Friday, October 1, 2010

ဒေသခံများ ကြံ့ဖွတ်ပါတီကိုသာ မဲပေးရန် ဦးမထုနော်ပြည်သူ့စစ်အဖွဲ့မှ ခြိမ်းခြောက်နေ

KNG

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ် မန်လျင်ကျေးရွာအုပ်စုရှိ ဦးမထုနော်ပြည်သူ့စစ်(ယခင် KDA ခေါ် ကချင်ကာကွယ်ရေးတပ်မတော်) ဒေသတွင် ကြံ့ဖွတ်ပါတီကို မဲ မထည့်ပါက ရပ်ရွာမှမောင်းထုတ်မည်ဟု ၎င်းတို့မှ ဒေသခံများကို ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သိရသည်

“နင်တို့မကြိုက်ဘူးဆိုတာ မပြောရဘူး၊ ကြိုက်တယ်ဆိုတာပဲ ပြောရမယ်၊ ငါအုပ်ချုပ်တဲ့နေရာမှာ ကန့်ကွက်မဲထည့်ရင် သေမယ်” ဟု ကြံ့ဖွတ်ပါတီအတွက် မဲထည့်ရန် Kachin Defense Army (KDA) အဖွဲ့ဝင်မှ ခေါင်းဆောင်တစ်ဦးပြောသည်။

ယင်းတို့ ကချင်တိုင်းရင်းသားအချင်းချင်း ခြိမ်းခြောက်ပြောဆိုနေခြင်းကို ဒေသခံများအနေဖြင့် မ ငြင်းဆန်နိုင်ဘဲ စည်းကြပ်ခံနေရသည်။ ပြီးခဲ့သည့် သြဂုတ်လလယ်မှစပြီး အခုလို ခြောက်လှန့် ပြောဆိုနေခြင်းဖြစ်ကြောင်း ဒေသခံမှပြောသည်။

တစ်အိမ်တစ်ယောက်နှုန်းဖြင့် ရွာသားများအား စည်းဝေးခေါ်ယူကာ အကယ်၍ USDP ကြံ့ဖွတ်ပါတီကို မဲမပေးရင် ရပ်ရွာမှ မောင်းထုတ်လိုက်မည်ဟု ၎င်းပြည်သူ့စစ်မှ ပြောဆိုခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ဧပြီ ၂၈ရက်နေ့မှစကာ KDA အား စစ်တပ်မတော်လက်အောက်ခံ ပြည်သူ့စစ်အဖြစ်သို့ ပြောင်းလည်းဖွဲ့စည်းလိုက်သည်။ KDA တပ်ဖွဲ့ဝင်အင်အား ၈၀၀ ကျော်အနက်မှ ၄၀၀ကျော်ဖြင့်သာ ကောင်းခါးပြည်သူ့စစ် ၁၊ ၂၊ ၃၊ ၄၊ ၅ ဟူ၍ ၅ ခု ဖွဲ့စည်းခဲ့သည်။

၂၀၀၈ခုနှစ် လူထုဆန္ဒခံယူပွဲတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံရန် KDAအဖွဲ့သည် ဒေသခံများကို အတင်းဖိအားပေးခဲ့ကြောင်း သိရသည်။

လာမည့်စက်တင်ဘာ (၂၈) ရက်နေ့တွင် သိန္နီမြို့နယ် လ၀က (လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဌာန) မှ မြို့နယ်တွင်းရှိ နမ့်ဇလတ်နှင့် မန်လျင် ကျေးရွာအုပ်စုမှ ဒေသခံများအတွက် နိုင်ငံသားစီစစ်ရေးကဒ် (မှတ်ပုံတင်) ကို အခမဲ့ ပြုလုပ်ပေးမည်ဟု သိရသည်။ ကြံ့ဖွတ်ပါကိုမဲထည့်ရန် လူထုစည်းရုံးသည့်အနေဖြင့် ယင်းမှတ်ပုံတင်များ အခမဲ့ လုပ်ပေးနေခြင်းဖြစ်သည်ဟု ဒေသခံများပြောသည်။

ယခုအခါ ရွေးချယ်ခွင့်မရှိတော့ဘဲ မလွဲမရှောင်သာ ကြံ့ဖွတ်ပါတီအား မဲထည့်ကြရတော့မည်ဟု ဒေသခံတိုင်းရင်းသားများမှပြောသည်။

No comments: