NEJ/ ၁၆ ဒီဇင်ဘာ ၂၀၀၉
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဦးအောင်ရွှေအပါအ၀င် ဗဟိုအလုပ်အမှုဆောင် (၃) ဦးကို ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဂါရ၀ပြုခွင့်ရမည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။
“ဘယ်နေရာမှာလဲတော့ ကျနော်တို့မသိဘူး။ တနေရာမှာ အဖွဲ့ချုပ်ခေါင်းဆောင်ကြီး (၃) ဦးကို စုစည်းပြီးတော့ ဒေါ်စုက ကန်တော့ခွင့် ရနိုင်မယ်။ ဒီနေ့ရလိမ့်မယ်လို့ သိရတယ်” ဟု ဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောသည်။
ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ဦးဉာဏ်ဝင်းအပါအ၀င် ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင် ရှေ့နေ (၄) ဦးတို့ သွားရောက်တွေ့ဆုံခွင့်ရခဲ့ပြီး ယခုကဲ့သို့ ဦးဉာဏ်ဝင်းက ပြောဆိုခြင်းဖြစ်သည်။
ဒီဇင်ဘာ (၁၄) ရက်တွင် နအဖစစ်အစိုးရ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးအောင်ရွှေနေအိမ်သို့ သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည်၏ ဂါရ၀ပြုရေးအစီအစဉ်နှင့်ပတ်သက်၍ သဘောထားမေးမြန်းခဲ့ပြီးနောက် ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင်တို့ (၃) ဦးကို တနေရာတည်းတွင် စုစည်း၍ ဒေါ်အောင်ဆန်းစုကြည်က ဂါရ၀ပြုခွင့် ရရှိခြင်းဖြစ်သည်။
အန်အယ်လ်ဒီ အတွင်းရေးမှူး ဦးလွင်က “သူတို့ပြောဆို အကြောင်းကြားထားတာတော့ ရှိပါတယ်။ လက်တွေ့အကောင်အထည် ပေါ်လာမှပဲ အန်ကယ်တို့က ပြောနိုင်မယ်။ အန်ကယ်ကတော့ တိတိကျကျမသိဘူး။ ဒါပေမယ့် လာခေါ်မယ်ဆိုတာတော့ သိပါတယ်။ တာဝန်ရှိသူတယောက်ကို လွှတ်ပြီး အကြောင်းကြားတာပါ” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် နိုဝင်ဘာ (၁၁) ရက်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့သည့်စာတွင် ကျန်းမာရေးအရ မိမိတို့နေအိမ်အသီးသီးတွင်သာ နေထိုင်လျက်ရှိကြသော အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလွန်းတင်တို့ကို ၎င်းတို့နေအိမ်အသီးသီးတွင် သွားရောက်ဂါရပြု ကန်တော့လိုသည့်အတွက် စီစဉ်ဆောင်ရွက်ပေးပါရန် ထည့်သွင်းမေတ္တာရပ်ခံခဲ့သည်။
ယင်းကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်က စာရေးသားပေးပို့ မေတ္တာရပ်ခံခဲ့ပြီးနောက်ပိုင်း ယခုလအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ဒီဇင်ဘာ (၉) ရက်နေ့တွင် တွေ့ဆုံခဲ့ကာ ယခုကဲ့သို့ အန်အယ်လ်ဒီမှ အသက်ရွယ်ကြီး ခေါင်းဆောင် (၃) ဦးကို ဂါရ၀ပြုခွင့်ရရှိခြင်းဖြစ်သည်။
ယမန်နေ့က တွေ့ဆုံခဲ့မှုတွင် ဒေါ်အောင်ဆန်းစုကြည်၏အမှုအတွက် ပြင်ဆင်မှု လျှောက်လဲချက်နှင့်ပတ်သက်၍ အကျိုးဆောင်ရှေ့နေများက ရေးထားသည့် မူကြမ်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြဆွေးနွေးပြီး အတည်ပြုချက် ရခဲ့သည်ဟုလည်း ဦးဉာဏ်ဝင်းက ပြောသည်။
၎င်းက “အဓိကကတော့ ကျနော်တို့ တရားရုံးချုပ် အမှုကိစ္စပါပဲ။ (၂၁) ရက်မှာ လျှောက်လဲချက်တင်ဖို့ ရေးသားလျှောက်လဲချက်ကို အကုန်လုံးဖတ်ပြီးတော့ မနေ့က အတည်ပြုချက်ရပါတယ်” ဟု ပြောသည်။
No comments:
Post a Comment