Tuesday, October 12, 2010

ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ညီမ၏အိမ် ဖောက်ထွင်းခံရ ရပ်ကွက်လူထုအား စစ်ဆေးတားမြစ်

သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နေ မီးသတ်တပ်ဖွဲ့ ဥက္ကဌ/ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ၏ ညီမအိမ် ဖေါက်ထွင်း ခံရမှု ကြောင့် အိမ်နီးနားချင်းအား အချိန်မရွေးခေါ်ယူစစ်ဆေး နိုင်ရန် တစ်လအတွင်း ခရီးမထွက်ရန် တားမြစ်ထားသည်ဟု စုံစမ်း သိရှိရ ပါသည်။

စက်တင်ဘာ နောက်ဆုံးပတ်၌ စလေးတန်းရပ်ကွက် ဥက္ကဌ/ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌစိုင်းစံညွန့်၏ ညီမ ဟိုနောင်ရပ်ကွက်နေ နန်းရွှေကြည်အိမ် ဖောက်ထွင်းခံရသဖြင့် ရွှေ ၆ ကျပ်သား ကျပ် ၁.၃ သန်း ( တရုပ်ငွေ ယွမ် ၂,၀၀၀) ပါသွားစဉ် ဟိုနောင်ရပ်ကွက်သား အိမ်နီး ချင်းများ ခေါ်ယူစစ်ဆေးခံရသည်ဟု နမ့်ခမ်းသား တရုတ်နယ်စပ် ကုန်သည်အမျိုးသားကပြော၏။

“ကချင်ပြည် မန့်ဝိန်းဈေးကို ပစ္စည်းတွေသွားရောင်းတုန်း အိမ်ဖောက်ခံရတာ။ လက်သည်မသိ၊ သက်သေ မရှိပေမယ့် စိုင်းစံညွန့်ကအာဏာပိုင်တွေနဲ့ ရင်းနှီးတော့ မူးယစ်ကိုဖုန်းဆက်ပြီး ရပ်ကွက်ထဲ ကသူတို့သံသယရှိတဲ့ လူတွေ ဘိန်းစားတွေကိုခေါ်စစ်တာပေါ့။ သက်သေအထောက်အထားမရလို့ ပြန်လွှတ်ပေးတယ်။ ဒါပေမယ့် ၁ လ မြို့ပြင်ထွက်ခွင့် ပိတ်ခံရတယ်။ လိုအပ်တဲ့အချိန် ခေါ်စစ်နိုင်အောင် လို့တဲ့” - ဟု နမ့်ခမ်းအာဏာပိုင်များနှင့် ကျွမ်းဝင်သည့် အမျိုးသမီး တဦးက အတည်ပြုပြောဆို၏။

အသက် ၆၀ ခန့်ရှိ သျှမ်းတရုတ်ကပြား စလေးတန်း ဥက္ကဌ စိုင်းစံညွန့်၏ဖခင်မှာ လောဝ်ယောင်ဝ်ဖြစ်ပြီး မိခင်မှာ ဝမ့်အိုင်တိုက် ရွာသူ သျှမ်းအမျိုးသမီး ဖြစ်သည်။နမ့်ခမ်းမြို့ စလေးတန်းရပ်ကွက်တွင် အိမ်ထောင်စု ၃၀၀ ခန့်ရှိရာ သျှမ်း အိမ်ထောင်စု ၃၀ ခန့်သာရှိသည်။

“သူက နအဖ မရက ခရကနဲ့ ဗျူဟာမှူးတို့နဲ့နီးစပ် ၀င်ဆန့်တယ်။ ကြံ့ဖွတ် ကိုမဲမပေးဘဲ တခြား ပါတီမဲပေးရဲပေးကြည့်။ ဒုက္ခ ရောက်သွားမယ် လို့ မဲထည့်နည်းသင်တန်းပေးတိုင်း ဒေသခံတွေ ကိုခြိမ်းခြောက်တယ်” - ဟု အဆိုပါ ကုန်သည်က ပြောပြ၏။

၎င်းနှင့်အတူ မီးသတ်တပ်ဖွဲ့နာမည်သုံးကာ ရွှေလီမြစ်ရေအားလျှပ်စစ်ထုတ်လုပ်ရေး ပူးပေါင်းကန်ထရိုက် ဆွဲသော ဦးစိန် ၀င်း နှင့်အတူ နေပြည်တော်မှ ရွေးကောက်ပွဲဆိုင်ရာ သြ၀ါဒခံယူ၍ ပြန်ရောက်ပြီးနောက်ပိုင်း ထိုကဲ့သို့ ခြိမ်းခြောက်ပြော ဆိုခဲ့ခြင်း ဖြစ်သည်။

၎င်းသည် ရွှေလီမြစ် ရေအားလျှပ်စစ်ကန်ထရိုက်ဆွဲကာ မီတာခ ဈေးကြီးကြီး ကောက်သည့် လက်ဝါးကြီးအုပ် စီးပွားရေး သမားတဦးအဖြစ်ပါဝင်ကြောင်း၊ မန္တလေးအထွက်ကားလမ်းအနီးရှိ ကျားခေါင်း ဘိလပ်မြေစက်ရုံပိုင်ရှင် ထိပ်တန်းစီးပွါး ရေးသမား ဦးစိုးမြင့်နှင့်အတူ ပန်းဆေး ကျော်မြင့်၏ ဘိန်းထုတ်လုပ်ရေးလုပ်ငန်းတွင်လည်း ရှယ်ယာဝင်ထားကြောင်းလည်း နမ့်ခမ်းမြို့ ခေတ်ပညာတတ် လူလတ်တဦးက ပြောသည်။

နမ့်ခမ်းကြံ့ဖွတ်အသင်း၏ အမာခံ စိုင်းစံညွန့် သည် ၂၀၀၈ ဖွဲ့စည်းပုံအတွက်ဆန္ဒခံယူပွဲကလည်း (မဲလာမပေးသူများ ကိုယ်စား) ၎င်းကိုယ်တိုင် ထောက်ခံမဲ ၁၀၀ ကျော် ခြစ်ပေးခဲ့သေး၏။

ထိပ်တန်းစီးပွါးရေးသမားများ၊ မူးယစ်ရာဇာများနှင့်လဲ ပုလဲနံပသင့်သော ကြံ့ဖွံ့ဥက္ကဌ/ မီးသတ်ဥက္ကဌ/ စလေးတန်းရပ်ကွက် ဥက္ကဌ တာဝန်ယူနေဆဲ စိုင်းစံညွန့်အား မူးယစ်ကုန်သည်လောက အပေါင်းအသင်းမိတ်ဆွေများက လုပ်ငန်းများ ရှေ့ဆက် လျှောက်လှမ်းနိုင်ရေးအတွက် လက်ရှိရာထူးများ အနားမယူရန် တိုက်တွန်းအကြံပြုထားသည်ဟုလည်း သိရ၏။

No comments: