေ့” ကဗျာအတိုင်းပါပဲ။

“သားဖွားတဲ့နေ့”

ရွာသူတွေ ဝိုင်းနေတယ်။
အပျိုဟိုင်းတွေမပါ။
အရွယ်ဟိုင်းတခုလပ်
လူ့ဇာတ်ဆိုတာ
သားဖွားအတတ်
ဝါးနှီးပြတ်နဲ့ အချင်းဖြတ်မယ့်
သတ္တိခဲ မိန်းမတွေ
ရေနွေးကျို၊ နနွင်းထောင်း
သားလောင်းကြိုမယ့် ထမီဟောင်း
သွေးဟောင်း၊ သွေးညစ်တွေကို
ညှစ်ဟဲ့၊ ဆေးဟဲ့
ကလေးက ယောက်ျားလေးတဲ့
အလှူကြီးပေးရမဟဲ့
ဒါနဲ့
သားဖွားမိခင်
တရားသဘောသိမြင်
နာကျင်မှုတွေ တပွေ့တပိုက်
ဓားမြှောက်ကစားမယ်
သားယောက်ျားဟေ့ ……
သားယောက်ျားဟေ့ … ။ ။

ကလေးတယောက် မွေးဖွားဖို့ မြန်မာတောရွာဓလေ့မှာ ကလေးအချင်းဖြတ်မယ့် ဝါးနှီး၊ ရေနွေး၊ နနွင်းမှုန့်၊ ထမီဟောင်း။ မွေးလူနာမိခင် ကလေးအနေအထား မမှန်လို့ အမွေးခက်ရင် ဗိုက်ပေါ်ကနေ လှိမ့်ချဖို့ ဝါးလုံးနဲ့ အားကောင်းမောင်းသန် ယောက်ျားကြီးတွေကိုလည်း မီးနေခန်းအပြင်မှာ ထားထားပါတယ်။ အရက်ပျံကို သူတို့မသိပါဘူး။ မွေးလာတဲ့ကလေး ချက်ကြိုးကို နှီးစနဲ့ဖြတ်ပြီး နနွင်းပဲ လိမ်းကြပါတယ်။ ပြီးတော့ ပုဆိုးအဟောင်းလေးနဲ့ ကလေးကိုထုပ်ပြီး ဇကောထဲထည့်ထားကြပါတယ်။

တပတ်ပြည့်လို့ ကလေးကို ရေချိုးတော့လည်း မိခင်၊ အဖွား၊ ကြီးတော်တွေက ခြေဆင်းပြီး ကလေးကို ခြေသလုံးနဲ့ ထိန်းပြီး ရေချိုးပေးတယ်။ ရေအေးကြောင့် တဝါးဝါးငိုနေတဲ့ ကလေးကို အမျိုးစုံချော့ပြီး အနှီးနဲ့ထုပ်၊ အဆင်သင့် သွေးထားတဲ့ သနပ်ခါးကို တကိုယ်လုံးလိမ်းပြီး၊ ကိုယ်တွင်းအေးအောင် သနပ်ခါးကို လက်ညှိးနဲ့ကော်ပြီး ကလေးပါးစပ်ထဲ ခွန့်လိုက်တယ်။ ဒီလက်က လက်ဆေးနည်း ၆ မျိုးဝေးလို့ လက်ကိုတောင် အလျင်မှီအောင် ဆေးခဲ့မှာတောင် မဟုတ်ပါဘူး။ ဒါပေမဲ့ မေးခိုင်ပိုးဝင်လို့၊ ဗိုင်းရပ်စ်ပိုးဝင်လို့ဆိုတာ ကြားရတာ နည်းပါတယ်။ ဒါလည်း သူ့အရပ်၊ သူ့ဇာတ်လို့ ပြောရမယ်။

နိုင်ငံနဲ့တဝှန်း သားဖွားခန်း၊ သားဖွားဆရာမ မပြည့်စုံ၊ မလုံလောက်ဘူး။ ဆေးဝါးမပြည့်စုံဘူး။ ပညာပေးသင်တန်းကတော့ အဝေးကြီးမှာ။ ပြည်သူလူထုအတွက် ကျန်းမာရေးကို နိုင်ငံတော်က ဒဿမ အနည်းဆုံးသုံးပြီး စစ်စရိတ်ကိုတော့ တိုးမြှင့်ပြီး သုံးထားတယ်။ ဒီတော့ ကျမတို့နိုင်ငံမှာ ဖွား၊ သေနှုန်းက ကြောက်စရာ ကောင်းလှပါတယ်။

ဒုက္ခသည်စခန်းထဲမှာ နိုင်ငံမဲ့နေတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို UN က ပြုစုစောင့်ရှောက်ပါတယ်။ ကိုယ်ဝန်ဆောင် အားတိုးဆေး၊ ကိုယ်ဝန်ဆောင်ပဲ ပေးပါတယ်။ အနှီး၊ စောင်၊ ကလေးအင်္ကျီ ပေးပါတယ်။ မွေးပြီးတဲ့ ကလေးကိုလည်း အပတ်စဉ် ကီလိုချိန်ပြီး၊ ကီလိုကျတဲ့သူကို အားဆေးနို့မှုန့် ပေးပါတယ်။ ဒီတော့ စခန်းထဲက ကလေးတွေဟာ မိတ္ထီလာကန်တော်အောက်က ဖားကောက်ခဲ့ပါဆိုတဲ့ သားချော့တေးနဲ့ မကြီးရပေမယ့် UN အစီအစဉ်ကြောင့် ဖွံ့ဖွံ့ထွားထွားနဲ့ လူ့အခွင့်အရေးတွေကို ယာယီခံစားနေကြရတယ်။

ဒီတော့ ကျမတို့ မြန်မာနိုင်ငံထဲက ကလေးတွေကို ပိုလို့ သတိရမိတယ်။ ကျမတို့သင်တန်းမှာ သင်ရတဲ့ စာတွေ့လက်တွေ့မှာ သင်ကြားပေးတဲ့ သင်တန်းဆရာက ကျမတို့ သင်တန်းသားတွေကို မေးခွန်းတွေလည်း မေးပါတယ်။ ပညာကို နှီးနှောဖလှယ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးက ကျောင်းသားက နားထောင်သူ၊ နာခံသူ။ ဆရာ၊ ဆရာမက ရှင်းလင်းသူသက်သက်ပဲ ဖြစ်ပါတယ်။ ကျောင်းသားက စိတ်ဝင်စားသည်ဖြစ်စေ၊ စိတ်မဝင်စားသည်ဖြစ်စေ သင်ကြားပါတယ်။

ဒီမှာကတော့ နည်းနည်းအာရုံစိုက်ရတာ ကြာလာတာနဲ့ ကျောင်းသားတွေကိုလှုပ်ရှားခိုင်းပါတယ်။ ပါဆယ်ဂိမ်း ကစားခိုင်းပါတယ်။ ကျမတို့ အသက် ၄ဝ ကျော်၊ ၆ဝ ကျော်တွေ တရားဝင် ကလေးတယောက်လို ကစားခွင့် ရတာပါပဲ။ ဒီလို စုပေါင်းကစားကြတော့ အချင်းချင်းကို ရင်းနှီးမှုရစေပြီး စိတ်ကိုလန်းဆန်းစေပါတယ်။

သင်တန်းစတက်တဲ့ နေ့မှာ ဆရာ၊ ဆရာမက ကိုယ့်နာမည်ပြောပြီး တယောက်ချင်း မိတ်ဆက်ခိုင်းတော့ ရှက်လို့ အသံမထွက်ကြဘူး။ ပထမဆုံးနေ့မှာပဲ သင်တန်းသားအချင်းချင်း ရင်းနှီးအောင် ဂိမ်းဆော့ရတော့ မှားတဲ့သူကို ဒဏ်ပေးပါတယ်။ အဲဒီ ပညာပေးကာလကို ကျမတို့ အရင်ဆုံးကြုံရတာပါပဲ။ ”လယ်ရှီးရှာ” ဆိုပြီး ပါးစပ်က ကရင်လို ဆိုရပါတယ်။ အဲဒီလိုဆိုပြီး အပေါ့စွန့်ချင်တဲ့ ပုံစံနဲ့ နဖူးကို လက်အုပ်ပြီး ဟိုရှာဒီရှာ နေရာရှာရပါတယ်။ ကို့ယို့ကားယား ကျမပုံစံကိုကြည့်ပြီး တဝါးဝါးတဟားဟားနဲ့ နောက်တော့ ဘယ်သူ့ဘယ်သူမှ မရှက်ကျတော့ဘူး။ အဲဒီကတည်းက ရင်းနှီးသွားကြပါတယ်။

စာတွေ့လက်တွေ့ပြီးရင် ဆော့ရပြီ။ တဲအိမ်လေးတွေထဲမှာ နေထိုင်ကျရတဲ့ ကျမတို့အားလုံးရဲ့ စိတ်ထွက်ပေါက် တဒင်္ဂမှာ စိတ်ဖိစီးမှုအားလုံး ပျောက်ကုန်သွားတယ်။ ရီဂျက်၊ အင်တာမဗျူးရသေးတာ၊ NPO မရသေးတာ၊ ရိက္ခာမရသေးတာ၊ လက်ထဲမှာ ငွေမရှိတာ၊ ညစာအတွက် ဟင်းမရှိတာ၊ ဘာမှ ဘာမှ မတွေးအားနိုင်တော့ဘူး။ ကလေးသူငယ်၊ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး သင်တန်းရဲ့ အကျိုးကို ကျမတို့ ချက်ချင်း ခံစားနေရပါတယ်။

ဂိမ်းဆော့လို့မှားရင် ဖားခုန် ခုန်တာ၊ မော်ဒယ်လျှောက်တာ၊ ဈေးရောင်းတာ အကုန်လုပ်ရတယ်။ အသက် ၆ဝ ကျော်၊ ၅ဝ ကျော်၊ ၄ဝ ကျော်ဆိုတာ အိမ်မှာထားခဲ့တော့၊ စိတ်လွတ်၊ ကိုယ်လွတ် ပျော်ရွှင်ရတဲ့အခါ သင်တန်းက စာတွေကို မှတ်မိလွယ်သွားတယ်။ ကျမတို့အချင်းချင်းလည်း အပြန်အလှန် သင်ကြား၊ သင်ယူနိုင်ကြတယ်။ တယောက်နဲ့တယောက် ရင်တွင်းခံစားမှုတွေကို ဖွင့်ဟတိုင်ပင်တဲ့အထိ၊ နှစ်သိမ့်တဲ့အထိ ရင်းနှီးသွားကြပါတယ်။

မွေးကင်းစ ကလေးကို ရေချိုးခေါင်းလျှော်ရင် ကလေးအစား အရုပ်ကို အသုံးပြုရပါတယ်။ အဲဒီအရုပ်ကို ယောက်ျားတွေကိုင်ရင် ခါးလယ်က ဖြတ်ကိုင်ပါတယ်။ ဒါဆိုရင် ဆရာမက အသံဝဲဝဲနဲ့ ကလေးသေတော့မယ်လို့ ပြောတတ်ပါတယ်။ မြန်မာယောက်ျားတွေက မီးဖိုချောင်၊ ကလေးဝေယျာဝစ္စက သူတို့နဲ့မဆိုင်သလို နေခဲ့တာ။ အခုတော့ ရှေ့အနာဂတ်ခရီးအတွက် ဒီသင်တန်းက အလုပ်လွယ်တယ်။ သင်တန်းဆင်းလက်မှတ်က တန်ဖိုးရှိတယ်ဆိုတော့ မလွှဲမရှောင်သာ သင်တန်းတက်ရတာကိုး။ ဒီသင်တန်းကျမှ ဒုက္ခနဲ့လှလှတွေ့ရတာ။

သင်တန်းကိုသွားရင် ကျမတို့ ထမင်းချိုင့်ထည့်သွားကြတယ်။ စခန်းထဲမှာတော့ ဘယ်သွားသွား ခြေကျင်ပဲ။ သင်တန်းနဲ့ အိမ်က ၁၅ မိနစ်လောက် လျှောက်ရတယ်။ တောင်ကျချောင်းရေကို ဖြတ်ကျော်ထားတဲ့ ဝါးတံတား ၃ ခုကို ဖြတ်ပြီး သွားရပါတယ်။ တံတားအောက်က ချောင်းရေစီးသံက ဒုက္ခသည်တွေရဲ့ ရင်ခုန်သံပါပဲ။ ရာသီလိုက်ပြီး ပြောင်းလဲတတ်တဲ့ ရေစီးသံပါ။ ဒါကြောင့် ဒုက္ခသည်ကျမတို့ရဲ့ ရင်ခုန်သံလည်း သတင်းတွေပေါ် မူတည်ပြီး ပြောင်းလဲရတာပါ။

သင်္ချာမှာ ပုစ္ဆာရှိသလို အဖြေရှိပါတယ်။ ဘဝမှာတော့ ပုစ္ဆာရှိပေမယ့် အဖြေထွက်မလာတဲ့ ပြဿနာပေါင်းများစွာ ရှိပါတယ်။ ဒီထဲကမှ ဒုက္ခသည်တွေရဲ့ ဘဝပုစ္ဆာကို အဖြေထုတ်နိုင်သူများကတော့ ……။

အဲဒီအဖြေကို စောင့်ရင်း အနာဂတ်ခရီးကို ပျံသန်းနိုင်ဖို့ ကျမတို့အားလုံး ကျိုးစားနေကြရပါတယ်။


No comments: