ခိုင်လင်း / ၀၇ အောက်တိုဘာ ၂၀၁၀
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် တာဝန်ကျနေသည့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးရုံး တာဝန်ကျ ဝန်ထမ်းမိသားစုများအား ၎င်းတို့နေထိုင်ရာ ဝန်ထမ်းအိမ်ရာများမှ အောက်တိုဘာ လကုန်ရက် နောက်ဆုံးထား၍ ရွှေ့ပြောင်းကြရန် အမိန့်ထုတ်ထားသည်။
မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ ၀န်ထမ်းအိမ်ရာများတွင် နေထိုင်ကြသည့် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးများမှ ဝန်ထမ်းမိသားစု (၁၆) စုအား ရွှေ့ပြောင်းခိုင်းထားသည်ဟု ပြောင်းရွှေ့ရမည့် ဝန်ထမ်းတဦးက ပြောသည်။
၎င်းက “သူတို့ပြောတာက ရွေးကောက်ပွဲပြီးရင် နောက်တက်လာမယ့် အစိုးရအဖွဲ့က သူ့အုပ်ချုပ်ရေးဝန်ထမ်းတွေ ထားမယ်၊ ဒါကြောင့် နေရာဖယ်ပေးရမယ်ပေါ့။ ဆိုတော့ ကျနော်တို့တွေ အလုပ်ပြုတ်ရင်လည်း ပြုတ်သွားမှာပေါ့။ ကျနော်တို့က ဒီနယ်သားမဟုတ်ဘူး။ အဲလိုပြောင်းခိုင်းတော့ ဘယ်မှာ နေရမှန်းမသိဖြစ်နေတယ်” ဟု ပြောသည်။
ဝန်ထမ်းအိမ်ရာတွင် နေထိုင်သူများသည် ရုံးစာရေး၊ လက်နှိပ်စက်စာရေး၊ ရုံးအကူ စသည့်အောက်ခြေ၀န်ထမ်းများ ဖြစ်ကြပြီး အချို့မှာ မြစ်ကြီးနားမြို့ခံများ မဟုတ်သည့်အတွက် အိမ်ခန်းငှားရမ်းနေထိုင်ရန် အဆင်မပြေကြကြောင်း သိရသည်။
အထွေထွေအုပ်ချုပ်ရေးရုံးများတွင် နှစ်ပေါင်းများစွာ လုပ်လာခဲ့ပြီး ဌာနက ချထားပေးသည့် လုံးချင်းအိမ်များ၌ အသားကျ နေထိုင်လာခဲ့ရာမှ ယခုကဲ့သို့ မောင်းထုတ်နေခြင်းမှာ တာဝန်ကျေပွန်စွာ ထမ်းဆောင်လာခဲ့ကြသည့် ဝန်ထမ်းများအပေါ် ထောက်ထားညှာတာမှု ကင်းမဲ့ရာကျကြောင်း အဆိုပါဝန်ထမ်းက ပြောသည်။
၎င်းက “ဒီမှာမနေနဲ့ ပြောင်းချင်ရာပြောင်း ဆိုတဲ့သဘောက ကျနော်တို့ ဝန်ထမ်းတွေအပေါ် လုံးဝ ငဲ့ညှာထောက်ထားမှု မရှိတာပေါ့ဗျာ။ ရတဲ့လစာငွေနဲ့ အိမ်ငှားရမယ်၊ ရုံးလာတက်ဖို့ အခက်ခဲတွေလည်း ဖြစ်မယ်။ အချို့က အလုပ်ကနေ ထွက်မယ် ဖြစ်လာတယ်။ ကျနော်တို့ ဒီအလုပ်မှာ ဆက်ရှိဖို့ဆိုတာ မသေချာတဲ့ ဘဝ ဖြစ်နေတယ်။ ပြည်နယ် ဝန်ကြီးချုပ်အတွက် မြစ်ကြီးနား၊ မြို့သစ်ကြီးရပ်ကွက်ဘက်မှာ အိမ်ဆောက်ထားပြီဆိုတော့ ရွေးကောက်ပွဲပြီးရင် ဝန်ထမ်းအသစ်တွေခန့်မယ်၊ လက်ရှိ ထွေ/အုပ် ဝန်ထမ်းတွေအားလုံး ဖြုတ်မယ်ဆိုပြီး အသံတွေ ထွက်နေတာလေ” ဟု ပြောသည်။
နိုဝင်ဘာ (၇) ရက်နေ့ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အဆိုပါ ပါတီနှင့် မဟာမိတ်ပြုထားသည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) တို့ကသာ အဓိကယှဉ်ပြိုင်ကြမည် ဖြစ်သည့်အတွက် ၀န်ထမ်းများအပါအ၀င် ပြည်သူတို့ စိတ်ဝင်စားမှု မရှိကြကြောင်း ဒေသခံများက ပြောသည်။
ထိုသို့စိတ်ဝင်စားမှု မရှိသည့်အခြေအနေတွင် ရွေးကောက်ပွဲကျင်းပမည့်ရက်မတိုင်မီ ယခုအချိန်မှစ၍ အထွေထွေအုပ်ချုပ်ရေးရုံး ၀န်ထမ်းတို့သည် နေအိမ်များမှ ဖယ်ရှားခံနေရပြီး အလုပ်ဆက်လက် ရရှိရေးအတွက် စိုးရိမ်ပူပန်နေကြရသည်။
No comments:
Post a Comment