Wednesday, August 11, 2010

ဘဒ္ဒဝတီ အမည်ရ ဆင်ဖြူမ နေပြည်တော်သို့ ရောက်ရှိ

စံလင်း

ဘဒ္ဒဝတီဟု နအဖ စစ်အစိုးရမှ ဘွဲ့အမည်ပေးထားသော ဆင်ဖြူမသည် ရခိုင်ပြည်နယ်မှ နေပြည်တော်သို့ သြဂတ်စ်လ ၉ ရက်နေ့တွင် ရောက်ရှိသွားကြောင်း သတင်း ရရှိသည်။

အဆိုပါ ဘဒ္ဒ၀တီကို နေပြည်တော်တွင် အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး နှင့် အခြား ဝန်ကြီး ၄ ဦးက ကြိုဆိုခဲ့သည်ဟု စစ်အစိုးရပိုင် ကြေးမုံ သတင်းစာက ရေးသား ဖော်ပြသည်။

ဘဒ္ဒ၀တီခေါ် ဆင်ဖြူမကို မောင်တောမြို့နယ် ဖားဝပ်ချောင်းကျေးရွာ အနီးတွင် ဇွန်လ ၂၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး ရခိုင်ပြည်နယ်မှ ဖမ်းဆီးရမိသော လေးကောင်မြောက် ဆင်ဖြူ ဖြစ်သည်။

ဆင်ဖြူဆိုသည်မှာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူများနှင့်သာ ထိုက်တန်သည်ဟု အယူရှိသူ မင်းစိတ် ပေါက်နေသော နအဖ စစ်ခေါင်းများက သူတို့နေထိုင်ရာ နေထိုင်ရာ နေပြည်တော်သို့ ယူဆောင်သွားခြင်း ဖြစ်သည်။

ဘဒ္ဒ၀တီကို နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော် ဝတ္တက မြေနေရာတွင် တည်ဆောက်ထားသော အဆောင်တွင် ထားရှိသွားမည် ဖြစ်ပြီး သြဂတ်စ် ၈ ရက်နေ့က နေပြည်တော် တပ်ကုန်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တပညာသိရီ အမှူးပြုသော ဆရာတော် သံဃာတော် ၁၈ ပါးတို့က အဆောင်ကို အန္တရာယ်ကင်း ပရိတ် တရားတော်များ ရွတ်ပွားချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယခု ဘဒ္ဒဝတီမှာ ဆင်ဖြူမမှာ အသက် ၃၇ နှစ်ခန့် ရှိပြီး ဖြစ်သည်။ ယခင်က ဖမ်းဆီးရမိသော ရခိုင်က ဆင်ဖြူများမှာ အထီးတစ်ကောင် အမ နှစ်ကောင် ဖြစ်ကြောင်း သိရသည်။

ဘဒ္ဒ၀တီကို သြဂတ်စ်လ ၁ ရက်နေ့က ဘူးသီးတောင် ဆိပ်ကမ်းမှ ယူဆောင်သွားပြီး ၉ ရက်အကြာတွင် နေပြည်တော်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

No comments: