အောင်ထက် / ၀၄ အောက်တိုဘာ ၂၀၁၀
ဟော်လန်အခြေစိုက် နယ်စည်းမထား ဆရာဝန်များအဖွဲ့ (AZG) INGO ၏ မြန်မာပြည်ရုံးခွဲဖြစ်သော သာကေတမြို့နယ်ရှိ သဇင်ဆေးခန်း၌ ယခုလ (၁၁) ရက်နေ့တွင် အေအိုင်ဒီအက်စ် လူနာသစ်များကို စတင်လက်ခံမည်ဟု ဆေးခန်းတာဝန်ရှိသူတဦးက ပြောကြားသည်။
“အပြင်ဆေးခန်းတွေက (သွေးဖြူဥပါဝင်မှု ရာခိုင်နှုန်း) CD4 Count ဖောက်လာတဲ့၊ သွေးစစ်ထားတဲ့ Positive အဖြေယူလာရပါမယ်။ မင်္ဂလာဒုံ ကူးစက်ဆေးရုံ၊ ဝေဘာဂီတို့က စစ်ချက် အဖြေပါရင်လည်း ရပါတယ်။ CD4 အရမ်းကျပြီး ရိရွဲနေတဲ့ လူနာတွေ အဲဒီနေ့မှာ ပါသွားမယ်။ ကာကွယ်ဆေး Septrin အဆင့်၊ ARV (ART) အဆင့်တွေကိုတော့ ဆရာဝန်တွေ ခွဲခြားဆုံးဖြတ်ပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။ သို့သော် လိုအပ်သော စစ်ဆေးစမ်းသပ်မှုများအပြီး အဆိုပါနေ့တွင် ARV ပေး မပေး၊ လူနာမည်မျှ လက်ခံမည်ကိုမူ ၎င်းက အတည်ပြုပြောဆိုခြင်းမရှိပေ။
သို့သော် သာကေတ သဇင်ဆေးခန်း၌ လူနာ (၅၀) ဦးခန့် ဦးရာလူစနစ် စတင်စာရင်းသွင်း လက်ခံမည်ဟု ကြားသိရကြောင်း AIDS ဝေဒနာရှင်တို့အကြား ပြောဆိုနေကြပြီး အင်းစိန်မြို့နယ် သဇင်ဆေးခန်း၊ လှိုင်သာယာမြို့နယ် သဇင်ဆေးခန်းတို့ တွင်လည်း လူနာသစ်များ လက်ခံဖွယ်ရှိသည်ဟု သိရသည်။
“အောက်တိုဘာ (၁၁) ရက်နေ့မှာ AIDS လူနာသစ်တွေဟာ ဆီတိုး၊ ဆန်တိုးသလို လုယက်တိုးဝှေ့နေကြလိမ့်မယ်။ ပြီးတော့ Register ၀င်ရပါမယ်။ လူနာကို လက်ခံလိုက်ပြီ၊ မှတ်ပုံတင်သွင်း၊ ဆေးခန်းစာအုပ်သစ်ဖွင့်ပြီးရင် သဇင်ရဲ့လူနာဖြစ်သွားပါပြီ။ သဇင်ရဲ့ Register နံပါတ်ဝင်သွားရင် ဆေးထုတ်လို့ရပါပြီ၊ တခါတည်း ဆေးပေး မပေးက ဆရာဝန်တွေ ဆုံးဖြတ်ပါလိမ့်မယ်” ဟု သာကေတ ဆေးခန်းတာဝန်ရှိသူက ပြောသည်။
ကမ္ဘာ့နိုင်ငံအသီးသီးရှိ ဒုက္ခသည်စခန်းများသို့ ဆေးဝါးပံ့ပိုးမှုများ ပြုလုပ်လျက်ရှိသည့် ဟော်လန်အခြေစိုက် (AZG) နယ်စည်းမထား ဆရာဝန်များအဖွဲ့ (INGO) သည် ၂၀၀၆ ခုနှစ်ကတည်းက မြန်မာပြည်တွင်းသို့ ARV ဆေးများ ထောက်ပံ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါအဖွဲ့သည် လူနာသစ်များ လက်ခံကာ (၁) နှစ်ကျော် ဖြန့်ဝေအပြီး ၂၀၀၇ ခုနှစ်မှစတင်ကာ လူနာသစ်လက်ခံခြင်း မပြုနိုင်တော့သည်မှာ ယခုဆိုလျှင် (၃) နှစ်ခန့်ရှိနေပြီဟု လှိုင်သာယာမြို့နယ် အိပ်ခ်ျအိုင်ဗွီအရေး ဆောင်ရွက်နေသည့် NGO တခုက ပြောသည်။
အိပ်ခ်ျအိုင်ဗွီအရေး ဆောင်ရွက်နေသူ မဖြူဖြူသင်းက “မြန်မာပြည်မှာ ဆေးရုံတွေပြီးရင် ARV ဆေး ထောက်ပံ့မှုအများဆုံးက AZG-INGO တွေပဲ။ ဒါပေမယ့် သူတို့လည်း ရရှိ Fund အပေါ် မူတည်ပြီး မူအမျိုးမျိုး ပြောင်းတယ်။ တခါတလေ လူနာသစ် လက်ခံတယ်။ Register ၀င်တယ်။ စာအုပ်ထုတ်ပေးတယ်။ ARV မပေးဘူး။ Septrin နဲ့ ဆွဲချင်ဆွဲထားမယ်။ အရင်က CD4 Count စစ်ပေးတယ်။ အခု အပြင်ဆေးခန်းတွေမှာ စစ်ခိုင်းတယ်။ လူနာတွေအနေနဲ့ (၁၈,၀၀၀) ကျပ် ကုန်ကျမှုရှိတယ်။ Positive ကိုတော့ နေ့စဉ် အခမဲ့စစ်ဆေးပေးနေတယ်။ မှတ်ပုံတင်ပြီး သဇင်လူနာဟောင်းတွေကိုတော့ လစဉ် ဆေးမပြတ်အောင် ပံ့ပိုးပေးနေပါတယ်။ ခုလို AZG က ဆေးပေးတော့မယ်ဆိုရင် လူနာတွေဟာ မျှော်လင့်ချက်နဲ့ တိုးနေမှာပဲ။ အဲဒီနေ့မှာ ဆေးရမလား၊ Register အဆင့်ပဲ ဖြစ်မလား မပြောတတ်ဘူး” ဟု ပြောသည်။
UNAIDS ၏ ဆရာဝန်ကြီး တဦးကမူ “နိုင်ငံတကာ စံနှုန်းမှာ CD4 Count Under 200 ရောက်မှ ARV ပေးသလိုဖြစ်နေတယ်။ ဒီတော့ အေအိုင်ဒီအက်စ်ရဲ့ အခွင့်အရေးယူ ရောဂါတွေအပြင် အသည်း၊ ကျောက်ကပ်၊ တီဘီ ရောဂါတွေနဲ့ သေဆုံးမှုနှုန်း သိသာစွာတိုးနေတယ်” ဟု သုံးသပ်သည်။
UNAIDS ၏ စစ်တမ်းအရ မြန်မာပြည်၌ ယနေ့အထိ AIDS ဖြစ်ပွားနေသူ (၂၃၇,၆၈၄) ဦး ရှိနေပြီး ဆေးရုံကြီးများအပါအ၀င် NGO များ၏ ARV ဆေး တိုက်ကျွေးနိုင်မှုမှာ လူနာ (၂) သောင်းကျော်သာ ရှိနေကြောင်း သိရသည်။
No comments:
Post a Comment