Wednesday, October 13, 2010

မူးယစ်ဆေးသမားများ ကေအိုင်အိုဋ္ဌာနချုပ် လိုင်ဇာကို စွန့်ခွာ

သျှမ်းသံတော်ဆင့်

မူးယစ်ဆေးဝါးနှင့်ဆက်နွယ်သူများအား ယခုလ ၁၅ ရက်မှစ၍ ပြင်းထန်စွာ အရေးယူမည်ဟု ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ KIO က သတိပေးပြီးနောက် မူးယစ်ဆေးနှင့်ဆက်နွယ်သူတချို့ ကေအိုင်အို ထိန်းချုပ်ရာ လိုင်ဇာမြို့မှ ရှောင်တိမ်း သွားကြကြောင်း သိရသည်။

ယခုလ ၅ ရက်က သတိပေးချက် ထုတ်ပြန်ရာတွင် ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးထုတ်လုပ် ရောင်းချ သုံးစွဲမှုများ ရပ်ဆိုင်းရန်နှင့် မရပ်ပါက ၁၅ ရက်မှစ၍ ပြင်းထန်စွာအရေးယူမည်ဟု ဆိုသည်။

မူးယစ်နှင့်ဆက်နွယ်သူ အရပ်သားများသည် ကေအိုင်အို၏ နောက်ဆုံးသတ်မှတ်ရက် မတိုင်မီ ရက်အနည်းငယ်အလိုတွင် နေအိမ်နှင့်အလုပ်များ စွန့်၍ ထွက်ခွာခြင်းဖြစ်ကြောင်း လိုင်ဇာဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကေအိုင်အိုမှာနာမယ် စာရင်းတွေရှိထားတာဆိုတော့ ကြောက်ကြတာပေါ့ ၁၅ ရက်နောက်ပိုင်းအဟုတ်လုပ်တော့မယ် ဆိုတာ သိတော့ ဆင်းပြေးကုန်တာ အသက်တော့ အသေမခံတော့ဘူးပေါ့ ဒီမှာတော့သိပ်မတွေ့တော့ဘူး တချို့လည်း သူတို့ နေတဲ့အခန်းတွေကို ပိတ်သွားကြတယ်” ဟု သူက ဆိုသည်။

ကေအိုင်အို တပ်ဖွဲ့အတွင်း၌လည်း မူးယစ်ဆေးဝါး သုံးစွဲမှု ကျယ်ပြန့်စွာဖြစ်ပေါ်နေရာ ဆေးစွဲတပ်ဖွဲ့ဝင်များအနေဖြင့် ဆေး ဖြတ်ရုံမှ တစ်ပါး အခြားလမ်းရွေးစရာမရှိကြောင်း သိရသည်။

“ကေအိုင်အိုကတော့ တရုတ်လုပ်နည်းအတိုင်းလုပ်မဲ့သဘောပေါ့ သုံးစွဲမှုကတော့ တော်တော်များများရှိတယ် ကေအိုင်အေ တပ်မှာတာဝန်ထမ်းဆောင်နေတဲ့ သူတွေကတော့ ပြေးလို့လည်းမဖြစ်တော့ ဒီကြားထဲမှာ မဖြစ်မနေဖြတ်ရမှာပေါ့” ဟု သူက ဆိုသည်။

လွန်ခဲ့သည့်လကုန်ပိုင်းက ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာသားများခေါ်၍ မူးယစ်ဆေးဝါးနှိမ်နင်းရေး နှင့် ပတ်သက်သည့် လူထုအစည်းအဝေး တစ်ရပ် လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလူထုအစည်းအဝေးတွင် ကေအိုင်အိုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်က မူးယစ်ဆေးဝါးနှိမ်နင်းရသည့် ရည်ရွယ်ချက် ရှင်းလင်းပြောကြားရာတွင် လိုအပ်ပါက စပေါ့အရေးအခင်းကဲ့သို့ ပြင်းထန်စွာအရေးယူမည်ဟု ပြောကြားခဲ့ကြောင်း သိရ သည်။

စပေါ့အရေးအခင်းဆိုသည်မှာ ၁၉၉၀ ဖားကန့်ဒေသ ဥရုချောင်းနံဘေးတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူဟု စွပ်စွဲခံရ သူ ၂၀၀ ကျော်ခန့်ကို အစုလိုက်အပြုံလိုက် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းကို ဆိုလိုခြင်းဖြစ်သည်။

“အရင် ၁၉၉၀ တုန်း ဖားကန့် စပေါ့အရေးအခင်းကို သူ့အနေနဲ့စံနမူနာနဲ့ပြောသွားတယ် အဲဒါက သေဒဏ် သဘော သက်ရောက်ပါတယ် ကျနော့်တစ်ဦးတည်း အမြင်အရတော့ ဒီကိစ္စဆိုတာ ကေအိုင်အိုတစ်ဖွဲ့တည်း ဖြေရှင်း လို့မရဘူးဗျ။ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေအားလုံး ပြည်သူတွေအားလုံး ပူးပေါင်းပါဝင် ဖြေရှင်းမှရနိုင်မှာပါ” ဟု ဒေသခံ နောက်တစ်ဦးက ဆိုသည်။

ယခုအခါ ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများ ပိုမို ကျယ်ပြန့်လာကြောင်း လေ့လာသူများ က ဆိုသည်။

No comments: