တက်လူ / ၀၅ အောက်တိုဘာ ၂၀၁၀
ပြည်သူများကို ပါတီဝင်ခိုင်းပြီး ပါတီဝင်များအားလုံး အရေအတွက်အတိုင်း မဲရရှိရန် ဆောင်ရွက်ရမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နအဖ၀န်ကြီးချုပ် ဦးသိန်းစိန်က ကြံ့ဖွံ့ပါတီမှ စည်းရုံးရေးမှူးများ အားလုံးကို ညွှန်ကြားထားကြောင်း သိရသည်။
ယခုလဆန်းပိုင်းတွင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၌ စည်းရုံးရေးဆင်းခဲ့သည့် ကြံ့ဖွံ့ပါတီမှ စည်းရုံးရေးအဖွဲ့ဝင်တဦးက “ကျနော်တို့က ပါတီဝင်အရေအတွက် များအောင်ပဲ ဆောင်ရွက်ပေးရတာ။ မဲရတာ မရတာ ပူစရာမလိုဘူးလေ။ ပါတီဝင်ပြီဆိုတာနဲ့ ဘယ်ပါတီကိုမှ မဲပေးလို့မရတော့ဘူးဆိုတာ တခါတည်းပြောပြီးသား” ဟု ဆိုသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း၌လည်း အသက် (၁၈) နှစ်ပြည့်ပြီးသည့် ၀န်ထမ်းမဟုတ်သော သူများကို ကြံ့ဖွံ့ပါတီဝင်ခိုင်းကာ မည်သည့်ပါတီကိုမျှ မဲမပေးရဟု ပါတီစည်းရုံးရေးမှူးများက ရပ်ကွက်အတွင်း လာရောက်ပြောဆိုနေကြကြောင်း အဆိုပါမြို့နယ်တွင် နေထိုင်သူ သူနာပြုဆရာမတဦးက ပြောသည်။
“ကျမက သူနာပြုဆိုတော့ ၀န်ထမ်းဖြစ်တဲ့အတွက် သူတို့က ပါတီတော့ မ၀င်ခိုင်းဘူး။ ဒါပေမယ့် ကျမတို့ မိသားစုထဲက မဲပေးနိုင်မယ့်သူတွေကိုတော့ ပါတီဝင်ခိုင်းတယ်။ ပြီးတော့ ကျမတို့ ၀န်ထမ်းတွေကိုလည်း ဘယ်ပါတီကိုမှ မပတ်သက်ရဘူး၊ ဘယ်ပါတီကိုမှ မဲမပေးရဘူးလို့ ပြောထားတယ်” ဟု ၎င်းက ပြောကြားသည်။
ပြီးခဲ့သည့် သီတင်းပတ်၌ ပြည်တွင်းထုတ် အပတ်စဉ်သတင်းဂျာနယ် တခုဖြစ်သော မြန်မာနယူးစ်ဝိခ်ဂျာနယ်တွင် ရွေးကောက်ပွဲဝင်ရန် ဆောင်ရွက်နေပုံများနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းကို မေးမြန်းရာတွင် “အဘက်ဘက်ကပြင်ဆင်ပြီးတော့ ကြိုးစားဆောင်ရွက်ရမှာပါ၊ လိပ်ပြာမသန့်ရတဲ့အဖြစ်မျိုးတော့ အရောက်မခံနိုင်ဘူး” ဟု ဖြေကြားခဲ့ကြောင်း ဖော်ပြပါရှိသည်။
“ကျနော် နားလည်သလောက်တော့ လိပ်ပြာမသန့်ရတဲ့အဖြစ် အရောက်မခံဘူးဆိုတာက မဟုတ်တာတွေကို ဘာမှမလုပ်ဘူး၊ လုံးဝ စစ်စစ်မှန်မှန်ပဲ ဆောင်ရွက်မယ်လို့ နားလည်တယ်။ ဒါပေမယ့် ကျနော်တို့ သိရသလောက်တော့ ရန်ကုန်မှာ ဦးအောင်သိန်းလင်းက ကြံ့ဖွံ့အမတ်လောင်းတွေအတွက် လိုအပ်တာတွေအားလုံးကို ဆောင်ရွက်ပေးနေတယ်၊ အဓိက ကတော့လမ်းပေါ့ဗျာ။ လမ်းတလမ်း ခင်းမယ်ဆိုရင် ပါတီဝင်အရေအတွက်ရမှပဲ ခင်းပေးတယ်ဗျ။ ကျနော်တို့ ပန်းဘဲတန်းမှာ လူတွေကို ပါတီဝင်ဖို့လိုက်ပြောပြီး လမ်းခင်းပေးမယ်တဲ့။ အခုက ပါတီမဖြစ်မနေ၀င်မှ လမ်းခင်းပေးမလိုလို၊ ဒီလိုလုပ်နေတာ ဦးအောင်သိန်းလင်းလို လူက လိပ်ပြာသန့်တယ်တဲ့လားဗျာ” ဟု ပန်းဘဲတန်းမြို့နယ်မှ ဘွဲ့ရလူငယ်တဦးက ပြောသည်။
တောင်ဥက္ကလာပမြို့နယ် တောင်ငူလမ်းနေသူများ ပြောပြချက်အရ ဦးအောင်သိန်းလင်းအတွက် မဲရရှိရေးကို ကြံ့ဖွံ့ပါတီမှ တောင်ဥက္ကလာမြို့နယ် စည်းရုံးရေး တာဝန်ခံများက ဆောင်ရွက်ပေးရကြောင်း၊ ပါတီဝင်အရေအတွက်အတိုင်း မဲရရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
တောင်ငူလမ်းတွင်နေထိုင်သူတဦးက “ကျနော်တို့ကို ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူးတယောက်က လာပြောတယ်။ ဘာလိုလဲ ပြောပါတဲ့။ လမ်း မကောင်းရင် လမ်း၊ ရေမရရင် ရေ ကိစ္စပေါ့ဗျာ။ အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်တဲ့။ ကျနော်တို့က ဒါ လာဘ်ထိုးပြီး မဲဆွယ်တာလို့ သိကိုသိတယ်။ ကျနော်တို့ နလပိန်းမဟုတ်ဘူး၊ ဘာမှမလိုဘူး၊ ဘာမှလည်း လုပ်ပေးစရာမလိုဘူး၊ အားလုံး အဆင်ပြေတယ်လို့ ပြောလိုက်တယ်” ဟု ရှင်းပြသည်။
No comments:
Post a Comment