Thursday, December 17, 2009

ဘိလပ်မြေ တန်ချိန် ၇၀၀ လစဉ် တက်ကနက် ဆိပ်ကမ်းမှ တဆင့် မြန်မာသို့ ၀င်ရောက်

မြန်မာနိုင်ငံအတွက် အထူးလိုအပ်နေသော ဘိလပ်မြေများကို စီးပွားရေး လုပ်ငန်းရှင်များက တက်ကနက် ဆိပ်ကမ်းမှ တဆင့် မြန်မာနိုင်ငံသို့ တင်ပို့နေရာ လစဉ် မက်ထရစ်တန်ချိန် ၇၀၀ ထိ တင်ပို့နေရသည်ဟု တက်ကနက်မြို့မှ ဘိလပ်မြေ ရောင်းဝယ်သူ စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်။

အဆိုပါ တင်ပို့မူ နုန်းထား မြင့်မားလာရခြင်းမှာ ယခုနှစ် ဇူလိုင်ကတည်းကပင် ဖြစ်ပြီး မြန်မာနိုင်ငံမှ ၀ယ်လိုအားကောင်းလာသဖြင့် ယခုကဲ့သို့ တင်ပို့မူနုန်းထား မြင့်လာရသည်ဟု သူက ပြောသည်။

ဘိလပ်မြေ အများစုကို ရေလမ်းမှ တဆင့် မြန်မာနိုင်ငံသို့ တင်ပို့နေခြင်း ဖြစ်သော်လည်း မှောင်ခို တင်ပို့မူများလည်း ရှိနေသည်ဟု သိရသည်။

၂၀၀၉ ခုနှစ် ဇူလိုင်လတခုတည်းတွင် ဘင်္ဂလာဒေခ်ျ့မှ မြန်မာသို့ ဘိလပ်မြေ အပါအ၀င် တခြား ကုန်ပစ္စည်းများ တင်ပို့မူ ပမာဏမှာ တာကာ သန်း ၃၀ သာရှိခဲ့သော်လည်း သြဂတ်စ်လမှ စပြီး မြန်မာသို့ ပို့ကုန်ပမာဏမှ မြင့်မားလာခဲ့သည်ဟု တက်ကနက် အကောက်ခွန် အရာရှိ တဦးက ပြောသည်။

အကောက်ခွန်အရာရှိ အဏ္ဍ၀ါ မာဆူးမှ သြဂတ်စ်လတွင် ဘင်္ဂလာဒေခ်ျ့မှ မြန်မာသို့ ပို့ကုန် ပမာဏမှ တာကာငွေ သန်း ၅၀ ထိ မြင့်တက်လာခဲ့ပြီး စက်တင်္ဘာလ တွင်သန်း ၅၅ သန်းထိ မြင့်တက်လာခဲ့သည်ဟု ပြောသည်။

အောက်တိုဘာလတွင် ပို့ကုန်ပမာဏမှာ တာကာ ငွေ ၆၂ သန်းထိ တိုးမြှင့်လာပြီး အများစုပို့ကုန်မှာ ဘိလပ်မြေဖြစ်သည်ဟု သူကဆိုသည်။

တခြားဘင်္ဂလာဒေခ်ျ့မှ မြန်မာသို့ ပို့ကုန်များမှာ ဆံပင်၊ တီးရှပ်မျိုးစုံ၊ သွပ်ရေအိုးခပ်များနှင့် ဆေးဝါးများ ဖြစ်သည်။

No comments: