Thursday, December 17, 2009

ကမ္ဘာ့လူ့အခွင့်အရေးနေ့တွင် လူ့အခွင့်အရေးချိုးဖောက်ခံရ

ဂျူရီချိုင်၊ ယဉ်မွန်

ကမ္ဘာ့ လူ့အခွင့် အရေး နေ့ဖြစ်သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မြန်မာ စစ်အစိုးရ ခလရ (၃၁) မှ ရေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာ ဥက္ကဌ နှင့် ရွာသားများကို ညှင်းပမ်းနှိပ်စက် ရိုက်နှက် ခဲ့ကြောင်း သိရသည်။

ခေါဇာမြို့နယ်ခွဲတွင် အခြေစိုက်ထားသည့် ၄င်းတပ်ရင်းမှ တပ်သားတို့က ၄င်းနေ့တွင် မကျည်းကျေးရွာဥက္ကဌ နိုင်အောင်တင်ညွန့် အိမ်သို့ ဝင်ရောက်ပြီး စစ်ဆေးမေးမြန်းခြင်း တစုံတရာမရှိပဲ ခေါင်းကွဲသည်ထိ ရိုက်နှက်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ရွာမှာဆိုရင် လက်နက်ကိုင် မွန်ခွဲထွက်အဖွဲ့တွေက ဝင်ထွက်သွားလာနေတဲ့အတွက် သူတို့က (စစ်တပ်) ရွာသားတွေအပေါ် အဲဒီမွန်အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိသလားဆိုတဲ့ သံသယတွေကြောင့် အခုလို ညှင်းပမ်းးနှိပ်စက်တာ ဖြစ်မယ်” ဟု မန်ကျည်းရွာခံတစ်ဦးက ပြောသည်။

ကျေးရွာဥက္ကဌအပြင် မသင်္ကာသည့် ရွာသားကချို့ကိုလည်း ခေါ်ယူညှင်းပမ်းနှိပ်စက်ခဲ့ကြောင်း၊ နှိပ်စက်သည့်ဒဏ်ကြောင့် မန်းကျည်ကျေးရွာဥက္ကဌများ ခေါင်းကွဲပြီး မေ့မြောသွားခဲ့ ကြောင်းကိုလည်း ထိုရွာခံက ပြောသည်။

ယခုကဲ့သို့ ရေးမြို့တောင်ပိုင်းတွင် အခြေချထားသည့် စစ်တပ်တို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုကို ဒေသခံ ရွာသူ ရွာသားတို့က မကြာခဏ ခံနေရကြောင်း သိရသည်။

လွန်ခဲ့သည့် နိုဝင်ဘာလတွင်လည်း ခလရ (၃၁) မှ အာဏာပိုင်တို့က ခေါဇာမြို့နယ်ခွဲရှိ ရင်းရဲရွာ ဥက္ကဌနှင့် ရွာသူ ရွာသား အယောက် (၃၀) ကျော်ကို ဖမ်းဆီးပြီး ပြင်းထန်စွာ ညှင်းပမ်းနှိပ်စက်ခဲ့သည်။

ခလရ (၃၁) မှ တပ်သားတစ်ဦးက ရင်းရဲရွာအပြင်ဘက်တွင် ဗုံးနင်းမိသည်ကို မကျေနပ်ခြင်းကြောင့် ဒေသခံများအား ညှင်းပမ်းနှိပ်စက်ခြင်း ဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။

အနှိပ်စက်ခံရသူများတွင် ရင်းရဲကျေးရွာမှ ရွာခံများအပြင် ဥက္ကဌ နိုင်ကျော်ဟိန်း၊ ကျေးရွာပြည်သူ့စစ်ခေါင်ဆောင် နိုင်ငွေအပါအဝင် ပြည်သူ့စစ်အဖွဲ့ဝင် နိုင်လန်ပါတို့လည်း ပါဝင်ကြသည်။

“သူတို့က ကျနော့်ကို လက်ပြန်ကြိုးတုတ်ပြီးတော့ ကွမ်းပင်မှာချည်ထားတယ်၊ ကျနော့်ကို ခြေဆင်းထိုင်ခိုင်းပြီး ညို့သကျည်းပေါ်မှာ ဝါးလုံးနဲ့လှိမ့်တယ်၊ ပြီးတော့ ကျနော့် မျက်လုံး နှစ်လုံးကြားက နှာခေါင်းကကို ညှစ်တယ်၊ တော်တော်ခံရခက်တယ်၊ အဲဒါပြီးရင် နောက်တစ်မျိုး ပြောင်းပြီး နှိပ်စက်ပြန်တယ်၊ မြေပေါ်မှာ မှောက်အိပ်ခိုင်းတယ်၊ ကျနော့်ပေါင်ကို ဝါးရင်းတုတ်နဲ့ အချက်ပေါင်းမနည်းဘူး ရိုက်ပြန်တယ်၊ ကျနော်တို့ရွာဥက္ကဌ နှိင်ကျော်ဟိန်းဆိုရင် လမ်းလျှောက်မရတဲ့ထိကို အရိုက်ခံရတယ်” ဟု ညှင်းပမ်းနှိပ်စက်ရာမှ ထွက်ပြေးလွတ်မြောက်လာပြီး ယခုလက်ရှိ လွတ်မြောက်နယ်မြေတစ်နေရာသို့ ရောက်ရှိနေသည့် ရင်းရဲရွာသား နိုင်ဟရုန်က ပြောသည်။

No comments: