Friday, December 18, 2009

ဖာပွန်မြို့ဗုံးကွဲမှု အများအပြားသေဆုံး

ဧရာဝတီ Friday, 18 December 2009

ဗုဒ္ဓဟူး နေ့ညက လူအများ အပြား သေဆုံး ခဲ့ရသည့် ကရင်ပြည်နယ် ဖာပွန်မြို့နယ် အတွင်း ဗုံးပေါက်ကွဲ မှုမှာ ၎င်းတို့၏ လက်ချက် မဟုတ်ကြောင်း ကရင် အမျိုးသား အစည်းအရုံး (KNU) က ယနေ့ ပြောကြား လိုက်သည်။

ဖာပွန်မြို့ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ပွဲတော်ရှိ ဈေးဆိုင်တန်းတွင် KNU က ဖောက်ခွဲမှုတခု ပြုလုပ်သဖြင့် အရပ်သား ၇ ဦး သေဆုံးကာ၊ ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း အစိုးရ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး ထိုသို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“ကရင် တိုင်းရင်းသား အချင်းချင်း နားလည်မှုလွဲအောင် ဒီပေါက်ကွဲမှုကို စစ်အစိုးရက ဖန်တီးတာ ဖြစ်နိုင်တယ်” ဟု KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ဧရာဝတီကို ပြောသည်။

ကရင်နှစ်သစ်ကူးနေ့တွင် ကရင်တိုင်းရင်းသားများ ထိခိုက်မည့် လုပ်ငန်းများ ဆောင်ရွက်ရန် ဆန္ဒမရှိဟု နော်စီဖိုးရာစိန်က ပြောသည်။

ထိုပေါက်ကွဲမှုသည် “ချိန်ကိုက်စနစ်ဖြင့် ဆက်စပ်ဖောက်ခွဲသည့် ရှေ့ထွက်မိုင်း” ဖြစ်သည်ဟု အစိုးရ ချုပ်ကိုင်ထားသည့် သတင်းစာများတွင် ယနေ့ ရေးသားထားသည်။

ပြီးခဲ့သည့်လ ၁၁ ရက်နေ့ကလည်း ကရင်ပြည်နယ်ရှိ ခရီးသည်တင် သင်္ဘောတစင်းကို သေနတ်သမား တချို့က ပစ်ခတ်သဖြင့် ခရီးသည် ၃ ဦးသေဆုံးသွားကြောင်း၊ KNU က ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။

ထိုပစ်ခတ်မှုမှာ KNU ၏ လက်ချက် မဟုတ်ကြောင်း နော်စီဖိုးရာစိန်က ဧရာဝတီကို ယနေ့ ပြောကြားသည်။

ဖာပွန်မြို့တွင် လက်နက်ကိုင်အဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများစွာရှိသဖြင့် ဒေသခံ ပြည်သူများ အကြီးအကျယ် အခက်အခဲတွေ့နေကြသည်။

ဖာပွန်သည် KNU ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ တပ်မဟာ ၅ နယ်မြေတွင် တည်ရှိသည်။

မြန်မာ့တပ်မတော်ကလည်း တပ်ရင်း ၅ ခုကို ဖာပွန်မြို့တွင် အခြေစိုက်ထားသည်ဟု သိရသည်။

အစိုးရနှင့် မဟာမိတ်ပြုထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်ဖွဲ့ (DKBA) သည်လည်း ထိုဒေသတွင် လှုပ်ရှားလျက်ရှိသည်။

No comments: