မျိုးဝင်းဇော် / ၀၅ သြဂုတ် ၂၀၁၀
နအဖစစ်အာဏာပိုင်များနှင့် ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်တို့က ပြည်နယ်တို့တွင် တိုင်းရင်းသား နိုင်ငံရေးပါတီများကို ကန့်သတ်နှောင့်ယှက်မှုများ လုပ်နေသော်လည်း ကြံ့ဖွံ့ပါတီ၏ စည်းရုံးရေးလုပ်ငန်းများကိုမူ အကူအညီပေးနေကြောင်း စုံစမ်းသိရသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်ပါတီမှ တာဝန်ရှိသူတဦးက “ကယားပြည်နယ်မှာ ရှမ်းလူမျိုးစု အများစုနေထိုင်တဲ့ မြို့နယ် (၃) ခုရှိတယ်။ အဲဒီမှာ စည်းရုံးရေးဆင်း ပါတီဆိုင်းဘုတ်တင်မယ်ဆိုပြီး ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဆီ စာတင်တယ်။ သွားမယ့် မြို့နယ်တွေဆီကိုတော့ မိတ္တူပို့လိုက်တယ်။ အဲဒါကို ပြည်နယ်ကော်မရှင် အတွင်းရေးမှူး ဦးခင်မောင်ရီက နိုင်ငံရေးပါတီများ ပါတီဝင်အင်အား စုဆောင်းခြင်းဆိုင်ရာ ညွှန်ကြားချက်အမှတ် ၂/၂ဝ၁ဝ နဲ့ မကိုက်ညီဘူးဆိုပြီး ခွင့်မပြုဘူး။ လွိုင်ကော်ကိုသွားတဲ့ ကျနော်တို့ပါတီ တောင်ကြီးဗဟိုကော်မတီဝင်တွေကို နေ့ချင်း ပြန်ထွက်ခိုင်းတယ်။ ညအိပ်ဖို့ ဧည့်စာရင်းတိုင်ခွင့်တောင် မပေးဘူး။ ဒါဟာ အတော်လေးကို ဆိုးပါတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက် အမှတ် ၂/၂ဝ၁ဝ ပုဒ်မ (၅) တွင် ပါတီဝင် စုဝေး၊ ဟောပြောလိုသည့် ပါတီများသည် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲသို့ (၇) ရက်ကြိုတင်၍ ခွင့်ပြုမိန့်လျှောက်ထားရမည်ဟု ပါရှိသည်။
ပြည်နယ် (သို့မဟုတ်) တိုင်းကော်မရှင်အဖွဲ့ခွဲရုံးစိုက်ရာမြို့နယ်များသည် သက်ဆိုင်ရာ ပြည်နယ် (သို့မဟုတ်) တိုင်းကော်မရှင်အဖွဲ့ခွဲသို့လည်းကောင်း၊ ခရိုင်ကော်မရှင်အဖွဲ့ခွဲ ရုံးစိုက်ရာ မြို့နယ်များအတွက် သက်ဆိုင်ရာ ခရိုင်ကော်မရှင်အဖွဲ့ခွဲသို့ လည်းကောင်း၊ အဆိုပါ ရုံးတခုခု ရုံးစိုက်ရာ မဟုတ်သည့်မြို့နယ်များသည် သက်ဆိုင်ရာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲသို့လည်းကောင်း လျှောက်ထားရမည်ဟု ပါရှိသည်။
ယခုကိစ္စတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်ပါတီက သက်ဆိုင်ရာ မြို့နယ်ကို မိတ္တူသာပေးပြီး ပြည်နယ်ကော်မရှင်ထံ တိုက်ရိုက်လျှောက်လိုက်သည့်အချက်အပေါ် ကော်မရှင်က ယခုကဲ့သို့ တုံ့ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ရခိုင်ပြည်နယ်တွင်လည်း ရခိုင်ပြည်နယ်ဘက် စည်းရုံးရေးဆင်းသည့် တိုင်းရင်းသားပါတီတခုကို နယ်မြေခံ အက်စ်ဘီနှင့် စရဖတို့က အဆိုပါ ပါတီ၏ မြို့နယ်ကော်မတီဝင်များစာရင်းနှင့် ၎င်းတို့၏ကိုယ်ရေးရာဇဝင်၊ ဓာတ်ပုံ စသည်တို့ကို ကော်မရှင်ညွှန်ကြားချက်မရှိဘဲ အတင်းအကျပ်တောင်းယူနေကြောင်း၊ ထို့အပြင် ဝန်ထမ်းဖြစ်သည့် ပါတီမြို့နယ်ကော်မတီဝင် တဦး၏ဇနီးကို မြို့နယ် မယက က အလုပ်မှထုတ်ပစ်မည်ဟု ခြိမ်းခြောက် အကျပ်ကိုင်မှုများ ရှိနေကြောင်း သိရသည်။
အဆိုပါ ပါတီခေါင်းဆောင်တဦးက “ဒီနယ်မြေခံ စရဖ၊ အက်စ်ဘီတွေဟာ ရွေးကောက်ပွဲကော်မရှင် ဥပေဒအတိုင်းသာ လုပ်သင့်ပါတယ်။ ကော်မရှင်ဥပဒေကို ကျော်လွန်ပြီး ဘာမှမလုပ်သင့်ပါဘူး။ ဒီလိုလုပ်တာဟာ လုပ်ပိုင်ခွင့် ကျော်လွန်လုပ်ကိုင်တာဖြစ်သလို ခြိမ်းခြောက် အကျပ်ကိုင်မှုတခုလည်း ဖြစ်ပါတယ်” ဟု ပြောသည်။
တိုင်းရင်းသားပါတီများကို ယခုကဲ့သို့ ပုံစံအမျိုးမျိုးဖြင့် ကန့်သတ်နှောင့်ယှက်မှုများ လုပ်နေသော်လည်း ကြံ့ဖွံ့ပါတီကိုမူ အာဏာပိုင်များက အကူအညီများပေးနေကြောင်း ရခိုင်ပြည်နယ် မြေပုံမြို့နယ် မြို့ခံတဦးက ပြောသည်။
၎င်းက “ကျနော်တို့မြို့နယ်ကို ပြည်နယ်ကြံ့ဖွံ့တာဝန်ခံတွေက မြို့နယ်ရုံးလာဖွင့်တယ်။ အဲဒါ အနောက်ပိုင်းတိုင်း တိုင်းမှူးဗိုလ်ချုပ်သောင်းအေးပါ လိုက်လာပေးတယ်။ တမြို့လုံးကို အလံတွေ စိုက်ထူပြီး ကြိုဆိုခိုင်းတယ်။ ပြီးတော့ ဒီ မြေပုံမြို့နယ်ကြံ့ဖွံ့ပါတီကို စည်းရုံးရေးအတွက် ငွေကျပ် သိန်း (၂ဝ)၊ တယ်လီဖုန်း (၁၅) လုံး၊ ဆိုင်ကယ် (၂) စီး၊ ဖိုင်ဘာ စပိဘုတ် (၁) စီး ပေးသွားတယ်။ လူတွေက အာဏာပိုင်တွေ ခိုင်းတာဆိုတော့ အကြောက်တရားနဲ့ လုပ်ကြရတယ်” ဟု ပြောသည်။
No comments:
Post a Comment