KNG
မြန်မာစစ်အစိုးရ၏ကြံ့ဖွံ့ပါတီသည် ကချင်ခရစ်ယာန်အသင်းတော်များအား ငွေကြေးအလှူငွေများပေးကာ ၎င်း၏ လာမည့် နိုဝင်ဘာ ၇ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေကြောင်း သိရသည်။
အောက်တိုဘာ ၁၁ တွင် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား တောင်ဘက် ၁၈ မိုင် ဂတ်ချန်ယန် ကျေးရွာ ရိုမင်ကတ်သလစ်ဘုရားကျောင်းသို့ အလှူငွေ ကျပ်သိန်း ၃၀ (ဒေါ်လာ ၃၁၀၉) အား ကြံ့ဖွံ့အမတ်လောင်း ဦးသိန်းဇော် လှူးဒါန်းခဲ့သည်။
ဗိုလ်မှုးချုပ်ဟောင်း ဦးသိန်းဇော် သည် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဖြစ်ပြီး ကြံ့ဖွံ့၏ မြစ်ကြီးနား ပြည်သူ့လွှတ်ကိုယ်စားလှယ်လောင်းလည်း ဖြစ်သည်။
“ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုပဲ မဲပေးကြပါ” ဟု ၀န်ကြီး၏ အပိတ်မိန့်ခွန်းမှာ ထည့်သွင်းပြောကြား သွားကြောင်း ဘုရားကျောင်းနှင့်နီးစပ်သူများပြောသည်။
မြစ်ကြီးနားမှ ကတ်သလစ်ဘုန်းတော်ကြီး ဖာသာဂရယ်ဂိုရီက “ဘယ်ပါတီကိုမဲပေးရမှန်း အသင်းသားတွေ မသိဘူး။ အသင်းတော်များ လည်း ၎င်းတို့ မဲပေးစေလိုသော ပါတီ မရှိတော့ဘူး” ဟု ထိုင်းအခြေစိုက် ကချင်သတင်းဌာန သို့ပြောသည်။
အစောပိုင်းက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒု-ဥက္ကဌ-၂ ဟောင်း ဒေါက်တာတူးဂျာ ဦးဆောင်သည့် ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) မှာ ကချင်ပြည်သူများကြား ရေပန်းစားခဲ့သော်လည်း မြန်မာ စစ်အစိုးရ ချုပ်ကိုင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီတည်ထောင်ခွင့် ပိတ်ပင်ခဲ့သည်။
စစ်အစိုးရဖိအားပေးမှုကြောင့် စက်တင်ဘာ ၂၅ မှာ KSPP ကို ၎င်းတို့ကိုယ်တိုင်ဖျက်သိမ်းခဲ့သည်။ KIO လက်နက်ချရန် ငြင်းဆန်ခဲ့မှုကြောင့် KSPP ပါတီ အား စစ်အစိုးရမှ ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။
ကချင်ပြည်နယ်တွင် စစ်အစိုးရနှင့်ဆက်နွှယ်နေသည့် ကြံ့ဖွံ့ (Union Solidarity and Development Party, USDP)၊ တစည (National Unity Party, NUP)၊ စဒက (Unity and Democracy Party of Kachin State, UDPKS) အပြင် သီးခြားရပ်တည်သည့် အမျိုးသားဒီမိုကရေစီအင်အားစု (National Democratic Front, NDF) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် (Shan Nationals Democratic Party, SNDP) ကျားဖြူပါတီတို့ ရွေးကောက်ပွဲဝင်ရန်ရှိသည်။
စစ်အစိုးနှင့်ဆက်နွယ်ခြင်းမရှိသည့် မည်သည့်ကချင်ပါတီ နှင့် တသီးပုဂ္ဂလကိုယ်စားလှယ်ကိုမျှ ရွေးကောက်ပွဲဝင်ရန် ခွင့်ပြုခဲ့ခြင်းမရှိပါ။
စစ်အစိုးရသည် ကချင်ခရစ်ယာန်အသင်းတော်များကို အလှူငွေ၊ အစားအသောက်၊ ကြိုးဖုန်း၊ လက်ကိုင်ဖုန်း နှင့် အင်တာနက်တပ်ဆင်ပေးခြင်းဖြင့် ၎င်းတို့ထံမှထောက်ခံမဲရအောင်စည်းရုံးမှုများကို ၂၀၀၈ ခုနှစ် ပြည်သူ့ ဆန္ဒခံယူပွဲ မကျင်းပခင် ကတည်းက ပြုလုပ်ခဲ့သည်။
၁၉၄၈ ပြည်ထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်ရေးရပြီးကတည်းက လူများစု ဗမာများဦးဆောင်သော အစိုးရအဆက်ဆက်သည် ၎င်း၏ တိုင်းရင်းသားမျိုးနွှယ်စုများ နှင့် ခရစ်ယာန်များကို ဒုတိယတန်စား နိုင်ငံသားအဖြစ်သာ ဖိနှိပ်ဆက်ဆံပါသည်။
No comments:
Post a Comment