Friday, August 6, 2010

ရွာသားများ တောင်ယာသွားခွင့် လက်မှတ်ရယူရန် အခကြေးပေးဆောင်ရ

ဒီမင်း

ကရင်နီပြည်ရှိ ရှားတော မြို့နယ်မှ ရွာသား များသည် တောင်ယာ သွားရောက် လုပ်ကိုင် ရန်အတွက် ကျေးရွာ အေးချမ်း သာယာ ရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီထံ တောင်ယာသွားခွင့် လက်မှတ်ကို အခကြေးငွေ ပေးဆောင်၍ ရယူနေကြရသည်ဟု သိရသည်။

“တောင်ယာသွားခွင့်လက်မှတ် လုပ်တယ်ဆိုတာက ဘယ်သူတွေတောင်ယာသွားတယ် ဆိုတာ သူတို့တွေ မှတ်ပုံတင်ထားမှာပေါ့။ ကရင်နီတပ်တွေအဲမှာ လှုပ်ရှားလာတာ သူတို့သိရင်တော့ မင်းတို့သိလား မင်းတို့ ထောက်ပံ့တာလားလို့ သူတို့မေးမြန်းတယ်လေ” ဟု ရှားတောမြို့နယ် ကျေးရွာတရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ကျေးရွာအေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီမှ တောင်ယာသွားခွင့် လက်မှတ်ကို တပတ်စာအတွက်သာ ပြုလုပ်ပေးပြီး တစ်ကြိမ်လုပ်လျင် ကျပ် ၅၀၀ ပေးဆောင်ရကာ ရက်စွဲထည့်ရမည့် နေရာတွင် ခဲတံဖြင့်သာ ရေမှတ်ထားသည်ဟု ဆိုသည်။

ကရင်နီ လူမှုကယ်ဆယ်ရေးကော်မီတီ ပင်မဌာနမှ ပြည်ထဲရေး ဒု-တာဝန်ခံ ဗားမားနိုင်းက “လက်မှတ်လုပ်ပေးခလို့ သူတို့ပြောတာပေါ့ အခုဆိုကျနော်သိရသလောက်က လူတစ်ယောက်ကို လက်မှတ်တစ်စောင်ရေး ပေးလိုက်တယ်။ ပြီးတော့မှ တပ်တံဆိပ်တုန်းတွေ ဘာတွေနဲ့ပေါ့ကွာ ရက်စွဲကျတော့ ခဲတံနဲ့ပဲဖြည့်ထားပေးတယ်ပြောတယ် တပတ်ပြည့်ပြီဆိုရင် ပြန်လာပြတဲ့ အခါမှ ခဲတံအရာကိုဖျက်ပြီးမှ ရက်စွဲအသစ်တပ်ပေးတာပေါ့ ဒါပေမယ့် ၅၀၀ ကျပ် ထပ်ပေးရတယ် အဲမျိုးပေါ့” ပြောပါသည်။

ကျေးရွာအေးချမ်းသာယာရေး လက်မှတ် မလုပ်ပဲတောင်ယာသို့သွားပါက မည်ကဲ့သို့သော ပစ်ဒဏ်မျိုး ပေးဆောင်ခြင်း ခံရမည်ကို အတိအကျ မသိရှိရသေးသော်လည်း “တမျိုးမျိုးဒဏ်တော့ ရိုက်မှာပဲလေ စစ်ဆေးမေးမြန်းမယ် ထုထောင်းမယ် သို့မဟုတ်ရင်လည်း မင်းတို့ဟာ တပုန်တွေကို သတင်းသွားပေးတာပဲ ဆိုပြီးမှ အမျိုးမျိုး စွပ်စွဲတာမျိုး ရှိနိုင်တာပေါ့” ဟု ဗားမားနိုင်းက ခန့်မှန်းပြောဆိုသည်။

ရှားတောမြို့နယ်တွင်းရှိ ကျေးရွာများသည် တောင်ယာသွားခွင့် လက်မှတ်ကို ပြီးခဲ့သည့် ဇူလှိုင် လဆန်းပိုင်းမှစ၍ လုပ်ဆောင်ရသည်ဟု သိရသည်။

No comments: