Tuesday, December 15, 2009

၎ ကျောင်းထွက်

ရဲရင့်အောင် (နယူးဒေလီ)

'ဂျိန်း' ဆိုတဲ့ တံခါး ပိတ်သံကြီးဟာ ဘဝကို ထက်ပိုင်း ချိုးချ လိုက်သလား ထင်ရတယ်။ တကယ့်ကို သူစိမ်း ဆံတယ်။ လူမှာ သိမ်ငယ် လိုက် တဲ့ဖြစ်ခြင်း။ ထောင်ဘူးဝ ကနေ ပုံစံခန်းထဲ မဝံ့မရဲ လျှောက်လာ ရတယ်။ ရှိနှင့် နေပြီး သူတွေရဲ့ စူးရဲလှတဲ့ အကြည့် တွေကို ရင်ဆိုင်နိုင် စွမ်းမရှိ။

အနားကို သွေးအေးအေးနဲ့ ဝိုင်းအုံလာတဲ့အခါ အားငယ်စိတ်နဲ့ နှလုံးခုန်နှုန်းဟာ အမြင့်ဆုံးဆီ ခုန်တက်သွားတာ။ ရင်ထဲမှာ ကတုန်ကရင်ဖြစ်လာလို့ တကိုယ်လုံး နတ်ပူးသလိုလို တုန်ရင်လှိုက်မောလာတယ်။ လှောင်ချိုင့်ထဲက ငရဲသားတွေက စားတော့ဝါးတော့မတတ်။ ဒီလိုအဖြစ် မကြုံဖူးခဲ့။

'ဟဲ့ကောင် … လေးဖက်ကုန်းလျှောက်' ။ ကြမ်းပြင်ထက် လက်နှစ်ဖက်နဲ့ ဒူးထောက်ရတယ်။ အလျား ပေ ၃ဝ လောက်ရှိတဲ့ အခန်းနံရံနှစ်ဖက်ကို ဦးခေါင်းနဲ့ ခေါက်တုံ့ခေါက်ပြန်တိုက်ပြီးတဲ့အခါ အခန်းထဲမှာ ပါဝါအာဏာ အရှိဆုံး တန်းစီးနဲ့ စည်းကမ်းထိန်းဆီ ပြားပြားဝပ် အခစားဝင်ရတယ်။ ကျေးတော်မျိုး ကျွန်တော်မျိုး ဖြစ်ကရော့ပဲ။ 'ပုံစံထိုင်' ဆိုတဲ့ အသံကြီး ထွက်လာတယ်။ အနေအထိုင် မတတ်တော့ ထွားကျိုင်းတုတ်ခိုင်တဲ့ မိုက်ခဲတွေရဲ့ ခြေဖနောင့်နဲ့ လက်သီးလက်ဝါးတွေက ပြင်းအားကောင်း မိုးသီးတွေပမာ ဆင်းချလာတယ်။ နားအုံထဲ မိုးကြိုးတွေ ပစ်၊ ရင်ဝမှာ မိုးကြိုးသွားတွေ စူးနစ်နဲ့ ခန္ဓာကိုယ်တခုလုံး ထောင်းထောင်းညက်ခြေ ခံရလေပြီ။

တွေ့တွေ့ချင်း ဆောက်နဲ့ထွင်းဆိုသလို ဦးချိုး၊ ချိုချိုးလုပ်ပြီးမှ ပုံစံပြတန်းစီးက ပုံစံတွေ ပြပေးတာပါ။ အထိုင်အထ ပုံစံကျရမယ်၊ ဆက်ဆံပုံ ဆက်ဆံနည်း မှန်ကန်ရမယ်။ ဒီ့နောက် ပါဝါရှင်နှစ်ယောက်ဆီ မော်ပင်မကြည့်ရဲတဲ့ သိုးသူငယ်လို ခယရတယ်။ မေးသမျှ ဖြေပေတော့ … ပြောသမျှ နာခံပေတော့။

'အပြင်မှာ မင်းဟာ ဝန်ကြီးသားပဲဖြစ်ဖြစ်၊ မြို့တော်ဝင်ပဲဖြစ်ဖြစ်၊ ဘာကောင်ပဲဖြစ်ဖြစ် ဒီထဲကို ဝင်လာကတည်းက ဘူးဝဆိုတဲ့ အဝင်ပေါက်မှာ အားလုံးထားခဲ့ရမယ်' တဲ့။ (ဒီစကားက အာပလာဆိုတာ နောက်ပိုင်းမှ သိရတာပါ။ လူတိုင်းအတွက် မဟုတ်ပါဘူး။ ပုံစံကြည့်ပြီး ဟိန်းဟောက်ခြိမ်းခြောက်တာပါ။) ကိုယ်ကလည်း အကောင်ကြီးကြီး အမြီးရှည်ရှည် မဟုတ်။ သာမန်လူလို့ ဆိုလိုက်ရင်ကို လုံလောက်ပါရဲ့။ အထူးအခြား မရှိ။ စားဝတ်နေရေး မလောက်င၊ ကြံရာ မရရာမှ မူးယစ်ဆေးဝါး အရောင်းအဝယ်နဲ့ ငြိပြီး ဝင်ရတာ။ ထောင်အဝင်မှာ ငုတ်တုတ်ထိုင် စစ်ဆေးခံရ၊ အမည် နေရပ်လိပ်စာ အမှု ရေးမှတ်၊ ထောင်ဝင်နံပါတ်ပေးပြီး အကျဉ်းဆောင်ထဲ မဝင်ရခင် ပုံစံခန်းမှာ ပုံစံပေးလိုက်တာပါပဲ။ ပွဲဦးထွက် ကြိုဆိုဧည့်ခံပုံက အတော်ယဉ်လှသကိုး။

စီရင်ချက်ချပြီး အကျဉ်းသားတွေနဲ့ တရားဆိုင် အချုပ်သားတွေ အဆောင်ထဲမှာ ရှိတယ်။ အဆောင်တွေထဲ ဝင်ဖို့အရေး ဝင်ကြေးက စလာတယ်။ နေရာတွေက ခွဲခြားထားလို့ စိတ်ကြိုက်နေရာရဖို့ ငွေထိုးနိုင်တယ်။ ညကင်းမစောင့်ချင်ရင်၊ ကြမ်းမတိုက်ချင်ရင်၊ မိလ္လာမထမ်းချင်ရင်၊ စိုက်ခင်းမှာ လုပ်ချင်ရင်၊ စားဖိုမှာ ကျချင်ရင် … ချင်ရင်၊ မချင်ရင်တွေ အများသား။ ဘာအတွက် ဘယ်လောက်ဆိုတာ ဈေးနှုန်းရှိပြီးသား။ ဈေးဆစ်ဖို့ မစဉ်းစားနဲ့၊ မရရေးချ မရ။ အပြတ် ဈေးကိုင်တာ။ အဲလိုဆက်ကြေးတွေကို အချုပ်ကင်းကျ ကင်းမှူးတွေကို ခွဲတမ်းပေးရတယ်။ မပေးလို့ကတော့ နောက်ထပ်အချုပ်သားတွေကို တခြားအခန်းထဲ ထည့်ပေးလိုက်မယ်။ သူ့နေရာမှာ သူ့သြဇာနဲ့သူ ရှိနေတာ။ သူ့ခွဲတမ်းနဲ့ သူ။ တန်းစီးတွေနဲ့ ကင်းမှူးတွေရဲ့ကြားက အပေးအယူ။

ဝန်ဆောင်ခကို ပေးမယ့်အကြောင်း ကတိပေးရုံနဲ့ သူတို့ဂွင်ထဲမှာ အသားမကျသေးဘူး။ အခန်းထဲရှိတဲ့ မိတ်ဆွေ နှစ်ယောက်ကို နှုတ်ဆက်ခွင့် မပေးသေးဘူး။ တံမြက်စည်း၊ ရေအိုး၊ ရေခွက်၊ စာအုပ်မှတ်တမ်းကြေးတွေနဲ့ ထောင်ဝင်စာလာရင် ကော်ဖီမစ်၊ စားသောက်စရာ၊ သကြားနဲ့ ဆေးလိပ်တွေပါ အချိုးကျ ပေးရမှာကို သဘောတူရတယ်။ ရှေ့ရေးအထိပါ ကြိုးကိုင်လိုက်တာ။ ဒီလိုမဟုတ်ရင် အခန်းထောင့်မှာ ဆီးရွက်လောက်မျက်နှာနဲ့ ထိုင်နေပေရော့။ ဒါကြောင့် ရေလာမှ ဆီလာမှာမို့ နှုတ်ကတိပေးခဲ့ရတာ။ သဒ္ဓါတရားထက် ကြီးမားတဲ့ ခန္ဓာ၊ ရက်စက်တဲ့ စိတ်ဓာတ်၊ လက်ရဲဇက်ရဲ အပြုအမူ၊ သုန်မှုန် မျက်နှာထား၊ အုပ်စုကြီးကြားမှာ အကြောက်တရား ကြီးစိုးနေလို့ပါ။ ကိုယ့်မှာ လွန်ဆန်နိုင်စွမ်းမှ မရှိတာ။ ထောင်ထဲကို ရာဇဝတ်မှုနဲ့ ပထမဆုံး စကျတုန်းကပေါ့။

ထောင်သက်တမ်း ရင့်လာတာနဲ့အမျှ ထောင်ကြောနပ်လာပြီ။ သက်သာရာ သက်သာကြောင်း ရှာဖွေလာဘ်ထိုး ရာထူးတိုးဖို့ အကြောင်းဖန်တတ်ပြီ။

''မိန်းဂျေး'' ။ မိန်းဂျေးဆိုတာက အထူးတာဝန်ယူရတဲ့၊ ထောင်ဝန်ထမ်းတွေရဲ့ ခိုင်းစေခံရတဲ့ ကျေးကျွန်တွေလို့ပဲ အဓိပ္ပာယ်ပေါက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီကျွန်က အနေချောင် အစားချောင်။ ထောင်ပါးဝလာလို့ ထောင်ပိုင်၊ ထောင်မှူးကို ချဉ်းကပ်လာဘ်ထိုးပြီး မိန်းဂျေးနေရာကို အရယူတယ်။ အဆောင်တိုင်းနဲ့ ထောင်တွင်း နေရာတကာ သွားလာနိုင်တဲ့ အခွင့်အရေး ရတယ်။ အကျဉ်းအကျပ်ထဲမှာမို့ အတော်ပဲ လွတ်လပ်လှပါ့။ ဒါတင် ဘယ်ကမလဲ၊ မျိုးမျိုးမျက်မျက်လေးတွေလည်း ရှိမှ ရှိ။

အကျဉ်းသားတွေကို ထောင်ဝင်စာ လာတွေ့ရင် အဝင်အထွက်စစ်၊ တွေ့ဆုံချိန် တင်းကျပ်ထားတာ လျှော့ပေါ့ပေး၊ ပစ္စည်းသွင်းတာတွေ ကြီးကြပ်၊ အဆောင်တွင်း ဖောက်ခွဲမှု မရှိစေဖို့ လှည့်ပတ်စုံစမ်း၊ ပြင်ပက ဝယ်ချင်တာရှိရင် အကျိုးဆောင်နဲ့၊ အလုပ်ကို ဖြစ်လို့။ သိတယ်မလား၊ ရေမလာရင်တော့ ဆီဘယ်ပေးမလဲ။

ထောင်ရဲက ခေါ်ရင် 'ရှိ' ခနဲ ချက်ချင်းဖြေဖို့၊ အသံကျယ်ဖို့၊ လေသံမှန်ဖို့၊ မျက်နှာပေးကောင်းဖို့၊ အပြေးလေးသွားဖို့၊ အကြိုက်ဆောင်ဖို့ အသားကျလာတယ်။ အမည်၊ အဆောင်၊ အခန်း၊ ထောင်ဝင်နံပါတ်ပါ ထောင်ဝင်စာ ပြေစာ ဖြတ်ပိုင်းတွေယူပြီး အကျဉ်းသားတွေကို သတင်းပို့၊ ထောင်ဝတ်စုံ ဝတ်ခိုင်း၊ ပုံစံ ထိုင်ခိုင်း၊ စစ်ဆေး၊ ထောင်ဝင်စာ တွေ့ဆုံခန်း ခေါ်သွား၊ နေရာယူခိုင်း။ တွေ့ရတာ အချိန်နည်းလို့ အားမရသေးရင် ရဲနဲ့ ညှိပေး၊ သဘောတူရင် ငွေယူပြီး အချိန်တိုးပေးပေါ့။

ထောင်ဆေးခန်းက ပေးလေ့ရှိတဲ့ Peracetamol နဲ့ မလုံလောက်ဘူးလား။ ယားနာပျောက်ဆေး လိုချင်သလား၊ ကောင်းရာမွန်ရာ ဆေးမျိုးတွေ လိုချင်သလား၊ စာပါ ဖတ်ချင်သလား။ ရစေရမယ်။ အပြင်က မိသားစုဝင်တွေဆီ သတင်းရောက်စေရမယ်။ လာပို့ရင် အလွယ်တကူ ပေးသွင်းနိုင်တယ်။ ရဲနဲ့ စစ်ဆေးခန်းက ဝန်ထမ်းတွေအတွက် ဘာမှ မပူနဲ့။ သူ့ဟာနဲ့သူ အချိုးကျလေး ကသွားလိမ့်မယ်။ သိတဲ့အတိုင်း ရေစီးဖို့ပဲ။

ဒါတင်ဘယ်ကမလဲ။ အစားအသောက်ဆိုတာ အရေးကြီးမှကြီး။ အမဲသားကြော်၊ ငပိကြော်၊ ခရမ်းချဉ်သီးနဲ့ ဂေါ်ဖီ၊ ဘာဖြစ်ဖြစ် ပေးသာပေးလှည့်။ တခန်းဝင် တခန်းထွက်နဲ့ စစ်ရင်းဆေးရင်း အကျဉ်းသားဆီ ရောက်သွားလိမ့်မယ်။ ဒါပေမဲ့ ဖြတ်စားလာဘ်စားကို ကြည်ဖြူဖို့ လိုတယ်။ မကျေမချမ်းပုံစံ မျက်နှာရိပ် မျက်နှာကဲ မပြလေနဲ့။ နောက်တခါ အခွင့်အရေး ဝေလာဝေး။

မိန်းဂျေးတာဝန်ယူချိန် ထောင်ထဲကို ကမ္ဘာ့ကြက်ခြေနီအဖွဲ့ ICRC ဝင်တာနဲ့ ကြုံရပါသေးရဲ့။ သူတို့လာမယ်ဆိုလို့ အခန်းတိုင်း သန့်ရှင်းရေးလုပ်၊ ဟောင်းနွမ်းအဝတ်အစားတွေကို အသစ်နဲ့ အစားထိုး၊ ပြီးတော့ ပုံစံထိုင်ပေါ့လေ။ ICRC က ထောင်အာဏာပိုင်တွေနဲ့အတူ သန့်ရှင်းရေး၊ ကျန်းမာရေး၊ အစားအသောက် စစ်သပေါ့။ မေးချင်တဲ့ အကျဉ်းသားကို ကောက်သာမေး။ အားလုံး အော်ဟစ်ပြောရလေ့ရှိတဲ့ 'အားလုံး … ကောင်းပါသည် ခင်ဗျား' ချည်းပဲ။ တချို့က မှန်တာပြောရင် ထောင်ဆရာဝန်က စိတ်ဖောက်ပြန်သူအဖြစ် ဆင်ခြေပေးပြီး လျှော်ပစ်မလား၊ နောက်ပိုင်းမှာ အခွင့်အရေးတွေ ဆုံးရှုံးမလား၊ တခုခုတော့ တခုခုပဲ။ ဒီ့ထက် ဆိုးမယ်ဆိုရင် အလုပ်ကြမ်းတမ်း ရဲဘက်စခန်းနဲ့ ဒုက္ခဆိုးရှာ စစ်ပေါ်တာ ဖြစ်ကရော့။ ဒါကြောင့် ရေငုံနှုတ်ပိတ် ခပ်မဆိတ် နေရတယ်။ ၁၉၉၉ ခုနှစ်လောက်ကစပြီး ၆-၇ နှစ်လောက်ပဲ ICRC က နှစ်စဉ် လာဖူးတာ။ အခု မလာတော့ဘူး။

အစားအသောက်ရော ဘာထူးလဲ။ စိုက်ခင်းက ဟင်းသီးဟင်းရွက် သန်ပေ့ကောင်းပေ့ဆို ထောင်ပိုင်ထောင်မှူး အမှူးပြုပြီး၊ အဆင့်အလိုက် ခွဲတမ်းပေးဖို့ လက်မနှေးစေနဲ့။ ကျန်တာတွေကိုမှ ဧရာမ ဒန်အိုးကြီးထဲထည့်ပြီး တာလဘောဟင်း ချက်ပေတော့။ ဆီမပါပြားမပါ မည်ကာမတ္တ အသားဟင်းက တပတ် ၂ ခါ စားရတယ်။ ဓားခုတ် မညီတဲ့ အသားတောင် တယောက်ကို ၅ ကျပ်သားထက် မပိုစေဘူး။ (အခု ဘူးသီးတောင်ထောင်မှာ ၂ ကျပ်သားပဲ ရတော့မယ်လို့ ကြားရလို့ စိတ်မကောင်းဘူး။) ဆိုတော့ တပိဿာ၊ လူ ၂ဝ ခွဲတမ်း။ ထမင်း တပန်းကန်မှာ စပါးလုံးက လက်တဆုပ်စာ။ အဝင်ဆိုးသလား မမေးနဲ့။ ရွေးချင်သူ ရွေးစား၊ ဒါက အလုပ်ကြီးတလုပ် ဖြစ်လိမ့်မယ်။ ကောင်းပေ့ညွန့်ပေ့တွေ ချက်ပြီး တာဝန်ကျ ထောင်မှူးဆီ အစစ်ခံရတယ်။ အစားအသောက် ကောင်းကြောင်း မှတ်တမ်းတင်ရတယ်။ လာတာက အဲသလို။

ကျန်းမာရေး မကောင်းလို့ ဝန်ထမ်းရဲဘော်နဲ့ ထောင်မှူးကို အာပေါက်မတတ် တိုးလျှိုးတောင်းပန်ပြီးမှ ထောင်ဆေးခန်းဆီ လှမ်းတော်မူရတယ်။ အဆုံးမှာတော့ Peracetamol ပဲ။ ဒါတွေကြောင့် ထောင်ဝင်စာ၊ ထောင်ပြင်ပက ဆေးဝါး၊ အစားအသောက်နဲ့ ငွေကြေးက အတော်တန်ဖိုးရှိတယ်။ ခိုးဆိုးလုယက် သောင်းကျန်းရက်စက်သူလည်း လူပါပဲ။ ဒီအလုပ်လောက်ပဲ အားကိုးခဲ့သူမျိုးဆိုရင်တော့ ငွေကို ရရာရကြောင်း ချောင်းမြောင်းတော့တာပဲ။ ဆိုးသွမ်းပါပေ့၊ နည်းစုံလမ်းစုံ ကမ်းကုန်ပါပဲ။ လှုပ်သာလှည့်သာဖို့ ရတဲ့နည်းနဲ့ လာဘ်ထိုးလား ထိုးရရဲ့၊ ဖော်လံဖားလား ဖားရရဲ့။ အပိဆုံး အပြားဆုံး အကျဉ်းသားတွေအတွက် ထောင်ဟာ ငရဲတကာ့ ငရဲအကြီးစား။

အခွင့်ထူးခံတွေလည်း ရှိတာပါပဲ။ သူတို့ကို ထောင်ထဲမှာ သက်တောင့်သက်သာ ထားရတယ်။ ထောင်ထဲမှာပါ အပြစ်မရှိ အပြစ်ရှာခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဒါမျိုးမနေရဘူး။ ရာဇဝတ်သားလိုပဲ နေရတာ။ အခုတော့ ငါးဖယ်က ပြောင်းပြန်။ ကိုယ်လိုသူလို ရာဇဝတ်သားကို အထက်အာဏာပိုင်တွေက ပစားပေးထားတာ။ တကယ့်ကို 'ဘုရားက အောက်၊ မျောက်က အထက်'။ စစ်အာဏာပိုင်တွေနဲ့ ပေါက်ရောက်ဝင်ဆံ့ရင်၊ ချမ်းသာရင်၊ ပေးကမ်းနိုင်ရင် အဆင်ကို ပြေလို့။ အကျဉ်းသားချင်း မတူရေးချ မတူ။ ရဲတို့၊ တန်းစီးတို့တောင် မတို့ရဲ မထိရဲဘူး။ ထောင်စည်းဝိုင်းရဲ့ အတွင်းနဲ့ အပြင်ကို ဖန်ခုန်တမ်းကစားသလို တံခါးမရှိ၊ ဓားမရှိ ဝင်လိုက် ထွက်လိုက်။

'အရေးပါ အရာရောက်ပြီဟေ့' ဆိုရင် လက်ထဲက ငွေပဒေသာပင်ဟာ လှိမ့်သီးလာတာ။ ဒါကြောင့် ပြန်လွတ်မှာ စိုးရိမ်သူ၊ ထောင်မှာ ငွေရှာပြီး အိမ်ပြန်ပို့သူ၊ ရာဇဝတ်မှုလေးတွေ ထပ်လုပ်ပြီး ထောင်ထဲ ထပ်တလဲလဲ ပြန်ဝင်သူ၊ အဲသလို ထောင်ပျော်တွေ မျိုးစုံရှိတယ်။ ဝင်ငွေကောင်းမယ့် နေရာရဖို့ ကြံရဖန်ရ၊ ညစ်ပတ်ရ၊ ရက်စက်ရနဲ့မို့ ထောင်ဆိုတာ လူဆိုးကို လူကောင်းဖြစ်ဖို့ သဘောတရားနဲ့ လက်တွေ့ မပါတဲ့ နေရာ။ မလွတ်မလပ်နဲ့၊ ကျပ်တည်းကျဉ်းမြောင်းတာ မနှစ်သက်လို့ အများက နောက်တခါ ထောင်မလာချင်တာ။ ဒါပေမဲ့ လက်တွေ့မှာ ဆိုးသွမ်းဖို့အရေး ဝန်မလေးဘူး။ လူနည်းစုကို ပြောပါတယ်။ အများစုက ထောင်အတတ်တွေကို အပြင်မှာ မကျင့်သုံးဘူးလို့ ယုံပါရဲ့။

အခွင့်အရေးနဲ့ ငွေကြေး ရတက်မအေးတဲ့ ထောင်ပြင်ပ ဘဝဥခွံလေးမှာပါ အသာစီး ရရေး၊ အထက်စီး ရောက်ရေး အတွေးတွေ ပေါက်လာတယ်။ အဲဒီအတွက် ဆန္ဒအားကြီးလာတယ်။ ရိုးရိုးဖြောင့်ဖြောင့်သွားဖို့က လက်လှမ်းမမီ။ မကောင်းလိုက်တဲ့ မကောင်း။ ထောင်ထဲက သင်လာတဲ့ ပညာတွေကို မကျင့်သုံးမိဖို့ သတိသာ ထားပေတော့။ လူ့ပတ်ဝန်းကျင်ကို ကောင်းမွန်သန့်စင်ဖို့အရေး ဖာထေးရှင်းလင်းပေးလိုတဲ့ စေတနာ ပရပွသာ ထောင်ထဲမှာ စနစ်တကျ ရှိနေမယ်ဆိုရင် လူသာဓုခေါ်၊ နတ်သာဓုခေါ်ပေါ့။ တကယ့်ကို ခေါ်ချင်စမ်းပါရဲ့ သာဓု သုံးခွန်း …။

(တွေ့ဆုံမေးမြန်းခွင့်နှင့် စာမူရေးသားခွင့် ပေးသဖြင့် ကာယကံရှင် ကိုယောဟန်ကို ကျေးဇူးတင်ပါသည်။ မြန်မာပြည်တွင် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ထောင်နှစ်ခါ ထပ်ကျခဲ့သလို၊ စင်္ကာပူတွင် ရက်လွန်နေထိုင်သဖြင့် အကျဉ်းကျခဲ့ဖူးသူ ဖြစ်သောကြောင့် သူ့ကို တင်စားခေါ်ဝေါ်သည့်အနေဖြင့် ဆောင်းပါးခေါင်းစဉ်ကို '၄ ကျောင်းထွက်' ဟု အမည်ပေးပါသည်။ အကျဉ်းမျှ တင်ပြခြင်းသာ ဖြစ်ပါသည်။)

(အင်းစိန်ထောင်၌ အကျဉ်းသားများအပေါ် ထောင်အာဏာပိုင်များက ခွဲခြားဖိနှိပ်မှုများ ရှိနေသဖြင့် အကျဉ်းသား အခွင့်အရေးနှင့် တရားမျှတရေးအတွက် နိုင်ငံရေးအကျဉ်းသား ကိုညီညီအောင် လက်တလော အစာငတ်ခံ ဆန္ဒပြနေချိန်နှင့် ယနေ့ ကျရောက်သည့် ၆၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ယခု ဆောင်းပါးကို ရေးသားရပါသည်။)


No comments: