Friday, August 6, 2010

အရှင်ပညာစာရ ကျောင်းတိုက်ပိတ်မှု စစ်တွေမြို့ခံများ မကျေမနပ်ဖြစ်

တက်လူ / ၀၆ သြဂုတ် ၂၀၁၀

စစ်တွေမြို့မှ ဆရာတော် ရမ္မာဝတီ အရှင်ပညာစာရအား ဖမ်းဆီးပြီး ကျောင်းတိုက်ရှိ မိဘမဲ့ ကလေး (၇၀) ကို အာဏာပိုင်များက နယ်ပြောင်းလိုက်သည့်အတွက် စစ်တွေ သံဃာတော်များနှင့် မြို့ခံများက မကျေမနပ်ဖြစ်နေကြကြောင်း သိရသည်။

ဆရာတော် အရှင်ပညာစာရကို ပြီးခဲ့သည့် ဇူလိုင် (၂၇) ရက်တွင် စစ်တပ်မှ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိကြောင်း ဆရာတော်၏ တပည့်ရင်းတဦးက ပြောသည်။

“ကျနော်လည်း မေးကြည့်တာပဲ၊ ဘာကြောင့်ဆိုတာကို မသိရသေးဘူး” ဟု ၎င်းက ပြောသည်။

ဆရာတော် ရမ္မာဝတီအရှင်ပညာစာရသည် မိဘမဲ့ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် နေထိုင်မှုတို့အတွက် မြို့ခံများ၊ အလှူရှင်များ၏ အကူအညီဖြင့် ကျောင်းတိုက်ဖွင့်ထားခြင်းဖြစ်ကြောင်း၊ ကျောင်းတိုက်တွင် မိဘမဲ့ကလေး (၁၀၀) ၀န်းကျင်နှင့် ကလေးများအား စာသင်ပေးသူ တပည့်ဒကာ စုစုပေါင်း (၁၀၀) ကျော်ရှိကြောင်း စစ်တွေမြို့မှ အငြိမ်းစား ပညာရေးဝန်ထမ်းတဦးက ပြောသည်။

အဆိုပါ ကျောင်းတိုက်မှ ကလေးငယ်များကို သြဂုတ် (၅) ရက်တွင် စစ်တွေမြို့ အာဏာပိုင်များ၊ မိခင်နှင့်ကလေး၊ လူမှုဝန်ထမ်းစသော အဖွဲ့အစည်းများခြံရံကာ မကွေးတိုင်းနှင့် မန္တလေးတိုင်းသို့ ခေါ်သွားခြင်းဖြစ်သည်ဟု စစ်တွေမြို့ခံ စည်ပင်သာယာရေးကော်မတီမှ အင်ဂျင်နီယာတဦးက ပြောသည်။

ဆရာတော်ကို လူဝတ်လဲခြင်း၊ မိဘမဲ့ကလေးများအား နယ်ပြောင်းခြင်းတို့ကြောင့် စစ်တွေမြို့မှ သံဃာတော်အများစုမှာ မကျေနပ်ဖြစ်နေကြသည့်အတွက် အစိုးရက စစ်တွေဒေသအာဏာပိုင်များကို လုံခြုံရေးတင်းကျပ်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

မင်းဘာကြီးရပ်ကွက်သားတဦးက “ကျနော်တို့ စစ်တွေမှာ ဘယ်သူက ခေါင်းဆောင်ပြီး မိဘမဲ့ကလေးတွေကို စောင့်ရှောက်မှုလုပ်လို့လဲ ဆိုတာ အရင်စဉ်းစားရပါမယ်။ ကိုယ်လည်းမလုပ်နိုင်ဘဲ လုပ်တဲ့သူကိုအပြစ်ရှာပြီးတော့ အခုလိုလုပ်တဲ့လုပ်ရပ်ကို စစ်တွေက သံဃာတွေကလည်း မကျေနပ်ကြဘူး။ ကလေးတွေကို ကိုယ့်နေရာကိုယ် ပြန်ရောက်အောင် လုပ်ရမယ့်တာဝန်က ရခိုင်တမျိုးသားလုံးတာဝန်ပဲ” ဟု ပြောသည်။

ယခု ခေါ်ဆောင်သွားသည့် ကလေးများကို ဒေသခံ မြို့မိမြို့ဖများက မိမိတို့ဒေသ၌ပင် ကျွေးမွေးစောင့်ရှောက် ထားနိုင်ရေးအတွက် အရေးပေါ် ကော်မတီတရပ်ဖွဲ့၍ အာဏာပိုင်များထံ တင်ပြတောင်းဆိုခဲ့သော်လည်း လျစ်လျူရှုခြင်းကိုသာ ခံခဲ့ရကြောင်း အဆိုပါ အငြိမ်းစားပညာရေးဝန်ထမ်းက ပြောသည်။

“ဒေသခံပြည်သူတွေ အားလုံးက ဒီကလေးတွေကို ကိုယ့်ဒေသမှာပဲ ထားစေချင်ကြတယ်။ ထားနိုင်ဖို့အတွက်လည်း အမျိုးမျိုး ကြိုးစား လုပ်ဆောင်ခဲ့ကြပါတယ်။ အာဏာပိုင်တွေ အဆင့်ဆင့်ကိုလည်း တင်ပြတောင်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အရာ မရောက်ခဲ့ပါဘူး။ ဘာကြောင့် ဒီကလေးတွေကို ခေါ်ယူရတာလဲ ဆိုတာကိုလည်း အသေချာရှင်းမပြပါဘူး” ဟုလည်း ၎င်းက ဆိုသည်။

ကလေးများအား အဝေးသို့ ပို့ဆောင်ခြင်း၊ ဆရာတော်အား ဖမ်းဆီးခြင်းတို့ကို ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက မြို့မိမြို့ဖများကို သြဂုတ်လ (၄) ရက်နေ့တွင် စစ်တွေမြို့၌ ခေါ်ယူရှင်းလင်းခဲ့သော်လည်း ကလေးများ ပြောင်းရွှေ့ရေးကိုမူ သေချာစွာ မရှင်းလင်းခဲ့ကြောင်း အခမ်းအနားတက်ရောက်ခဲ့သူတဦးက ပြောသည်။

ဒေသခံများကမူ အာဏာပိုင်များ ခေါ်ဆောင်သွားသည့် မိဘမဲ့ကလေးများအားလုံး မိမိဒေသသို့ ပြန်လည်ရောက်ရှိရေးအတွက် တာဝန်ရှိသူများထံ တင်ပြတောင်းဆိုသွားမည်ဟု ပြောဆိုသည်။

ယခုအခါ ဖမ်းဆီးခံထားရသည့် ဆရာတော်၏ကျောင်းတိုက်ကို ချိပ်ပိတ်ထားကာ ကျောင်းဝန်းကျင်နှင့် မြို့ပေါ်ရှိ အခြားကျောင်းတိုက်များအနီးတွင် စစ်သား၊ ရဲများကို လုံခြုံရေးချထားကာ ထောက်လှမ်းရေးများကိုလည်း နေရာအနှံ့ စေလွှတ်ထားကြောင်း မြို့ခံများက ပြောသည်။

No comments: