Friday, October 8, 2010

ဟူးကောင်းချိုင့်ဝှမ်း ယုဇနကုမ္ပဏီအလုပ်သမားများအား စစ်အစိုးရမှ လက်နက်ထုတ်ပေး

KNG


မြန်မာစစ်အစိုးရသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့်ဖြစ်လာနိုင်သောပြည်တွင်းစစ်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဟူးကောင်းချိုင့်ဝှမ်းရှိ ယုဇနကုမ္ပဏီအလုပ်သမားများအား လက်နက်များထုတ်ပေးခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက် ကချင်ပြည်နယ်အနောက်ဘက် ဟူးကောင်းချိုင့်ဝှမ်းရှိ ယုဇနကုမ္ပဏီအလုပ်သမားတန်းလျားတွင် ကျင်းပသည့် တတိယအကြိမ်အခြေခံစစ်သင်တန်းဆင်းပွဲ၌ စစ်အစိုးရက သင်တန်းဆင်းများအား မောင်းပြန်သေနတ် အလက် ၆၀ ထုတ်ပေးခဲ့သည်။

စစ်သင်တန်းဆင်းအလုပ်သမားများအား ပထမဆုံးအကြိမ် လက်နက်ထုတ်ပေးခြင်းဖြစ်ပြီး ထိုလက်နက်များသည် ရုရှားလုပ် AK-47 ပုံစံတူ တရုတ်ဖြစ် M-22 မောင်းပြန်ရိုင်ဖယ်များဖြစ်ကြောင်း ကုမ္ပဏီအလုပ်သမားများပြောသည်။

လက်နက်ပေးအပ်ပွဲသို့ မြန်မာစစ်တပ်၏ ဒကစ (ဒေသကွပ်ကဲရေးနှင့်စစ်ဆင်ရေး) မှူး (တနိုင်း) နှင့် ရှဒူးဇွပ်နယ်မြေခံတပ်ရင်း ခလရ (၂၉၇) တပ်ရင်းမှူးတို့တက်ရောက်ခဲ့သည်။ ဒေသခံရွာသားများနှင့် ကျေးရွာအရန်မီးသတ် အဖွဲ့ဝင်များကိုလည်း အတင်းအဓမ္မ လာရောက်ခိုင်းသည်ဟု တက်ရောက်သည့်ရွာသားများပြောသည်။

ယခုထိ ယုဇနအလုပ်သမား ၇၀၀ ကျော် စစ်သင်တန်းရယူခဲ့ပြီး သင်တန်းများကို ကုမ္ပဏီအလုပ်သမားစခန်းနှင့် ရှဒူးဇွပ်တပ်ရင်း နှစ်နေရာတွင် ပြုလုပ်ခြင်းဖြစ်သည်။

တရုတ်-မြန်မာနယ်စပ်တစ်နေရာ ကချင်လူမှုဖွံ့ဖြိုးတိုးတက်ရေးကွန်ယက် (KDNG)တာဝန်ခံ ဦးအောင်ဝါက ”ကျွန်တော်ထင်တယ်၊ လာမည့်နိုဝင်ဘာရွေးကောက်ပွဲမှာ ကြံ့ဖွံ့ကိုမဲပေးဖို့ ဒီလက်နက်တပ်ဆင်ထားတဲ့ ကုမ္ပဏီအလုပ်သမားတွေက ရွာသားတွေကိုခြိမ်းခြောက်လာနိုင်တယ်။ နောက်ပြီး KIO နဲ့စစ်ဖြစ်လာရင် ပြည်သူ့စစ်ပြောင်းပြီး စစ်အစိုးရဘက်ကနေ ပါဝင်တိုက်ခိုက်ခိုင်းဖို့များတယ်။” ဟု အောင်ဝါမှ ပြောသည်။

KDNG သည် ဟူကောင်းချိုင့်ဝှမ်းတွင် ရွှေအလွန်အကျွံတူးဖော်မှုကြောင့် သဘာဝဂေဟစနစ် ဖျက်ဆီးခံနေရပုံနှင့် ယုဇနကုမ္ပဏီကြောင့် ကမ္ဘာ့အကြီးဆုံးကျားထိန်းသိမ်းရေးနယ်မြေရှိ သဘာဝသစ်တောများဖျက်ဆီးခံနေရခြင်းနှင့် ဌာနေကချင်တိုင်းရင်းသားများ ၎င်းတို့၏လယ်ယာမြေများ အဓမ္မအသိမ်းခံနေရခြင်းနှင့်ပတ်သက်ပြီး အစောပိုင်းက အစီရင်ခံစာနှစ်ခု (“Valley of Darkness” နှင့် “Tryants, Tycoons and Tigers”) ပြုစုခဲ့သည်။

မြန်မာစစ်အစိုးရနှင့် ၎င်း၏ဒေသဆိုင်ရာစစ်တပ်များကာကွယ်စောင့်ရှောက်ပေးမှုအောက် ဦးဌေးမြင့်ဦးဆောင်သော ရန်ကုန်အခြေစိုက်ယုဇနကုမ္ပဏီသည် ၂၀၀၆ ခုနှစ်တွင် ဟူးကောင်းချိုင့်ဝှမ်းသို့ ၀င်ရောက်ပြီး ဌာနေကချင်တိုင်းရင်သားများ၏ လယ်ယာ၊ အိမ်ခြံမြေများအပါအ၀င် မြေဧက ၄ သိန်းခန့်သိမ်းယူခဲ့သည်။

တစ်ချိန်ထဲတွင် နေပြည်တော်စစ်အစိုးရညွှန်ကြားသော ကချင်နယ်မြေ (ဟူးကောင်းချိုင့်ဝှမ်း)သို့ အောက်မြန်မာပြည်မှ ဗမာတိုင်းရင်းသား၂ သိန်းကျော်တင်သွင်းရေးအစီအစဉ်ကို ယုဇနကုမ္ပဏီက နိုဝင်ဘာရွေးကောက်ပွဲမတိုင်ခင် အပြီးအကောင်အထည်ဖော်ရန် တာဝန်ယူရကြောင်း ယင်းကုမ္ပဏီအသိုင်းအ၀ိုင်းမှသိရသည်။

ဒကစ-တနိုင်း၏လက်တွေ့ကြီးကြပ်ပေးမှုအောက် ယုဇနကုမ္ပဏီသည် နှစ်စဉ် ထောင်ပေါင်းများစွာသော ဗမာများကို ၂၀၀၆ ခုမှစပြီး ဟူကောင်းသို့ နည်းလမ်း ၂ မျိုးဖြင့် အဓိက သယ်ပို့နေပါသည်။

“ယုဇနကုမ္ပဏီအလုပ်သမား” အနေဖြင့်သော်လည်းကောင်း “ယုဇနအလုပ်သမားနာမည်ခံအဖြစ်” သော်လည်းကောင်း ပို့ဆောင်ပေးနေခြင်းဖြင့် စစ်အစိုးရ၏ လူမျိုးရေးဆိုင်ရာမဟာဗျူဟာအစီအစဉ်အား အကောင်အထည်ဖော်ပေးနေရကြောင်း ကုမ္ပဏီအသိုင်းအ၀ိုင်းမှသိရသည်။

ဤရွှေ့ပြောင်းဗမာလူဦးရေမှာ ဟူးကောင်းဌာနေလူဦးရေထက် အဆမတန်ကျော်လွန်သွားမည်ဖြစ်ပြီး ရှေ့လနိုဝင်ဘာရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီအတွက်ထောက်ခံမဲများအဖြစ် ၎င်းတို့အား အသုံးချရန် မြန်မာစစ်ခေါင်းဆောင်များ စနစ်တကျစီစဉ်ထားခြင်းဖြစ်သည်ဟု ကုမ္ပဏီသတင်းရပ်ကွက်ကဆိုသည်။

တနိုင်းမြို့နယ်အတွင်း ဌာနေလူဦးရေ ၃၀၀၀၀ ကျော်ရှိသည့်အနက် မဲပေးနိုင်သူ ၂၀၀၀၀ ကျော်သာရှိကြောင်းသိရသည်။

ယခုလို မြန်မာစစ်အစိုးရ၏ ယုဇနကုမ္ပဏီအလုပ်သမားများအား လက်နက်တပ်ဆင်ပေးသည့်လုပ်ရပ်ပေါ် တရုတ်နယ်စပ် လိုင်ဇာဌာနချုပ်မှ နာမည်မဖော်လိုသူ KIO အရာရှိတစ်ဦးက “ဗမာနှင့် ဌာနေကချင်လူမျိုးကြား လူမျိုးရေးပဋိပက္ခဖြစ်လာရန် စနစ်တကျဖန်တီးနေခြင်းဖြစ်သည်” ဟု ပြောသည်။

KIO သည် မြန်မာပြည်တွင် “၀” တပ်ဖွဲ့ပြီးနောက် စစ်အင်အားအကြီးဆုံး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ဖြစ်သည်။ KIO က တိုင်းရင်းသားများ တန်းတူအခွင့်အရေးရှိသည့် စစ်မှန်သောပြည်ထောင်စုကို ပြန်လည်ထူထောင်ရန် ဗမာများဦးဆောင်သည့် စစ်အစိုးရသို့ တင်ပြထားသည်။

မကြာမီ စစ်အစိုးရမှပြုလုပ်မည့် နိုဝင်ဘာ ၇ ရွေးကောက်ပွဲကိုလည်း “လွတ်လပ်ပြီးတရားမျှတစေလိုကြောင်း” KIO အကြံပြုထားပါသည်။

No comments: