မောင်အေး
ရ ခိုင်ပြည်နယ် စစ်တွေမြို့တွင် မဲဆွယ် စည်းရုံးရေး လုပ်ရန် လာသည့် ကြံ့ဖွံ့ပါတီ ခေါင်းဆောင်များကို ဘုန်းတော်ကြီးကျောင်း တချို့မှ လက်မခံဘဲ မောင်းထုတ်မူများ ရှိနေကြောင်း သတင်း ရရှိသည်။
အမည်မဖေါ်လိုသူ ရဟန်းတော် တစ်ပါးက “ ဒီလ ၂ ရက်နေ့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက အမတ်လောင်းတွေ ဖြစ်ကြတဲ့ ဒေါက်တာ ချမ်းသာတို့၊ ဒေါက်တာ စမ်းရွှေတို့က စစ်တွေ မကျည်းမြိုင် ဘုန်းတော်ကြီးကျောင်းမှာ မဲဆွယ်စည်းရုံးရေး လာလုပ်တယ်လေ။ ဒါကို ဆရာတော်က လက်မခံဘဲ လိုက်ထုတ်တဲ့ အတွက် စည်းဝေးပွဲက ပျက်သွားခဲ့တယ်လေ တကာကြီး” ဟု ပြောသည်။
မကျည်းမြိုင်ကျောင်းဆရာတော်မှာ ဘဒ္တန္တ ဥာဏ၀ံသ ဖြစ်ပြီး သက်တော် ၆၀ ကျော်ကာ မဟုတ်မခံ တတ်သော ဆရာတော် တစ်ပါး ဖြစ်သည်။
တခြားကျောင်းထိုင်ဆရာတော် တစ်ပါးကလည်း “ အခု စစ်တွေ ရွေးကောက်ပွဲ ကော်မရှင်က ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဆိုရင် ခွင့်ပြုချက်တောင်းစရာမလိုဘဲ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဓမ္မာရုံ တွေမှာ မဲဆွယ် စည်းရုံးရေး လုပ်ခွင့်ပြုတယ်။ တခြားပါတီတွေကျတော့ ခွင့်မပြုဘူးဆိုတဲ့ သတင်းတွေ ထွက်နေတဲ့ အတွက် တချို့ ဆရာတော်ကြီးတွေက ဒါကို သိပ်မကျေမနပ် ဖြစ်နေကြတယ်။ ခုလို မကျေနပ်ရာကနေ ဆရာတော်ကြီးက ကြံ့ဖွံ့ပါတီ အမတ်လောင်းတွေနဲ့ ခေါင်းဆောင်တွေက သူ့ကျောင်းမှာ မဲဆွယ် စည်းရုံးရေး လာလုပ်တော့ အတင်းမောင်းထုတ်တာ ဖြစ်ပါတယ်” ဟု ပြောသည်။
ထိုသို့ မောင်းထုတ်ခံရသဖြင့် ကြံ့ဖွံ့ကိုယ်စားလှယ်များမှာ တခြား မဲဆွယ် စည်းရုံးရေး လုပ်ရန် နေရာ မရသဖြင့် အဆိုပါနေ့က မဲဆွယ် စည်းရုံးရေး အစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်ဟု သိရသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးကလည်း “ ကျွန်တော်တို့ ပါတီက အဲဒီနေ့မှာ ရူပတောင် တရုတ်ဘုံကျောင်းမှာ စည်းရုံးရေး လုပ်တဲ့နေ့ ဖြစ်ပါတယ်။ ညနေ ၇ နာရီမှာ သတင်းရတာက မကျည်းမြိုင် ဆရာတော်ကြီး မောင်းထုတ်တဲ့ အတွက် ပြည်ခိုင်ဖြိုး ပါတီ မဲဆွယ်စည်းရုံးရေး အစီအစဉ် ပျက်သွားတယ်ဆိုပီး သတင်းရပါတယ်။ နေရာ လိုက်ရှာပေမယ့် မိုးချုပ်နေတော့ လုပ်မယ့် နေရာ မရ ဖြစ်သွားတယ်လို့ ကြားသိရပါတယ်” ဟု ပြောသည်။
ကြံ့ဖွံ့ပါတီကို စည်းရုံးရေး လုပ်ခွင့် မပြုသည်မှာ မကျည်းမြိုင် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတည်း မဟုတ်ဘဲ တခြားကျောင်းများလည်း ရှိကြောင်း အဆိုပါ ကျောင်းထိုင် ဆရာတော်က ပြောသည်။
“မကျဉ်းမြိုင်ကျောင်း တကျောင်းတည်းက နှင်ထုတ်လိုက်တာ မဟုတ်ပါဘူး။ တခြား လရောင်ဝင်း ကျောင်းနဲ့ ဆင်ထိန်းကျောင်း အပါအ၀င် တခြားကျောင်းတွေကလည်း ကြံ့ဖွံ့ စည်းရုံးရေး လုပ်မှာကို လက်မခံကြဘူးလို့ သိရပါတယ်။”
ရွေးကောက်ပွဲ ဥပဒေတွင် ဘာသာရေးနှင့် သက်ဆိုင်သော အဆောက်အဦးများတွင် မဲဆွယ် စည်းရုံး ဟောပြောမှု မလုပ်ရဟု ပါရှိသဖြင့် ဆရာတော်ကြီးများ အဆိုပါ အချက်ကို ကိုင်စွဲပြီး ကြံ့ဖွံ့ ပါတီ ခေါင်းဆောင်များကို မောင်းထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment