Monday, October 11, 2010

ဆင်ဖြူ နေပြည်တော်သို့ ယူမည့်နေ့ မိုးကြီးလေကြီးကျ၍ အတိတ်နမိတ်မကောင်းဟုဆို

နိရဉ္စရာ

နောက်ဆုံး ဖမ်းမိသော ဆင်ဖြူတော်အား ယခုလ ၉ ရက်နေ့တွင် မောင်တောမှ တဆင့် နေပြည်တော်သို့ ယူဆောင်ရန် စီစဉ်ထားရှိပြီးမှ မိုးကြီးလေကြီး ကျ၍ လမ်းများ ပြိုပျက်ကာ တံတားများ ကျိုးပျက်သွားသဖြင့် မသယ်ယူနိုင်ဘဲ အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ရကြောင်း သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ အစိုးရ ၀န်ထမ်း တစ်ဦးမှ “ အောက်တိုဘာလ ၉ ရက်နေ့မှာ ဆင်ဖြူတော်ကို နေပြည်တော်ကို ယူဆောင်ဖို့ အစီအစဉ်ရှိခဲ့ပါတယ်။ အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်း ကိုယ်တိုင် အောက်တိုဘာလ ၈ ရက်နေ့က မောင်တောကို ရောက်ရှိလာပြီး ၉ ရက်နေ့မှာ ယူဆောင်ဖို့ ကြိုးပမ်း လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် မုန်တိုင်းကြောင့် မိုးတွေရွာပြီး လမ်းတွေ ပြိုပျက်နေတဲ့ အတွက် ဆင်ဖြူတော်ကို သယ်ယူမယ့် အစီအစဉ်ကို ဖျက်သိမ်းပြီး တိုင်းမှူးလည်း ညနေပိုင်းမှာ မောင်တောက တဆင့် ဘူးသီးတောင်ကို ပြန်သွားခဲ့ပါတယ်” ဟု ပြောသည်။

တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်းသည် သူမောင်တောတွင် ရှိနေစဉ် ဘူးသီးတောင်-မောင်တော ကားလမ်း ပျက်စီးသွားသဖြင့် တခြား လမ်းကြမ်း တစ်ခု ဖြစ်သည့် မောင်တော- အငုံမော်လမ်းမှ တဆင့် ဆင်ဖြူတော်ကို သယ်ဆောင်နိုင်ရန် လမ်းအခြေအနေများကို လာရောက် စစ်ဆေးကြည့်ရှု့ခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ မောင်တော- အငုံမော်လမ်းကို စစ်ဆေးဖို့ တိုင်းမှူး အလယ်သံကျော်ထိ ရောက်လာပါတယ်။ နောက်ပိုင်း လမ်းအခြေအနေဆိုးနေတဲ့ အတွက် အလယ်သံကျော် ဆေးရုံကို ခဏ၀င်ကြည့်ပီး ပြန်သွားခဲ့ပါတယ်။ သူလာတာ အောက်တိုဘာလ ၈ ရက်နေ့ နေ့လည် ၂ နာရီမှာ လာသွားတာ ဖြစ်ပါတယ်။”

သို့သော်လည်း အဆိုပါ ဆင်ဖြူတော်ကို ရာသီဥတု သာယာပါက ယခု တစ်ရက်နှစ်ရက်အတွင်းတွင်ပင် နေပြည်တော်သို့ ယူဆောင်မည် ဖြစ်ကြောင်း နစက တပ်ဖွဲ့ အတွင်း သတင်းအရ သိရသည်။

ဆင်ဖြူတော်ကို မည်သည့်နေ့ရက်တွင်ပင် ယူယူ အောက်တိုဘာလ ကိုးရက်နေ့တွင် ကိုးန၀င်းချေပြီး ယူဆောင်ရန်ကြိုးစားသည်မှာ မအောင်မြင်သဖြင့် တိုင်းပြည်အတွက် အတိတ်နမိတ် မကောင်းနိုင်ကြောင်း ရခိုင် ဗေဒင်နှင့် လက္ခဏ သမိုင်း သုတေသီ အရှင် အိန္ဒစက္ကမှ ယခုကဲ့သို့ မိန့်ကြားသည်။

“ အောက်တိုဘာလ ၉ ရက်နေ့မှာ ဆင်ဖြူကို ယူပြီး ကိုးန၀င်းချေတာဟာ နအဖက မအောင် မမြင် ဖြစ်သွားတယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် အတိတ်နမိတ်မကောင်းလို့ ပြောလို့ရတယ်။ အတိတ်နမိတ် မကောင်းဆိုတာက လက်ရှိ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ နအဖ အတွက် ဖြစ်ပါတယ်။ ပြည်သူတွေ အတွက် မဟုတ်ပါဘူး” ဟု ဆရာတော်က ပြောသည်။

နအဖ စစ်အာဏာပိုင်များသည် ဆင်ဖြူတော်ကို အောက်တိုဘာလ ၉ ရက်နေ့က ယူဆောင်ရန် စီစဉ်ခဲ့သည်သာမက မိုးရွာရေကြီး၍ ဆင်ဖြူတော်ကို မသယ်ဆောင်နိုင်သဖြင့် အတိတ်နမိတ် မကောင်းဟု ဆိုကာ မောင်တောမြို့ပေါ်မှ ဆရာတော်ကြီးများကို နစက ဌာနချုပ်သို့ ပင့်ဖိတ်ကာ ပရိတ်တရားတော်များကို ဟောကြားခဲ့သည်ဟု သိရသည်။

နဖအ စစ်အစိုးရ အနေဖြင့် ဆင်ဖြူတော်ကို ယူဆောင်ပြီး ရွေးကောက်ပွဲ အတွက် ၀ါဒဖြန့်ရန် အထူးလိုလားနေသဖြင့် ယခုရက်ပိုင်း အတွင်းတွင်ပင် ဆင်ဖြူတော်ကို နေပြည်တော်သို့ မောင်တောမှ ယူဆောင်မည် ဖြစ်ကြောင်း သိရသည်။

No comments: