Saturday, August 7, 2010

ဖလောင်းချိတ် ခရိုင်အတွင်းမှ လူပေါင်း ၄၅၈၆၆ ယောက်ကို ရိုဟင်ဂျာ စာရင်းသွင်း

နိရဉ္စရာ

ကော့ဘဇားခေါ် ဖလောင်းချိတ်ခရိုင် အတွင်းမှ သက်သေ အထောက်အထားများ မရှိသူများနှင့် အိမ်ထောင်စု စာရင်း မခိုင်မာသူ လူပေါင်း ၄၅၈၆၆ ယောက်ကို မြန်မာနိုင်ငံမှ ခိုးဝင်လာသော ရိုဟင်ဂျာ စာရင်းတွင် သွင်းလိုက်ကြောင်း သြဂတ်စ်လ ၅ ရက်နေ့ထုတ် ဒေလီစတား သတင်းစာတွင် ဖေါ်ပြသည်။

အဆိုပါ သတင်းစာက ခရိုင် ရွေးကောက်ပွဲ အရာရှိ Syed Amirul Islam ကို ကိုးကားပြီး ဖေါ်ပြရာတွင် လူပေါင်း ၄၅၈၆၆ ဦးကို ဘင်္ဂလာဒေခ်ျ့နိုင်ငံ မဲစာရင်းမှ ပယ်ဖျက်လိုက်ကြောင်းနှင့် သူတို့မှာ ကော့ဘဇားခရိုင် မြို့နယ် ၆ မြို့နယ်မှ မဲစာရင်းလိမ်ပြီး တင်သွင်းထားသူများ ဖြစ်ကြောင်း ပြောကြားသည်။

ရွှေးကောက်ပွဲ ကော်မရှင် အရာရှိများမှ မဲစာရင်းများကို အသစ်ပြုလုပ်ရန်အတွက် မဲစာရင်း တင်သွင်းထားသူ လူပေါင်း ၇၂၆၈၄ ကို တအိမ်တက်ဆင်း စစ်ဆေးရာ ၂၄၀၁၁ ယောက်ကိုသာ လက်ခံပြီး ကျန်လူပေါင်း ၄၈၆၇၃ မှာ ခိုင်မာသော သက်သေ အထောက်အထားများကို တင်ပြနိုင်ခြင်း မရှိသဖြင့် မဲစာရင်းမှ ပယ်ဖျက်ကာ လိုက်ခြင်း ဖြစ်သည်။

ထိုပယ်ဖျက်ခြင်းခံရသော လူပေါင်း ၄၈၆၇၃ ယောက်တွင် ၄၅၈၆၆ မှာကော့ဘဇားခရိုင်မှ ဖြစ်ပြီး ၂၂၂၀ ဦးမှာ ဘင်ဒရိုဘင် ခရိုင်က ဖြစ်ကာ ၅၈၆ ဦးမှာ ရင်ကာမတီ ခရိုင်ဖြစ်ကြောင်း သတင်းစာက ဖေါ်ပြသည်။

ကော့ဘဇားခရိုင်မှ အိမ်ထောင်စုစာရင်း သက်သေ အထောက်အထား မခိုင်မာသူ လူပေါင်း ၄၅၈၆၆ ဦး အားလုံးကို မြန်မာနိုင်ငံမှ ရိုဟင်ဂျာ စာရင်းတွင် သွင်းလိုက်ခြင်း ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ရွေးကောက်ပွဲများတွင် မဲမသမာမူများကြောင့် မဲစာရင်းကို အတိအကျ ဖြစ်အောင် များမကြာမှီ နှစ်များက စတင်ပြီး ပြုလုပ်လာရာ သက်သေ အထောက်အထား မခိုင်မာသူများကို မဲစာရင်းမှ ပယ်ဖျက်နေကြောင်း သိရသည်။

ထိုအထဲတွင် မြန်မာနိုင်ငံနှင့် နီးကပ်စွာ တည်ရှိနေသော ကော့ဘဇားခရိုင်၊ ဘင်ဒရိုဘင် ခရိုင်နှင့် ရင်ကာမတီ ခရိုင်များမှ မဲစာရင်းတွင် နာမည် တင်သွင်းရန် သက်သေ အထောက်အထား မခိုင်မာသူများကို ရိုဟင်ဂျာ စာရင်းတွင် သွင်းနေခြင်း ဖြစ်သည်။

ကော့စ်ဘဇားခရိုင်တွင် မဲပေးနိုင်သူပေါင်း ၁၀၆၉၃၃၉ ဦးရှိပြီး ထိုအထဲမှ တစ်သိန်းကို ရိုဟင်ဂျာဟု ဆိုကာ ၂၀၀၉ ခုနှစ်က မဲစာရင်းကို စီစစ်စဉ် ပယ်ဖျက်ပစ်ခဲ့သည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် နှစ်ပေါင်း မြောက်မြားစွာနေထိုင်လာသူ မည်သည့် ရိုဟင်ဂျာများကိုမှ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် လက်မခံဘဲ ရိုဟင်ဂျာ ဆိုသူများမှာ မြန်မာနိုင်ငံမှ ခိုးဝင်လာသူများ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံကိုသာ ပြန်ပို့မည် ဖြစ်ကြောင်း ဘင်္ဂလား အာဏာပိုင်များက ပြောကြားသည်။

No comments: