NEJ / ၁၃ အောက်တိုဘာ ၂၀၁၀
နိုင်ငံရေးပါတီများကို ရန်ကုန်မြို့အပါအဝင် နယ်မြို့များ၏ လမ်းဆုံလမ်းခွတို့တွင် ကြော်ငြာဘုတ် ထောင်ခွင့်ပြုထားသော်လည်း လျှောက်ထားသူ မရှိသေးခြင်းကြောင့် အခက်ကြုံနေရကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အရာရှိတဦးက ပြောသည်။
၎င်းက “အထက်က ကျနော်တို့ကို ညွှန်ကြားထားတယ်။ ရွေးကောက်ပွဲ ရက်မတိုင်ခင် လမ်းဆုံ လမ်းခွတွေမှာ ကိုယ်စားလှယ်လောင်း ပုံတွေထောင်ထားပြီး နိုင်ငံတကာ ပုံစံဖြစ်ချင်တယ်တဲ့။ ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ရွေးကောက်ပွဲကာလ နေရာတချို့ကို အာဆီယံ သံတမန်တွေ၊ တခြား နိုင်ငံခြားသားတွေကို အစိုးရက လိုက်လံပြသချင်တယ်။ ဒါကြောင့် ရန်ကုန် မန္တလေးကို ရွေးကောက်ပွဲ လုပ်နေတဲ့ မြို့တော်ဖြစ်အောင်၊ တရားမျှတမှု ရှိပါတယ်၊ စည်စည်ကားကား ရှိပါတယ် ဆိုတဲ့ ပုံစံဖြစ်အောင် ကြော်ငြာဘုတ်တွေ ထောင်ဖို့စီစဉ်ပါဆိုပြီး ခိုင်းတာ” ဟု ပြောသည်။
ထိုအစီအစဉ်အတွက် ကြော်ငြာဘုတ်များကို ချုပ်ကိုင်ထားသော မြို့တော်ဝန် ဦးအောင်သိန်းလင်း ကိုယ်တိုင်က ကြံ့ခိုင်ရေး အမတ်လောင်းဖြစ်နေသည့်အတွက် ကြံ့ခိုင်ရေးက အဆင်သင့်ဖြစ်နေသော်လည်း ကြော်ငြာဘုတ်ထောင်ရန် ဈေးနှုန်းကြီးနေသည့်အတွက် မည်သည့်နိုင်ငံရေးပါတီမှ လျှောက်ထားခြင်း မရှိသေးကြောင်း အဆိုပါအရာရှိက ပြောသည်။
နိုင်ငံရေးပါတီများသည် လက်ရှိအချိန်မှစပြီး နိုဝင်ဘာ (၇) ရက်အထိ ကြော်ငြာဘုတ်များ ထောင်ခွင့်ရှိကြောင်း၊ သတ်မှတ်စည်းကမ်းများနှင့်အညီသာ ဖြစ်ကြောင်း၊ ပုံမှန်အားဖြင့် စတုရန်း (၁) ပေလျှင် ကျပ် (၁,၂ဝဝ) ဖြစ်ကြောင်း၊ အကယ်၍ ကြော်ငြာဘုတ် ထောင်လိုသူများသည် ငွေကြေးမတတ်နိုင်ပါက ဌာနတွင် လာရောက်ညှိနှိုင်းဆောင်ရွက်ရန် မြို့တော်ဝန်က မှာကြားထားကြောင်း စည်ပင်သာယာရေးကော်မတီ ကြော်ငြာဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
ကြော်ငြာဘုတ်ထောင်မည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံရေးပါတီအများစုက ငွေကြေးမတတ်နိုင်သည့်အတွက် မစိုက်ထူနိုင်ကြောင်း၊ အန်ဒီအက်ဖ်ပါတီကမူ အလှူငွေ ပေးမည့်သူရှိပါက ကြော်ငြာဘုတ်ထောင်မည်ဖြစ်ကြောင်း ပြောဆိုသည်။
အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ၏ နိုင်ငံရေးဦးဆောင် ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက “အခုထိတော့ ပါတီတွေက ဘာမှပြောသံမကြားသေးဘူး။ ပိုက်ဆံလည်းမရှိတော့ ကြော်ငြာဘုတ်တွေ ထောင်နိုင်မယ်မထင်ပါဘူး။ ဘုတ်တခုထောင်ရင် (၃) သိန်းလောက်ကျမယ်ဆိုတော့ သိပ်တော့လည်းမလွယ်လှဘူး။ အန်ဒီအက်ဖ်ပါတီ ဌာနချုပ်အနေနဲ့ ထောင်ဖို့တော့ အခုထိ မရှိသေးပါဘူး။ ကိုယ်စားလှယ်တွေထဲကလည်း အဲလောက်ချမ်းသာသူ မပါတော့ကာ လုပ်မယ်တော့ မထင်ဘူး။ အခုထိ သိရသလောက်တော့ ရန်ကုန်တိုင်းမှာ ကြော်ငြာဘုတ်ထောင်မယ့်သူ မရှိသေးဘူး” ဟု ပြောသည်။
စည်းရုံးရေးဆင်းရာတွင်ပင် ခရီးစရိတ်မရှိသဖြင့် ခြစ်ခြစ်ခြုတ်ခြုတ်လုပ်နေရသည့် သူများအနေဖြင့် ကြော်ငြာဘုတ်ထောင်ရန် မလွယ်ကူကြောင်း ၎င်းက ပြောသည်။
ကြံ့ဖွံ့ပါတီ၏ လွှတ်တော်အမတ်လောင်း မိတ်ဆက်ကြော်ငြာဆိုင်းဘုတ်များကိုမူ ရန်ကုန်စည်ပင်က ယခုလ ဒုတိယပတ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အားလုံးရှိ လမ်းထိပ်တိုင်း၊ မီးပွိုင့်တိုင်းတွင် စတင်စိုက်ထူခဲ့ကြောင်း မြို့ခံတို့က ပြောသည်။
ရန်ကုန်၊ စမ်းချောင်းမြို့နယ် ဗားကရာလမ်းတွင် နေထိုင်သူတဦးက “ဗားကရာလမ်းမှာ အရင်က ကြံ့ဖွံ့အသင်းရုံးနေရာကို ပါတီရုံးလုပ်လိုက်တယ်။ အခု ပါတီရုံးဆိုင်းဘုတ်အပေါ်မှာ စမ်းချောင်းမြို့နယ်က ၀င်ရောက်ယှဉ်ပြိုင်မယ့် အမတ်လောင်းတွေကို ကြော်ငြာထားတယ်။ ပုံတွေမှိန်နေတယ်လေ။ ဘယ်သူတွေလည်းဆိုတာ လှမ်းကြည့်လို့လည်း မမြင်နိုင်တော့ မသိဘူးဗျာ” ဟု ပြောသည်။
အဆိုပါ ဆိုင်းဘုတ်များအတွက် ငွေကြေးကုန်ကျမှုကို ရန်ကုန်မြို့တော်စည်ပင်မှ အကုန်ကျခံကြောင်း စည်ပင်မှ အရာထမ်းတဦးက ပြောသည်။
“ကျနော်တို့မြို့တော်ဝန်က စည်ပင်လား၊ ကြံ့ဖွံ့လားတော့ မသိတော့ဘူးဗျာ။ သူခိုင်းတာ ကျနော်တို့လုပ်ရတာပါ။ ကျနော်တို့ကို ဆိုင်းဘုတ်တွေ မြို့နယ်အလိုက်ထောင်ခိုင်းတယ်။ ဆိုင်းဘုတ်တခု ဘယ်လောက်တန်လဲ ကျနော်မသိဘူး။ ကျနော်တို့က ခိုင်းတာလုပ်ရတာ” ဟု ၎င်းက ပြောသည်။
ထိုသို့ ကြော်ငြာဘုတ်များ ထောင်သည့်ကိစ္စ လုပ်ဆောင်လာခြင်းသည် လွတ်လပ်တရားမျှတပြီး စည်ကားသည့် ရွေးကောက်ပွဲဖြစ်သယောင် နိုင်ငံတကာအမြင်ကောင်းစေရန် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်သူတဦးက ပြောဆိုသည်။
၎င်းက “ဒါကြောင့် စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တချို့ဟာ တဖက်လှည့်နဲ့ ငွေမတတ်နိုင်တဲ့ ပါတီတွေကို ငွေကြေးလှူဒါန်းပြီး ရန်ကုန်-မန္တလေး မြို့တွေမှာ ကြံ့ဖွံ့ အမတ်လောင်းတွေနဲ့အပြိုင် ကြော်ငြာမယ့် အတိုက်အခံ အမတ်လောင်းတွေရဲ့ ကြော်ငြာဘုတ်တွေ ပေါ်ပေါက်လာအောင် ဆောင်ရွက်လာနိုင်တယ်” ဟု ပြောဆိုသည်။
No comments:
Post a Comment