Monday, August 2, 2010

အန်ဒီအက်ဖ်က ရွေးကောက်ပွဲဝင်ရန် အသင့်ဟု ပြောကြား

မျိုးချစ်သူ / ၀၂ သြဂုတ် ၂၀၁၀

အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီအနေဖြင့် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် အဆင်သင့်ဖြစ်နေပြီဟု သိရသည်။

အဆိုပါ ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင် ကျထားပြီးဖြစ်ကာ ယခုအချိန်တွင် ရွေးကောက်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက ဌာနချုပ်ဖွင့်ပွဲနေ့တွင် ပြည်တွင်းမီဒီယာများအား ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီ၏ မြန်မာတနိုင်ငံလုံးအတွက် ပါတီဌာနချုပ်ဖွင့်ပွဲကို သြဂုတ် (၁) ရက်နေ့၌ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့် ရပ်ကွက်ရှိ ဒဂုံလွင်လမ်းမတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲတွင် တိုင်းနှင့်ပြည်နယ်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ဦးရေ (၁၀၀) ခန့် ရရှိပြီးဖြစ်ကြောင်း သိရသည်။

“လောလောဆယ်တော့ ကိုယ်စားလှယ် (၅၀) က သေချာပါတယ်။ စာရင်းတွေ ရထားပြီးပြီ။ နောက်ကိုယ်စားလှယ်တွေကို နာမည်နဲ့တကွ ကျနော်တို့ တောင်းနေပါတယ်။ စုစုပေါင်း အရေအတွက်ကတော့ (၁၀၀) ၀န်းကျင်ဖြစ်လိမ့်မယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် စတဲ့ လွှတ်တော် လေးရပ်လုံးအတွက် ပါဝင်နိုင်ဖို့ကိုလည်း ကျနော်တို့ ယှဉ်ပြိုင်မယ့် မြို့နယ်တွေမှာ မဲပုံးထားရှိသွားမှာပါ” ဟု ဒေါက်တာသန်းငြိမ်းက ပြောသည်။

အန်ဒီအက်ဖ်ပါတီသို့ ပါတီဝင်အဖြစ် ၀င်ရောက်လာသော ပါတီဝင်များမှာ ယခင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ပါဝင်ပြီး ယခုသြဂုတ်လကုန်တွင် ပါတီဝင်အင်အားစာရင်းကို တင်ပြမည်ဟု သိရသည်။

အန်ဒီအက်ဖ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) မှ ခွဲထွက်လာသော ပါတီဝင်များက တည်ထောင်သော ပါတီဖြစ်ပြီး ယနေ့ထိ အန်အယ်လ်ဒီ ပါတီဝင်ဟောင်းများ ဆက်သွယ်ပါဝင်မှုများ ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၉) ရက်နေ့တွင် အန်ဒီအက်ဖ်ပါတီကို ကော်မရှင်က မှတ်ပုံတင်ခွင့် ချပေးခဲ့ပြီးဖြစ်ရာ ပါတီဌာနချုပ်အား ရန်ကုန်တွင် ထားရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပါတီ၏ အမှတ်တံဆိပ်ကို ခမောက်တံဆိပ် သုံးထားသောကြာင့် အန်အယ်လ်ဒီအနေဖြင့် ကန့်ကွက်ခဲ့သေးသည်။

“ခမောက်ကို သံယောဇဉ်မကုန်တဲ့အတွက် ကျနော်တို့က ခမောက်ကို သုံးရတာဖြစ်တယ်” ဟု ပါတီခေါင်းဆောင်တဦးက ပြောသည်။

No comments: