Tuesday, October 12, 2010

၁၀ သုံးလုံးရက်တွင် ဆင်ဖြူတော်ကို နေပြည်တော်သို့ ယူဆောင်

စက်တင်္ဘာလ အတွင်းက နောက်ဆုံးဖမ်းမိသော ဆင်ဖြူကို ၂၀၁၀ ခုနှစ် ၁၀ လပိုင်း ၁၀ ရက်နေ့တွင် မောင်တောမြို့မှ ဘူးသီးတောင်သို့ တောလမ်းမှ တဆင့် တခြား ဆင်သုံးကောင်ကို ခြံရံပြီး ယူဆောင် သွားကြောင်း သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ နစက အရာရှိ တစ်ဦးက “ မဖြစ် ဖြစ်တဲ့နည်းနဲ့ ဆင်ဖြူတော်ကို ဒီလ ၁၈ ရက်နေ့ အရောက် နေပြည်တော်ကို ပို့ရမယ်လို့ ညွန်ကြားချက် ထပ်လာတဲ့ အတွက် တနင်္ဂနွေနေ့က ဘူးသီးတောင်ကို မောင်တောကနေပီး ယူဆောင်သွားပါတယ်။ လမ်းမကောင်းတဲ့ အတွက် တောလမ်းက တဆင့် အစောင့်အရှောက်တွေ အများကြီးနဲ့ ယူဆောင်သွားခဲ့ပါတယ်” ဟု ပြောသည်။

မူလက ဆင်ဖြူတော်ကို အောက်တိုဘာလ ၉ ရက်နေ့တွင် ယူဆောင်ရန် အစီအစဉ်ရှိခဲ့သော်လည်း မုန်တိုင်းထပြီး မိုးကြီးကာ လမ်းများကျိုးပျက်သွား၍ မယူဆောင်နိုင်သဖြင့် အောက်တိုဘာလ ၁၀ ရက်နေ့မှ ယူဆောင်သွားနိုင်ခြင်း ဖြစ်သည်။

ဆင်ဖြူတော် ဆိုသည်မှာ တိုင်းပြည်၏ ရတနာ ဖြစ်သဖြင့် ဆင်ဖြူတော်ကို စတင် ယူဆောင်သော ရက်မှာ ဆယ်သုံးလုံး ဘူးကြီး (၁၀ ရက် ၁၀ လ ၂၀၁၀) ဖြစ်နေသဖြင့် နအဖ စစ်အစိုးရ အတွက် အခြေအနေမကောင်းကြောင်းနှင့် လုပ်ငန်းများ ထိခိုက်နိုင်ကြောင်း ဗေဒင်လက္ခဏာနှင့် သမိုင်း သုတေသီ အရှင် အိန္ဒာစက္ကမှ ပြောသည်။

ဆင်ဖြူတော်ကို ဘူးသီးတောင်မှ တဆင့် စစ်တွေ၊ စစ်တွေမှ တဆင့် တောင်ကုတ်သို့ ရေတပ် သင်္ဘောများဖြင့် ယူဆောင်မည် ဖြစ်ပြီး တောင်ကုတ်မှ တဆင့် သစ်တောဌာနပိုင် လော်ရီ ကားကြီးများဖြင့် ရိုးတောင်ကို ဖြတ်ကာ နေပြည်တော်သို့ ယူဆောင်မည် ဖြစ်သည်။

ယခု ဖမ်းဆီးရမိသော ဆင်ဖြူ၏ မျက်လုံးအရောင်- ပုလဲ၊ နားပုံစံ- ကြေးစည်ပုံ၊ အရောင်က- ပန်းရောင်၊ အမြီးပုံစံ- ရိုးရိုး တံခါးဖွင့်ပုံ၊ မွှေးညှင်းအရောင်- အဖြူ ရှေ့ခြေသည်း- ၅ ခု၊ နောက်ခြေသည်း- ၄ခု၊ အသက်-၁၈ နှစ်၊ အမြင့်- ၇ပေ ၁ လက်မ၊ လုံးပတ်- ၁၀ပေ ၃ လက်မ၊ အမြီး- ၃ပေ ၇လက်မ၊ ကျောပုံ- ငှက်ပျောဖူးပုံ၊ အရေခွံ ပုံစံ- သြဇာသား ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆင်ဖြူကို စက်တင်္ဘာလ ၂၃ ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း ရန်အောင်ပြင် ကျေးရွာ အနီးမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ်မှ ၅ ကောင်မြောက် ဖမ်းဆီးရမိသော ဆင်ဖြူ ဖြစ်သည်။

No comments: